ဒေါ်စုကို ထောက်ခံသူများမှာ ဘာမှန်းမသိ ထောက်ခံနေကြသူများသာ ဖြစ်ကြောင်း လက်ပံတောင်းတောင် ပြဿနာကြောင့် သိသာထင်ရှားလာ
လက်ပံတောင်းတောင်ကိစ္စကို
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ်
တာဝန်ပေးတဲ့အခါ သည်းသည်းလှုပ်ကြိုဆိုခဲ့တာ၊ ထောက်ခံခဲ့တာ၊ ယုံကြည်ခဲ့တာ
ဘယ်သူတွေလဲ။ အခုကျတော့ ကိုယ်လိုချင်တဲ့ အဖြေမျိုးမရတော့မှ
ဒေါ်အောင်ဆန်းစုကြည်ကို အလိုမရှိတို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်က
ထုတ်ပြန်တဲ့ အစီရင်ခံစာကို လက်မခံတို့ လုပ်ကြတာ ဘာသဘောလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်မိလို့သာ တော်ပါသေးရဲ့။ အခြားလူကိုသာ
ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမိရင် အစိုးရနဲ့ပူးပေါင်းပြီး
ဒီလိုအစီရင်ခံစာထွက်တယ်တို့၊ အာဏာရှင်တွေရဲ့ ကြိုးဆွဲရာကတယ်တို့
အပြောခံရမှာ အသေအချာပဲ။ သြော်... အခု ကန့်ကွက်နေကြသူတွေကို တစ်ခုလောက်တော့
မေးချင်မိတယ်။ ခင်ဗျားတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ဦးသိန်းစိန်ရဲ့လူ၊ အစိုးရဘက်တော်သား၊ ပြည်ခိုင်ဖြိုးပါတီရဲ့
ရုပ်သေးရုပ်လို့တော့ မမြင်တန်ကောင်းဘူးနော်။ တော်တော်ကြာ ခင်ဗျားတို့က
ရွှေဉာဏ်တော် စူးရောက်တယ်မဟုတ်လား။ အဲဒီလိုတွေ တွေးမိနေမှာစိုးလို့
သတိပေးတာ၊ သတိပေးတာ....။
လက်ပံတောင်းတောင်
ပြဿနာကြောင့်၊ ကော်မရှင်ကြောင့်၊ အစီရင်ခံစာကြောင့် မြန်မာပြည်အတွက်
အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ ရလိုက်တယ်။ ယူတတ်သူတွေ ရစေ...
မယူတတ်သူတွေ ရှိစေ။ မိုးကတော့ အတူတူရွာတာပဲ... ကျွန်တော်လည်း
ကျွန်တော့်မှာရှိသမျှ ဦးဏှောက်ဉာဏ် ခွက်အစုတ်ကလေးနဲ့ မိုးရွာတုန်း
ခံထားသမျှ ရေလေးတွေကို ဝေမျှပါရစေ။ အစိုးရ၊ တစ်နည်း အုပ်ချုပ်ရေးပိုင်းက
တာဝန်ရှိသူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဒေါ်အောင်ဆန်းစုကြည်
သိသွားပါလိမ့်မယ်။ သူတွင်တွင်အော်နေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့
ကိစ္စရပ်ဟာ မြန်မာပြည်မှာ ဘယ်လောက်ခက်သလဲဆိုတာ၊ တရားဥပဒေကို နားမလည်တာ၊
မလိုက်နာတာ၊ ဂရုမစိုက်တာ ဘယ်သူလဲဆိုတာ သူရှင်းရှင်းကြီး သိခွင့်ရသွားမယ်။
