ငါးရက်ကြာ ပိတ်ထားခဲ့ရသော မိုးကောင်း-ဖားကန့်လမ်းပိုင်း ပြန်ဖွင့် |
Sunday, 30 September 2012 23:33 |
စက်တင်ဘာလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်အထိ လေးရက်နှင့် ငါးညကြာ
ပိတ်ထားခဲ့သော မိုးကောင်း-ဖားကန့် တစ်ခုတည်းသော လမ်းမကြီးကို စက်တင်ဘာ ၃၀
ရက် နံနက်ပိုင်းက ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။ လမ်းပိတ်ရသည့် အဓိက
အကြောင်းရင်းမှာ တပ်မတော်သားအများစုက မိုးကောင်းမှဖားကန့်ဘက်သို့
တပ်ရင်းအလိုက် ချီတက်သွား၍ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ အဆိုပါ လမ်းပိတ်ဆို့ခဲ့မှုကြောင့် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ တက္ကသိုလ်ကျောင်းတက်လာသူများ အဆင်းဘက်တွင် ကားမိုင်းမြို့၌ ပိတ်မိနေပြီး အတက်ကားများမှာ မိုးကောင်း(၈) မိုင်ဂိတ်တွင် ပိတ်မိကာ အခက်အခဲဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ "ကားမိုင်းမှာပိတ်တဲ့ကားတွေ အစီး ၇၀ လောက်ရှိတယ်။ ခရီးသည်တွေကများလွန်းတော့ စာသင်ကျောင်းတွေမှာ သွားအိပ်ကြတာ။ ၂၇ ရက် နေ့မှာ ကျောင်းတွေပိတ်လိုက်ရတယ်။ ခရီးသည်တွေ အတော်များများတော့ လမ်းစရိတ်တွေပြတ်ပြီး နီးစပ်ရာမှာ ချေးငှားသုံးကြတယ်။ ထမင်းကတော့ မြို့နယ်လူမှုကူညီရေးအသင်းက ကျွေးတယ်။ ပစ်သံခတ်သံကတော့ မြို့ထဲကတောင် ကြားနေရတယ်" ဟု ကားဆရာတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ လမ်းပိတ်ဆို့မှုတွင် ဖားကန့်မြို့နယ်မှ အဝေးသင်တက္ကသိုလ် တက်ရောက်ရန် ကျောင်းသားအများစု ပါဝင်နေကြောင်းနှင့် မိုးကောင်းမြို့ တွင်လည်း တက္ကသိုလ်များမှ စာမေးပွဲပြီး၍ပြန်လာသော ကျောင်းသားအများစု ပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။ ဒေသခံများမှာ လမ်းပိတ်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ဖားကန့်ဒေသတွင် သြဂုတ်လ ၂၇ ရက်နေ့မှစ၍ စက်တင်ဘာ ၂၉ ရက်အထိ အပြန်အလှန် ပစ်ခတ်မှုများရှိနေမှုကြောင့် ဒေသခံအများစုနှင့် အခြေခံပညာအလယ်တန်း၊ အထက်တန်းပညာ သင်ယူနေသူ ကျောင်းသား ကျောင်းသူအများစုမှာ ဒေသစွန့်ခွာမှု များပြားနေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်ရရှိသော သတင်းများအရ ကချင်ပြည်နယ် မိုးညှင်းနှင့် နမ္မားဘူတာအကြား ရေပေါက်တံတား တစ်ခုတွင် စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်းနှင့် ယခုရထားလမ်း မိုင်းခွဲခံရမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး နှစ်ဘက်တပ်များအကြား တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် ၅၃ ကြိမ်မြောက် မိုင်းခွဲခံရခြင်းဖြစ်ကြောင်း သိရသည်။ |
No comments:
Post a Comment