Friday, April 19, 2013

ဒေသခံများ၏ တောင်းဆိုချက် ၉ ချက်ကို လိုက်လျောခြင်း မရှိသည့်အတွက် မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း CNPC ကုမ္ပဏီရုံးရှေ့၌ ဒေသခံများ ဆန္ဒပြ


ဒေသခံများ၏ တောင်းဆိုချက် ၉ ချက်ကို လိုက်လျောခြင်း မရှိသည့်အတွက် မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း CNPC ကုမ္ပဏီရုံးရှေ့၌ ဒေသခံများ ဆန္ဒပြ 

Created on Friday, 19 April 2013 22:10

4.19.6
မဒေးကျွန်းဒေသခံများ မဒေးကျွန်းရေနက်ဆိပ်ကမ်းရှိ CNPC ရုံးရှေ့တွင် သွားရောက် ဆန္ဒဖော်ထုတ်နေစဉ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း တရုတ်နိုင်ငံ အခြေစိုက် China National Petroleum Corporation (CNPC) ကုမ္ပဏီအား မဒေးကျွန်း ဒေသခံများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် တောင်းဆိုထားသည့် အချက် ၉ ချက်အား ဆောင်ရွက်ပေးရန် မဒေးကျွန်း ရေနက်ဆိပ်ကမ်းရှိ CNPC ရုံးရှေ့သို့ ဧပြီလ ၁၈ ရက်နေ့က ဒေသခံများ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
မဒေးကျွန်း ဒေသခံများ ဆန္ဒဖော်ထုတ်ရာတွင် ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည် ကျေးရွာများမှ ဒေသခံ ၄၅၀ ခန့်ရှိပြီး ပြိန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတိုက်မှ ဒေသခံများ စုရုံးပြီး ဧပြီလ ၁၈ ရက် မွန်လွဲ ၁ နာရီ ၂၅ မိနစ်ခန့်က စီတန်းလှည့်လည်ကာ CNPC ရုံးရှေ့တွင် မိနစ် ၃၀ ခန့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။
တောင်းဆိုထားသည့် အချက် ၉ ချက်မှာ (၁) သိမ်းဆည်းခံရသော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျော်ရန်၊ (၂) မဒေးကျွန်းဒေသ ဆိပ်ကမ်းမှ (ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည်ကျေးရွာ) ဆက်သွယ်ရေးလမ်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေးရန်၊ (၃) အလုပ်သမားကဒ် ရရှိပြီးသူ ဒေသခံများ အလုပ်ရရှိရေး၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်း ရရှိရန်၊ (၄) မဒေးကျွန်းတွင်း လူနေအိမ်များနှင့် အဆောက်အဦများတွင် လျှပ်စစ်မီးရရှိရန်၊ (၅) ဒေသခံများ လုံခြုံမှုရှိစေရန် လူစိမ်းအလုပ်သမားများကို စစ်ဆေးဆောင်ရွက်ရန်၊ (၆) ကျွန်းပတ်လည် ငါးဖမ်းကွက်များတွင် လွတ်လပ်စွာ ငါးဖမ်းလုပ်ကိုင်ခွင့် ရရှိရန်၊ (၇) မဒေးကျွန်းပေါ်ရှိ မြေလွတ် မြေရိုင်း မည်သည့် နေရာဒေသကိုမှ ကျွန်းသူကျွန်းသား မသိဘဲ သိမ်းယူ လုပ်ကိုင်ခွင့် မပြုရ၊ (၈) လယ်ယာမြေအသစ် ဖေါ်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည် တည်ဆောက်ရေး၊ (၉) လက်ရှိ နစ်နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ် ခြံမြေပိုင်ရှင်များကို ထိုက်တန်သော လျော်ကြေးပေးရေးတို့ ဖြစ်ကြောင်း မဒေးကျွန်းဒေသခံ ဦးထွန်းကြည်က ဆိုသည်။

“အခုဆန္ဒပြရတာက ကျွန်တော်တို့ တောင်းထားတဲ့ အချက် ၉ ချက် ကို လိုက်လျော့ခြင်း မရှိတဲ့အတွက်ပါ။ ကျွန်တော်တို့ ခံစားနေရတဲ့ ဒုက္ခတွေကို ကမ္ဘာကြီးက သိရှိပြီးတော့ လူသားချင်းစာနာမှုကို လိုချင်လို့ အခုလို ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်။ တောင်းဆိုချက်တွေကို လိုက်လျောမှု မရှိရင်တော့ ဆက်ပြီး ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးက ဆိုသည်။
ထိုသို့ ဆန္ဒထုတ်ဖ်ာနေစဉ် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင်နှင့် ရခိုင်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိလာပြီး ဆန္ဒပြခြင်းကို ရပ်နားပေးရန်နှင့် ဒေသခံ၏ တောင်းဆိုချက်များကို ဧပြီ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ CNPC ရုံးမှ Social Eco အဖွဲ့နှင့် ညှိနှိုင်ပေးမည်ဟု ပြောကြားခဲ့သဖြင့် ဆန္ဒပြမှုကို ၃ နာရီ ၁၀ မိနစ် ခန့်တွင် အဆုံးသတ်ခဲ့ကြပြီး အဖမ်းအဆီး တစ်စုံတစ်ရာ မတွေ့ရှိသေးကြောင်း ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က ဆိုခဲ့သည်။
ကျောက်ဖြူမြို့ အရှေ့ဘက် ၈ မိုင်အကွာတွင်ရှိသည့် မဒေးကျွန်းတွင် လူဦးရေ ၃၀၀၀ ကျော် နေထိုင်ပြီး ကျေးရွာများအဖြစ် ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည် စသည့် ကျေးရွာများ ရှိကြကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။