ဒေါ်အောင်ဆန်းစုကြည် အခုကိုင်တွယ်ခဲ့ရတဲ့ အခုလက်ပံတောင်းတောင် ကိစ္စဆိုတာ
လက်ရှိဦးသိန်းစိန်အစိုးရ ကိုင်တွယ်ဖြေရှင်း ရင်ဆိုင်နေရတဲ့ မြန်မာပြည်က
ပြဿနာပေါင်း ကုဋေကုဋာထဲက တစ်ခုသာဖြစ်တယ်၊ အဲဒီတစ်ခုလေးမှာတောင်
သူ့ကိုမျက်စိမှိတ်ပြီး ချစ်ကြပါတယ်ဆိုတဲ့၊ သူ့ကို ပက်ပက်စက်စက်
ထောက်ခံပါတယ်ဆိုတဲ့၊ သူ့ကို နှစ်နှစ်ကာကာ ယုံကြည်ပါတယ်ဆိုတဲ့
နိုင်ငံသားတွေဆီက တုံ့ပြန်မှုဟာ ဘယ်လိုရှိသလဲဆိုတာ သူသိခွင့်ရသွားမယ်။
နိုင်ငံသားတွေဟာ အမှန်အတရားအတွက် တိုက်ပွဲဝင်နေသလား၊ တိုက်ပွဲဝင်ဖို့အတွက်
အမှန်တရားလို့ ခေါင်းစဉ်တပ်နေကြတာလားဆိုတာ သူသေသေချာချာ သိသွားပါလိမ့်မယ်။
နောက်တစ်ချက်က တရုတ်အစိုးရ...။ ဒေါ်အောင်ဆန်းစုကြည်ဟာ
အနောက်လိုလားသူဖြစ်တယ်၊ အနောက်နိုင်ငံတွေက ပံ့ပိုးထားသူဖြစ်တယ်၊
ကြိုးဆွဲထားသူဖြစ်တယ်လို့ သူတို့တွေက နားလည်ထားကြမှာ အသေအချာပဲ။ အခုလို
ဖြစ်ရပ်မျိုးကြောင့် သူတို့စိတ်ထဲမှာ အနည်းနဲ့အများတော့ တွေးစရာတွေ
ရသွားမှာ အသေအချာပဲ။ ကျွန်တော့်အတွက် ရလိုက်တဲ့အမြတ်က (မီဒီယာတွေက
မသိချင်ယောင် ဆောင်နေမှာမို့ သူတို့ကို စကားထဲထည့်ပြီး မပြောတော့ဘူး)
မြန်မာပြည်မှာရှိတဲ့ NLD ကို ထောက်ခံနေသူ အများစုဟာ ဒေါ်အောင်ဆန်းစုကြည်
ဘယ်လိုလူစားဆိုတာသိလို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကိုသိလို့၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ကိုသိလို့ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရဆိုတာ တစ်စက်ကလေးမျှ မကောင်းဘူးဆိုတဲ့ အယူအဆကို
သူတို့တွေခေါင်းထဲ ရိုက်သွင်းခံထားရတယ်။ အခု ဦးသိန်းစိန်အစိုးရဆိုတာလည်း
စစ်အစိုးရကို ပုံပြောင်းထားတာလို့ ၀ါဒဖြန့်ခံထားရတယ်၊ အခုအစိုးရ
လုပ်နေသမျှဟာ ဟန်ဆောင်ပန်ဆောင် လုပ်နေတာ၊ ဒီမိုကရေစီခရီးလမ်းကို
ဟန်ပြလျှောက်လှမ်းနေတာလို့ သူတို့တွေ အသိစွဲနေအောင် မီဒီယာပေါင်းစုံက
ဆေးရောင်လှလှ ခြယ်ကြတယ်။ အဲဒီလို အစိုးရကို ပုန်ကန်ရမယ်၊ ဆန့်ကျင်ရမယ်၊
တွန်းလှန်ရမယ်ဆိုတဲ့အသိ သူတို့ခေါင်းထဲမှာ ရောက်နေတယ်။ မှန်သလား၊ မှားသလား
သူတို့မခွဲခြားတတ်ဘူး။ သူတို့လိုပဲ အစိုးရကို အတိုက်အခံလုပ်တာ ဘယ်သူရှိလဲ
လိုက်ရှာတယ် (မြန်မာလူမျိုးတွေက သိပ်ပြီးတော့ သူရဲကောင်းဝါဒကို သဘောကျတယ်၊
