Thursday, September 27, 2012

ကချင်ပြည်နယ်အတွက် ဥပဒေကြမ်း(၄)ခုအား ပြည်နယ်ဥက္ကဋ္ဌအတည်ပြု


ကချင်ပြည်နယ်အတွက် ဥပဒေကြမ်း(၄)ခုအား ပြည်နယ်ဥက္ကဋ္ဌအတည်ပြု 
ဂျာတော့(ပ်) - ကချင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 19 Sep, 2012


 










ကချင်ပြည်နယ်မှ တင်သွင်းသည့် ပထမဦးဆုံး ဥပဒေကြမ်း(၄)ခုအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုလိုက်ပြီဖြစ်သည်။
စက်တင်ဘာလ(၁၈)ရက်နှင့်(၁၉)ရက်နေ့များတွင်  ကျင်းပသည့်ပြည်နယ်လွှတ်တော်အစည်းအဝေး တွင် ကျောက်သွေး/ကျောက်ဖြတ် ဥပဒေကြမ်း၊ ကျေးရွာထင်းစိုက်ခင်းရေး ဥပဒေကြမ်း၊ ပုဂ္ဂလိက မော်တော်ယာဉ် စနစ်တကျ ပြေးဆွဲရေး ဥပဒေကြမ်း၊ မီးဘေးအန္တရာယ် ကာကွယ်ရေးဥပဒေကြမ်း တို့ကို အတည်ပြုကာ ဥပေဒေများအား မကြာမီပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်
“အခုလွှတ်တော်က လက်ခံပြီးပြီ။ ဆွေးနွေးမယ်။ ပြင်ဆင်တာတွေကိုတော့ ဥပဒေပြုရေးကော်မတီက ပြင်ဆင်မယ်။ စတုတ္ထပုံမှန်အစည်းအဝေးမှာပဲ အတည်ပြုဖို့များပါတယ်။”ဟု  ဥပဒေပြုရေးကော်မတီ အတွင်းရေးမှူး ဦးချန်နန်ခင်က ပြောသည်။
ကချင်ပြည်နယ်၏ မော်တော်ယာဉ်လိုင်းပြေးဆွဲမှုတွင် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ တည်ထောင်ရန်၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးများနည်းတူ  စနစ်တကျပြေးဆွဲနိုင်ရန်နှင့် ကျောက်စိမ်း ဥပဒေကြမ်းတွင်လည်းကချင်ပြည်နယ် တွင်း   ကျောက်ဈေးကွက်ဖြစ်လာရန်အတွက် ရည်ရွယ်ခြင်းကြောင်းကိုလည်း သိရှိရသည်။
ထို့အတူ ထင်းစိုက်ခင်းဥပဒေတွင်လည်း ယခင်ဥပဒေအရ ထင်းစိုက်ခင်းတစ်ခု တည်ထောင်ရန် ဌာနဆိုင်ရာ ရုံးချုပ်၊ ညွှန်ကြားရေးမှူးအထိ တင်ပြရသည့်အတွက် ယခုတွင် သက်ဆိုင်ရာမြို့နယ် ကော်မတီထားပြီး ပြည်နယ်သစ်တောဦးစီးမှူးတွင်သာ သွားရောက်တင်ပြ ခွင့်ပြုချက် ယူနိုင်ရန် ကိစ္စများအား ပိုမိုလွယ်ကူစွာဆောင်ရွက်သွားမည်ဖြစ်သည်။
ပုဂ္ဂလိက မော်တော်ယာဉ်ကို လွတ်လွတ်လပ်လပ် ပြည်နယ်တွင်း ယှဉ်ပြိုင်ပြေးဆွဲနိုင်အောင်ပါ။ ခက်တာက ဥပဒေ မရှိဘူး၊ ရန်ပုံငွေလည်း မရှိဘူး။ သဘာဝသစ်တော တအားပျက်စီးမှုတွေလည်း များနေတယ်။ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ ကိုယ်ပိုင်တဲ့ ထင်းစိုက်ခင်းကို ဥပဒေအလိုက် ထိန်းသိမ်းပြီးတော့မှ ထင်းလောင်စာဆီကအစ အသုံးပြုလို့ရအောင် လုပ်မယ်”ဟု  ဦးချန်နန်ခင်က ဆိုသည်
 ဒဏ်ငွေများအနေဖြင့် ကျပ်(၁)သောင်း အထက်သတ်မှတ်ထားပြီး စည်းကမ်းဖောက်ဖျက်မှုမရှိပါက ယာဉ်ပြေးဆွဲမှုရပ်စဲခံရမည်ဖြစ်ကြောင်း၊ တားမြစ်ထားသည့်ဥပဒေများအား ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အများပိုင်စိုက်ခင်းများတွင် ကျူးကျော်နေထိုင်ပါက ထောင်ဒဏ် (၃)လမှ (၆)လ ကြား ကျခံ ရမည် ဖြစ်ပြီး ကျောက်သွေးကျောက်ဖြတ် ဥပဒေကြမ်းတွင်မူ ထောင်ဒဏ် အများဆုံး(၆)လမှ(၁)နှစ်အထိ ပါရှိသည်။
“ကိုယ့်ပြည်နယ်နဲ့ ကိုက်အောင်ပေါ့။ ထောင်ဒဏ်က ချမှတ်နိုင်တယ်။ ချမှတ်ရမယ် မဟုတ်ပါဘူး။” ဟု ဦးချန်နန်ခင်က ဆက်လက်ပြောကြားသည်။
ပြည်နယ်အနေဖြင့် ဆက်လက်၍ ဓါတ်သတ္တုကဏ္ဍ၊ ပြည်နယ်ဝန်ဆောင်မှုကဏ္ဍ၊ အစရှိသည့်  ဥပဒေ ကြမ်းများကိုလည်း ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။