အငြင်းပွားကျွန်းစုနှင့် ပတ်သက်ပြီး ဂျပန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ |
Thursday, 27 September 2012 01:04 |
အငြင်းပွားကျွန်းစုနှင့် ပတ်သက်ပြီး ဂျပန်နှင့်
တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည် ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၅
ရက်နေ့ ဆွေးနွေးခဲ့သော်လည်း ပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း
သံတမန်များက ပြောကြားခဲ့သည်။ ဂျပန်သည် တရုတ်နိုင်ငံ၏ ပိုင်နက်စည်းမျဉ်းကို အလွန်အကျွံ ချိုးဖောက်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျယ်ချီက ဆွေးနွေးပွဲပြုလုပ်နေစဉ်တွင် စွပ်စွဲပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။ တစ်နာရီခန့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အကြိတ်အနယ်ပြောဆို ဆွေးနွေးမှုများရှိခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘက ပြောခဲ့ကြောင်း အမည်မဖော်သည့် သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ အရှေ့တရုတ်ပင်လယ်ရှိ (ဂျပန်အခေါ် ဆင်ကာကူနှင့် တရုတ်အခေါ် ဒိုင်အိုယု)ကျွန်းစုများကို ပုဂ္ဂလိကပိုင်ရှင်တစ်ဦးထံမှ ၀ယ်ယူမည့် ဂျပန်အစိုးရ၏ လှုပ်ရှားမှုကြောင့် တရုတ်နိုင်ငံသည် အမျက်ဒေါသဖြစ်ခဲ့ရသည်။ အငြင်းပွားကျွန်းစုကို ဂျပန်အစိုးရက ယခုလအစောပိုင်းတွင် ၀ယ်ယူခဲ့ပြီးနောက် တရုတ်၊ ဂျပန်နှစ်နိုင်ငံအကြား ၀န်ကြီးများအဆင့် ဆွေးနွေးမှုကို ပထမဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အရှေ့တရုတ်ပင်လယ်ရှိ လူမနေသည့် ကျွန်းစုများကို တိုကျိုအုပ်ချုပ်ရေးအဖွဲ့က ၀ယ်ယူခြင်းသည် တရုတ်နိုင်ငံ၏ ခိုင်မာသည့် သဘောထားနှင့် ရပ်တည်ချက်ကို အလေးမထားမှုဖြစ်သည်ဟု ယန်က ပြောကြားခဲ့သည်။ ဂျပန်နှင့် တရုတ်နိုင်ငံတို့ ကျွန်းစုပိုင်ဆိုင်မှုအတွက် ဆယ်စုနှစ်များစွာ အငြင်းပွားမှုများသည် ပြီးခဲ့သည့် သီတင်းပတ်များတွင် ပိုမိုပြင်းထန်ခဲ့ပြီး တရုတ်နိုင်ငံရှိမြို့များတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ပန်နာဆိုးနစ်၊ ဟွန်ဒါအပါအ၀င် တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဂျပန်ကုမ္ပဏီများ၏ ထုတ်လုပ်မှုများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် ရပ်နားခဲ့ရသည်။ နှစ်နိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများသည် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပေကျင်း၌ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း တင်းမာနေသည့် သံတမန်ဆက်ဆံရေးအတွက် ပြေလည်အောင် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။ တရုတ်သင်္ဘောများနှင့် ထိုင်ဝမ်ငါးဖမ်းသင်္ဘော ဒါဇင်များစွာသည် ဂျပန်နိုင်ငံရေပိုင်အတွင်းသို့ ၀င်ရောက်ခဲ့မှုကြောင်း ရေအမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ သည်။ Ref:AFP |
No comments:
Post a Comment