အဲဒါကြောင့်လည်း စုစုနွေးလည်း သူရဲကောင်းဖြစ်၊ သွဲ့သွဲ့ဝင်းလည်း
သူရဲကောင်းဖြစ်၊ ဇာဂနာလည်း သူရဲကောင်းဖြစ် ဖြစ်ခဲ့ကြတာပေါ့)
နာမည်အကြီးဆုံးအတိုက်အခံ ဒေါ်စုကိုတွေ့တယ်။ နိုဘယ်လ်ဆုရှင်၊ ကမ္ဘာတစ်ဝန်းက
လေးစားရတဲ့သူ၊ ဆုတွေအများကြီး ရထားတဲ့လူ၊ ဗိုလ်ချုပ်အောင်ဆန်းသမီး၊
စတဲ့စတဲ့ မက်လုံးတွေကြားမှာ သူတို့အားလုံးဟာ ဒေါ်စုမှဒေါ်စု ဖြစ်ကုန်ကြတယ်။
ဒေါ်စုလုပ်သမျှ ထောက်ခံတာမဟုတ်ဘူး၊ ဒေါ်စုအတိုက်အခံလုပ်သမျှ၊ အစိုးရကို
ဆန့်ကျင်သမျှကို ထောက်ခံတာ။ အစိုးရဘာလုပ်လုပ် ဆန့်ကျင်ရမယ်၊
တိုက်ကွက်ဖော်ရမယ်လို့ ခံယူထားသူတွေက ဒေါ်အောင်ဆန်းစုကြည်က သူတို့အလိုကျ
မလုပ်ပေးနိုင်တဲ့အခါ၊ သူတို့ဘက်မှာ မရှိတော့ဘူးလို့ ခံစားမိတဲ့အခါ
ဒေါ်စုအလိုမရှိ ဖြစ်ကုန်တာ မဆန်းပါဘူး။ ဒေါ်စုကို အလိုမရှိရင် သူတို့က
နောက်ထပ်အားကိုး ထပ်ရှာလိမ့်မယ်။ ဘာအရည်အချင်းမှမရှိဘဲ သောက်ပျင်းကြီးတဲ့
မုဆိုးမ အသက်ငယ်ငယ်က အားကိုးစရာ နောက်လင်ယူဖို့ပဲ စဉ်းစားသလိုပေါ့။
(ရိုင်းသွားရင် ခွင့်လွှတ်ပါ) အဲဒီတော့ နောက်ထပ် အားကိုးစရာ ဘယ်သူတွေကို
တွေ့မယ်ထင်လဲ။ နောက်စာပိုဒ်ကို ဆက်ဖတ်ကြည့်ပါ။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တော့
၈၈ မျိုးဆက်က ပုဂ္ဂိုလ်အချို့ကို ထည့်ဖွဲ့ပေးခဲ့တယ်။
မပါဝင်နိုင်ပါဘူးဆိုပြီး ထွက်သွားကြတယ်။ ဘယ်မီဒီယာက အကျယ်တ၀င့် ဝေဖန်တာကို
ဖတ်ခဲ့ရသလဲ။ သတင်းဆောင်းပါးတွေ၊ ထင်မြင်ယူဆချက် အင်တားဗျူးတွေ
လုပ်ခဲ့ဖူးသလဲ၊ အားလုံး နှာစေးခဲ့ကြတာပဲ မဟုတ်လား။ ဘာဖြစ်လို့
မပါနိုင်ရသလဲဆိုတာကို ဘယ် ၈၈ မျိုးဆက်ဆိုတဲ့ အဘိုးအရွယ်တွေက သေသေချာချာ
ရှင်းပြခဲ့သလဲ။ အသားလွတ် ခေါင်းရှောင်သွားတာ အားလုံးသိတယ်။
လက်ပံတောင်းတောင် ပြဿနာတွေ စဖြစ်တော့ ၈၈ မျိုးဆက်အဖွဲ့တွေ ရောက်လာတယ်၊
ဟိုလူတွေ့ ဒီလူတွေ့ လုပ်ကြတာပဲ၊ ဟိုလူနဲ့ညှိ ဒီလူနဲ့ညှိ လုပ်ကြတာပဲ။
နောက်ဆုံး ဘာဖြစ်သွားလဲ အားလုံးသိနေတာပဲ။ အခုလည်း လက်ပံတောင်းတောင်
အစီရင်ခံစာလည်း ထွက်ပြီးရော... အဲဒီဒေသကို သွားကြဖို့ စီစဉ်နေကြသတဲ့။
ပိုင်လိုက်တဲ့အကွက်၊ ကောင်းလိုက်တဲ့ရိုက်ချက်၊ မှန်လိုက်တဲ့ပစ်မှတ်၊
တစ်ချက်ဆို တစ်ချက်ပဲ။ စိတ်မပူနဲ့ စောင့်ကြည့်၊ ၈၈ မျိုးဆက်ကကောင်တွေ
ဒေါ်စုကို ကန့်ကွက်တဲ့အကြောင်း၊ ဒေါ်စုဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာဟာ
ပြည်သူတွေအတွက် အကျိုးမရှိတဲ့အကြောင်း အမြှုပ်ထွက်မတတ် ပြောပြကြလိမ့်မယ်။
ရက်ပိုင်းအတွင်း ၈၈ မျိုးဆက်တွေရယ်၊ ရွာသူရွာသားတွေရယ်၊ လူစိတ်ပေါက်နေတဲ့
သင်္ကန်းဝတ်တွေရယ် လုံးလားထွေးလား ဖြစ်လာကြလိမ့်မယ်၊ မယုံလျှင်
စောင့်ကြည့်ကြကုန်...။
ဆည်တည်းကျေးရွာအတွင်းကို
ဒေါ်စုအပါအ၀င် ငါးဦးသာ ၀င်ခွင့်ပြုမယ်လို့ ကန့်သတ်ခဲ့တဲ့ သတင်းကို
ဖတ်ရှုလိုက်ရပါတယ်။ ဘယ်မီဒီယာကိုမျှ ၀င်ခွင့်မပေးနိုင်ဘူးတဲ့။
ဟားဟားဟား.... အဲဒါ အရိုးခံ ရွာသူရွားသားတွေရဲ့ အတွေးအခေါ် ဟုတ်၊
မဟုတ်ဆိုတာ စိတ်မ၀င်စားကြဘူးလား။ ဟိုးအညာက လက်ပံတောင်းတောင်ဘေးက
အိမ်ခြေလေး ၁၀၀ တောင် မပြည့်တဲ့ ရွာကလူတွေက မြန်မာ့မီဒီယာတွေကို အဲဒီလို
အာခံဝံ့သတဲ့လား။ လုပ်ကြပါဟ... ကိုရွှေမီဒီယာတို့ရ...။ ကချင်မှာ
သေနတ်သံတွေကြား၊ ဗုံးဆံတွေကြားမှာတောင် ဓာတ်ပုံတွေရအောင် ရိုက်နိုင်၊
ဖော်ပြနိုင်၊ အင်တာနက်တင်နိုင်ခဲ့တဲ့ သူရဲကောင်း သတင်းထောက်တွေ
ဆည်တည်းရွာကျမှပဲ သောက်ရှက်လုံးလုံး ကွဲတော့တယ်။ ကဲ... ဘယ်ကောင်
ဘာပြောမလဲ..။ ဂျာနယ်တွေ စောင့်ဖတ်မယ်...။ ဘယ်ဂျာနယ်ကမျှ အခုလို
သတင်းယူခွင့်မပေးတဲ့ကိစ္စ၊ ရွာထဲဝင်ခွင့်မပေးတဲ့ကိစ္စကို မဝေဖန်ရင်၊
ထောက်မပြရင်၊ ကျွန်တော်ကိုဉာဏ်က ဒီဘလော့ဂ်ကနေ အဲဒီမီဒီယာတွေကို
ကလော်တုပ်ဦးမယ်။ ဆည်တည်းနဲ့ပြိုင် ဘယ်သူနိုင်ပေါ့ဗျာ။ ပြီးတော့...
ရှိသေးတယ်... ဒေါ်စုနဲ့အဖွဲ့ကို ကားနဲ့အ၀င်မခံဘူးတဲ့။
လမ်းလျှောက်ဝင်ခိုင်းသတဲ့။ ကဲ... ဒေါ်စုဂုဏောအနန္တောတို့... ဆည်တဲရွာကို
ဒီအတိုင်း ကြည့်နေကြမှာလား... ဘာလုပ်ကြမှာလဲ...။ အိုဘားမားကတောင် အရေးတယူ
လာနှုတ်ဆက်ရတယ်တို့၊ ဒေးဗစ်ကင်မရွန်းကတောင် တလေးတစား လာပြီးဂါရဝ
ပြုရတယ်တို့၊ ဒတ်စမွန်တူးတူးကတောင် တတူးတကလာပြီး ဖူးတွေ့ရတယ်တို့
ဘုန်းတော်ဘွဲ့တွေ သီကျူးခဲ့ပြီး သိဒ္ဓိတင်ပေးခဲ့ကြတဲ့
ကိုရွှေမီဒီယာများခင်ဗျား... လူကြီးမင်းတို့ရဲ့ လူထုခေါင်းဆောင်ကြီး
အမေစုကို ဆည်တည်းဆိုတဲ့ ရွာဇနပုဒ်က လမ်းလျှောက်ဝင်ရမတဲ့...
တစ်ယောက်တည်းသာလာပါ အဖော်ခေါ်မလာပါနဲ့တဲ့၊ ကဲ... ဘယ်လိုလုပ်ကြမတုန်း..။
ထုံးစံအတိုင်း ရေးကြပေါ့ဗျာ... အမေစုဟာ တည်ဆဲဥပဒေမှ မဟုတ်ပါဘူး...
ရွာသားတွေက သူတို့ဘာသာသူတို့ ကန့်သတ်ထားတဲ့ စည်းကမ်းတွေကိုတောင်
လိုက်နာသူပါ၊ သူ့ကို လက်မခံသူတွေကိုတောင် အဲဒီလို တလေးတစားနဲ့
ဆက်ဆံတတ်သူပါ၊ သူ့အသက်ကိုတောင် ပဓာနမထားဘဲ ရွာထဲကို သွားခဲ့တဲ့သူပါ၊
စသဖြင့်ပေါ့ဗျာ။ လုပ်ပါ... ရေးကြပါဗျ.. ခင်ဗျားတို့ ရေးတတ်ပါတယ်၊
ကျွန်တော်ကိုဉာဏ်က လျှာရှည်နေတော့ နွားရှေ့ထွန်ကျူး ဆိုသလို ဖြစ်နေမလား
မသိဘူး။ မကျူးတော့ပါဘူးဗျာ... မကျူးတော့ပါဘူး။
ရွာကို
သတင်းစာမရောက်လို့ အစီရင်ခံစာ မဖတ်ရသေးဘူး တဲ့။ ကောင်းရော... အဲဒါဆို
ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြကြတာလဲ၊ အလိုမရှိလို့
ကြွေးကြော်ကြတာလဲ၊ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ပြောကြတာလဲ။
ကမ္ဘာ့အံ့သြဖွယ် အကောင်းဆုံးသော ကန့်ကွက်ဆန္ဒပြမှုပါပဲဗျာ။
စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို မဖတ်ဖူးဘဲ ကော်မရှင်ရဲ့
အစီရင်ခံစာကို ကန့်ကွက်တာ လွှတ်ဆန်းသကိုးဗျ။ အင်းလေ.... အိုင်တီခေတ်ပေပဲ...
ရွာကလူတွေ အွန်လိုင်းကနေ ဖတ်ကြတာ၊ သိကြတာနေမှာပေါ့။ ပြောတော့ဖြင့်
မြန်မာလူမျိုးတွေက ဆင်းရဲသလေးဘာလေးနဲ့၊ ကြည့်ရတာ ၀က်မှေးရွာတို့၊
ဆည်တဲရွာတို့မှာ အိုင်ပတ်တွေ၊ ဂလက်စီတွေ၊ လက်(ပ်)တော့တွေနဲ့များ
အင်တာနက်သုံးနေကြသလား မသိဘူးနော်။ တယ်ခေတ်မီတဲ့ ရွာသားတွေကိုးဗျ။ အမယ်...
ရွာသူကလည်း မခေဘူးနော်... ဗီဒီယိုထဲမှာ သေချာကြည့် လူ့အခွင့်အရေးဆိုတဲ့
စကားလုံးကို တကယ့်ကို ငယ်ပေါင်းကြီးဖော်လို သုံးနှုန်းသွားတယ်။
တော်သေးတာပေါ့.. မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကိုရောက်တာ ၃ နှစ်
မပြည့်သေးလို့။ ဒီမိုကရေစီသက်တမ်း ၁၀ နှစ်လောက်များ ရှိလာရင် ၀က်မှေးတို့၊
ဆည်တည်းတို့က ရွာသားတွေက ရန်ကုန်တို့၊ နေပြည်တော်တို့ကို တက်သိမ်းမလား
မပြောတတ်ဘူး။ အမေစု ကျန်းမာပါစေ... ချမ်းသာပါစေလို့ပဲ အော်ဟစ်တာ၊
အားပေးတာကို ကြားခဲ့ဖူးတဲ့ ဒေါ်စုအတွက် တစ်ယောက်တစ်ပေါက်
အော်ဟစ်ဆူညံသံတွေကြားမှာ မျက်ရည်တွေဝဲနေတာ မြင်မိတော့ စိတ်မကောင်းတော့
ဖြစ်မိသား။ ဒေါ်စုရေ... မြန်မာပြည်သူပြည်သားတွေရဲ့ အသိပညာရေချိန် ဘယ်လောက်
နိမ့်ကျနေသလဲဆိုတာ ခင်ဗျားမြင်ပြီ မဟုတ်လား၊ တည်ကြက်ဖြစ်လို့ ဖြစ်နေမှန်း
မသိလောက်အောင် သူရဲကောင်းဇာတ် ကနေတာကို မြင်ပြီမဟုတ်လား။ နောက်ဆိုရင်
အစိုးရက ပြည်သူတွေကို ဘာဖြစ်တယ်တို့၊ ညာဖြစ်တယ်တို့ သိပ်မပြောပါနဲ့ဗျာ...။
အခုလက်တွေ့ မြင်ခဲ့ရတာလောက်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဒေါ်စု
ဆ၀ါးမိတန်ကောင်းပါတယ်။
ကွန်းမန့်တစ်ခုမှာ
ဖတ်လိုက်ရပါတယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ
အဆိုတင်ခဲ့တဲ့ ဒေါ်ခင်စန်းလှိုင်က ဘာမျှမပြောဘဲ ငြိမ်နေတာ ဘာကြောင့်လဲတဲ့။
ကျွန်တော်လည်း အတော်စဉ်းစားရ ကြပ်တယ်ဗျ။ သူ့မဲဆန္ဒနယ်ဆိုတော့ သူ့ကို
ငြိမ်ခိုင်းထားတာ ဖြစ်မှာပေါ့လို့ ကျွန်တော်ကဖြေရင်လည်း သူတို့က
ကြိုက်မှာမဟုတ်ဘူး။ သေချာတယ် ဒေါ်ခင်စန်းလှိုင်ကတော့ ဒီအစီရင်ခံစာကို
ကြိုက်မှာမဟုတ်ဘူး၊ လက်ခံမှာမဟုတ်ဘူး၊ သဘောတူမှာ မဟုတ်ဘူး။
လောင်းကြေးတောင် ဖွင့်လိုက်ချင်သေးတယ်။ ခက်တာက ကော်မရှင်ဥက္ကဋ္ဌက
သူတို့ပါတီရဲ့ ဂုရုကြီးဖြစ်နေတော့ ဒေါ်ခင်စန်းလှိုင် အခန်းအောင်ပြီး
နှာစေးနေတာ ဘာမျှမဆန်းပါဘူးဗျာ။ ကျွန်တော်တွေးမိတာရယ်ပါ။
ကိုယ့်အမြင်နဲ့ကိုယ်ပေါ့ဗျာ။ ရွာသူရွာသားတွေက အခုအချိန်မှာ သူတို့ရဲ့
လွှတ်တော်ကိုယ်စားလှယ်ကြီးကို လာခဲ့ပါ၊ ဖြေရှင်းပါဆိုပြီး
အကူအညီတောင်းလိုက်ရမှာဗျ။ အဲဒါဆိုရင် ပွဲကလှပြီး။ အခုပွဲကို
စီစဉ်နေတဲ့သူတွေ အဲဒါကို မေ့နေတယ်ထင်တယ်။ ရဲတပ်ဖွဲ့က သပိတ်စခန်းကို
ဖြိုခွဲခဲ့တုန်းက ရှေ့ဆုံးက ဓာတ်ပုံအရိုက်ခံခဲ့တဲ့ ကိုယ်စားလှယ်ကြီးက
အခုတော့လည်း နေပြည်တော် လွှတ်တော်ထဲမှာ မိန့်မိန့်ကြီးထိုင်ပြီး
ရွာသားတွေကို ချွေးသိပ်ဖို့စကား စဉ်းစားနေတယ် ထင်ပါရဲ့ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။
အစီရင်ခံစာကို မကျေနပ်လို့ ဆန္ဒပြမယ်ဆိုရင်လည်း ဥပဒေနဲ့အညီပဲ လုပ်ပါတဲ့။
တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အဲဒီလိုမျိုး မပြောလို့
ဘယ်လိုပြောရမှာတုန်း။ ဒေါ်စုနေရာမှာ ဦးဌေးဦးဆိုရင်လည်း ဒီလိုပဲ
ပြောရမှာပဲ၊ ဦးသိန်းညွန့်ဆိုရင်လည်း ဒီလိုပဲ ပြောရမှာပဲ၊
ဦးလှဆွေဆိုရင်လည်း ဒီလိုပဲပြောရမှာပဲ။ ဥပဒေနဲ့ မညီညွတ်ရင် ဥပဒေအရ
အရေးယူနိုင်တာ မသိကြတာလား၊ မသိချင်ယောင်ဆောင်တာလား၊
တမင်လုပ်နေကြတာလား။ ဒုက္ခပါပဲဗျာ....။ အစီရင်ခံစာကို မကျေနပ်ရင် ဆူကြ၊ ပူကြ၊
လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်ကြ၊ ဘယ်အာဏာပိုင်ကမေးမေး ဒေါ်အောင်ဆန်းစုကြည်
ခွင့်ပြုတာလို့ ပြောလိုက်လို့ ပြောရမှာလား။ ခက်တော့ ခက်ချေပြီဗျ။
တရားဥပဒေမှန်သမျှ ပြည်သူတွေကို နှိပ်ကွပ်ဖို့၊ ထိန်းချုပ်ဖို့
ပြဋ္ဌာန်းတာလို့ သောက်သုံးမကျတဲ့ မီဒီယာတွေရဲ့ လမ်းလွဲညွှန်ပြမှုတွေကြောင့်
ပြည်သူတွေစိတ်ထဲမှာ ဥပဒေလို့ ဆိုလိုက်တာနဲ့ ကန့်ကွက်ရမယ်လို့ချည်း
ထင်နေကြတော့တာပဲ။ စတုတ္ထမဏ္ဍိုင် ဟုတ်မဟုတ်တော့ သေချာမသိဘူး၊ အခုလောလောဆယ်တော့
သောက်တလွဲမဏ္ဍိုင် ဆိုတာကတော့ သေချာတယ်။ တစ်သက်လုံး လက်နက်ကိုင်ပြီး
ပုန်ကန်နေတဲ့၊ ဖျက်လိုဖျက်ဆီး လုပ်နေတဲ့သူပုန်ကို အပြစ်မဲ့ သူရဲကောင်းဇာတ်
သွင်းတယ်၊ အစိုးရဘာလုပ်လုပ် ဦးဏှောက်မရှိဘဲ ထင်ရာမြင်ရာလုပ်တာလို့
ဝေဖန်မယ်၊ အစိုးရကို မကောင်းပြောသူ မှန်သမျှဟာ ဒီမိုကရေစီဘက်တော်သား၊
အစိုးရကို အော်ဆဲရင် ဒီမိုကရေစီ သူရဲကောင်း၊ အစိုးရကို တိုက်ရမယ်၊
တွန်းလှန်ရမယ်လို့ အာချောင်ရဲတဲ့လူဆိုရင် ဒီမိုကရေစီအာဇာနည်လို့ အတင်းအဓမ္မ
ဝါဒဖြန့်နေတာ အဲဒီ သောက်တလွဲမဏ္ဍိုင်တွေပဲ။ ကဲ... အခုလည်း ဒေါ်စုရဲ့
ဥပဒေနဲ့မညီရင် အရေးယူခံရမယ်ဆိုတာကို ဘယ်လိုမျိုး ရေးကြသားကြမလဲဆိုတာ
စိတ်ဝင်တစား စောင့်ဖတ်နေပါတယ်။
မြန်မာပြည်မှာ
နေ့စဉ်လောက်နီးနီး ဆန္ဒဖော်ထုတ်တာ၊ စီတန်းလှည့်လည်တာ တစ်ခုမဟုတ် တစ်ခုတော့
လုပ်နေကြတာပဲ။ ဒါပေမယ့် ဘယ်ဂျာနယ်၊ မဂ္ဂဇင်းကမျှ ဒီဖြစ်ရပ်မှာ
ဘယ်သူကတော့လွန်တယ်၊ ဘယ်သူကတော့ မှားနေတယ်၊ ဘယ်သူကတော့ တရားဥပဒေနဲ့
မညီဘူးလို့ မှန်မှန်ကန်ကန် သမာသမတ်ကျကျ ရေးရဲတဲ့ဂျာနယ် အခုထိ
မတွေ့မိသေးဘူး။ အရင်တုန်းကတော့ The VOICE မှာ ဆရာအောင်ထွဋ် ရှိစဉ်အခါက
အများကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဝေဖန်ရေးသားခဲ့ဖူးတယ်။
အစိုးရကိုလည်း ဝေဖန်တာပဲ၊ ပြည်သူတွေကိုလည်း တိုက်တွန်းတာပဲ၊
နိုင်ငံရေးသမားတွေကိုလည်း ဆော်တာပဲ။ အဲဒါမျိုးကို ကြိုက်တယ်။ ငါမကောင်းရင်
ငါ၊ မိဖုရားမကောင်းရင် မိဖုရား... အဲဒီလိုပဲ ဖြစ်ရမှာပေါ့။ အခုတော့
မဟုတ်ပေါင်ဗျာ... ပြည်သူမကောင်းရင် အစိုးရ၊ အစိုးရမကောင်းရင်လည်း အစိုးရပဲ
ရေးနေကြတော့တာပဲ။ တောက်... ဦးသိန်းစိန်မို့သာပေါ့... ဒင်းတို့
အဖေတွေကိုများ ဒင်းတို့တွေ အဲဒီလိုမျိုး ဝေဖန်ကြည့်ပါလား...။
နားရင်းပွင့်မလား၊ သွားကျွတ်မလား၊ မျက်လုံးညိုမလား၊ ကျောကော့မလား
တစ်ခုခုတော့ တစ်ခုခုပဲ။ အင်း... သွားလေသူတွေကိုပဲ တမ်းတရမှာပဲ။ သတိရလိုက်တာ
ဆရာအောင်ထွဋ်ရယ်... သတိရလိုက်တာ ဆရာလူထုစိန်ဝင်းရယ်...။ လက်ရှိအချိန်မှာ
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နိုင်ငံရေးတွေကို ရဲရဲဝံ့ဝံ့
သုံးသပ်တင်ပြနေတာ ဆရာကျော်ဝင်း ရှိသေးလို့ တော်ပါသေးရဲ့။ ဆရာကျော်ဝင်း
လက်ပံတောင်း စီမံကိန်းနဲ့ ပတ်သက်လို့ ရေးထားတာလေး အရမ်းကောင်းတယ်။ သီးသန့်
တင်ပေးပါ့မယ်။
မြန်မာ့နိုင်ငံရေးအကြောင်းပြောရတာ
အတော်စိတ်ညစ်လာတယ်ဗျာ။ ခက်တာက ကျွန်တော်ဆိုတဲ့ ကောင်ကလည်းလေ ဘာကိစ္စများ
နိုင်ငံရေးကိုမှသွားပြီး စိတ်ဝင်စားနေမိတယ် မသိပါဘူး။
မြန်မာ့နိုင်ငံရေးအကြောင်းက ပျော်စရာ သိပ်မရှိလှဘူးဗျာ၊ အာဏာလုတာတွေ၊
နေရာလုတာတွေ၊ အားပြိုင်တာတွေ၊ ခြေထိုးတာတွေ၊ နောက်ကျောဓားနဲ့ထိုးတာတွေ၊
ကန့်လန့်တိုက်တာတွေ၊ ပတ်မကြီး ထိုးခွဲတာတွေ၊ သပ်လျှိုတာတွေ၊ ဟိုကပ်ဒီကပ်
ပြေးကပ်တာတွေ၊ မစားရ၀ခမန်း ပြောတတ်တဲ့ မျက်လှည့်ဆရာတွေချည်းပဲ
များနေတာတွေ၊ လူသန်မပေါဘဲ လူပြောပဲများနေတာတွေ၊ စသဖြင့် စသဖြင့်ပေါ့ဗျာ။
ဒီကြားထဲ ဘာသာရေးတို့၊ အမျိုးသားရေးတို့၊ လူမျိုးရေးတို့က ပါလာသေးတော့
အပင်ပေါ်က စာဗူးတောင်းသိုက်ကမှ နည်းနည်းရှင်းလိမ့်ဦးမယ်။
မြန်မာ့နိုင်ငံရေးကတော့ဖြင့် သက်ပြင်းသံတဟူးဟူး...၊ ဗိန်းမောင်းသံ တညံညံနဲ့
ဂဏန်းတွေနေတဲ့တိုင်းပြည် ဖြစ်နေဆဲပါပဲဗျာ...။
ဒီအပေါ်ကဓာတ်ပုံက
ဘာကြီးလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့... Facebook မှာ Share
လုပ်စဉ်ကတည်းက သဘောကျလို့ သိမ်းထားမိတဲ့ ဓာတ်ပုံပါ။ မြန်မာ့နိုင်ငံရေးကို
ပုံဖော်ထားတာပါတဲ့။ ကျွန်တော် သိပ်သဘောကျပြီး ရယ်မိပြုံးမိတဲ့
ဓာတ်ပုံတစ်ခုပါ။ တွေးဆဆင်ခြင်နိုင်ကြပါစေ...။
ကျွန်တော်ကိုဉာဏ်လည်း ကဏန်းတွေအများကြီးထဲက ကဏန်းတစ်ကောင် ဖြစ်ကြောင်းပါခင်ဗျား....။
ME
ဘကြီးသက်
No comments:
Post a Comment