ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်း၏ ရိုက်ခံသံ
Arakan Times, 19February 2013 —–
စီမံကိန်းရှိနေရာမှ ဒေသခံနေအိမ်များ
ပတ်ဝန်းကျင်မြင်ကွင်းတွေက ကျွန်မရဲ့စိတ်တွေကို ညိုးနွမ်းစေပါပြီ။ မြဒေးကျွန်းကို ပထမတစ်ကြိမ်ရောက်ရှိခဲ့စဉ် မြင်ကွင်းနှင့် ယခုရောက်ရှိစဉ်မြင်ကွင်းက ကွဲပြားနေတယ်။ ဒေသခံတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ၊ သဘာဝပတ်ဝန်းကျင်ကအစ အရာအားလုံးပြောင်းလဲသွားခဲ့တယ်။
ရေနံနှင့်သဘာဝဓါတ်ငွေ့ကို တရုတ်နိုင်ငံသို့ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရန် ကုန်ယူဝင့်ကြွားစွာ နေ့မအား၊ ညမအား တည်ဆောက်နေချိန်၊ တဖက်မှာတော့ ဒေသခံပြည်သူတွေရဲ့ ရုပ်သဏ္ဍန်တွေက အားပျော့နွမ်းလျှနေပြီ၊ ခံစားချက်၊ နာကြီးချက်၊ ဒေါသစိတ်တွေက ပြည့်နှက်နေကြလေပြီ။
ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ ရေခံ၊ မြေခံကောင်းသောမြဒေးကျွန်းရှိ ဥယျာဉ်ခြံမြေတွေဟာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့စီမံကိန်းကြီးကြောင့် ကွယ်ပျောက်ခဲ့ရပြီ။ ဒေသအခေါ် နတ်မကျွန်းမြစ်နှင့် သံစစ်မြစ်တွင်းရှိ မြဒေးကျွန်ဒေသခံများ၏ ထမင်းအိုးကြီး ကွဲခဲ့ရပါပြီ။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းပေါ်သို့ ရေနံနှင့်သဘာဝဓါတ်ငွေ့ စီမံကိန်းကြီးမရောင်ခင်က ဒေသခံတွေဟာ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းကာ ပူပင်စရာမရှိ၊ အေးချမ်းစွာ နေထိုင်လာပြီးမှ လက်ရှိမှာတော့ စီးမံကန်းကြီးရဲ့ အကျိုးဆက်တွေကြောင့် စိုးရိမ်စိတ်များဖုံးလွှမ်းကာ နေ့စဉ်နှင့်အမျှ ရင်တက်မအေးဖြစ်နေရတော့တယ်။
ဒေသခံပြည်သူများတွေရဲ့ မျက်နှာအမူအရာတွေက ညိုးငယ်နွမ်းလျှပြီး သူတို့တွေ နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်မည့်သူအား မျှော်လင့်နေကြတယ်၊
မြဒေးကျွန်းသို့ ပထမတစ်ကြိမ်ရောက်ရှိခဲ့စဉ်က စီမံကိန်းကြီးစတင်ခါစဖြစ်နေတော့ ဒေသခံတွေမှာ စီမံကိန်းဧရိယာအတွင် ပါဝင်သွားခဲ့တဲ့ မြေယာနှင့် ဥယျာဉ်ခြံများအတွက် လျှော်ကြေးငွေပေးပြီးခါစ ဒေသခံတွေလက်ထဲမှာတေ့ ငွေပင်ငွေရင်၊ ငွေသီးသီးနေတဲ့ အချိန်၊ စီမံကိန်းရဲ့ ဆိုးကျိုးကောင်းကျိုးကိုမသိခဲ့ကြ၊ သူတို့အတွက် ငွေသည်သာလျှင်အဓိကဖြစ်တယ်လို့ ထင်ထားခဲ့ကြတယ်၊
ယခုတော့ ဒေသခံတွေမှာ ရသမျှငွေများကုန်သွားခဲ့ပြီး၊ သူတို့ရဲ့ ပိုင်ဆိုင်မှုမြေကြီးလည်း စီမံကိန်အောက်ရောက်သွားခဲ့ပြီ၊ တစ်ချို့ကတော့ ငွေသည်သူတို့အတွက် အရေးမကြီး၊ မြေကြီးပိုင်ဆိုင်မှုသည်သာ အဓိကဖြစ်တယ်ဆိုတဲ့ အတွေးစတွေဝင်လာခဲ့ကြတယ်။
နံနက်စောစော ကျွန်မမြဒေးကျွန်း ဘုန်းတော်ကြီးကျောင်းကို ရောက်သွားချိန်မှာ ရွာသားတစ်ချို့ စုရုံးရောက်ရှိလာကြတယ်၊ ဧည့်သည်တစ်ယောက် ရောက်ရှိလာလျှင် သူတို့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်ဟုထင်ကာ ရောက်လာကြတာဖြစ်တယ်၊ ကျွန်မမှာတော့ သူတို့ရဲ့ရင်ဖွင့်သံတွေကို နားထောင်ရုံမှလွဲ၍ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ကြောင်း ရိုးသားစွာဝန်ခံရလေတော့တယ်။
ကျောက်တန်းရွာက ဦးလေးကြီး တစ်ယောက်က ” ကျနော်က ကျောက်တန်းရွာကပါ။ ပန်းထိန်ဆည်ရွာသွားတဲ့လမ်းမှာ ကျနော့်လယ်ကွက်ရှိပါတယ်၊ ပိုက်လိုင်းအတွက် လမ်းဖောက်တော့ မိုးရာသီမှာ မြေကြီးတွေပြိုကျပြီး ကျနော့်လယ်ကွက်ကို ဖုန်းသွားတာ စပါးခင်းလည်းပျက်၊ လယ်ကွက်ထဲမှာ မြေကြီးတွေပုံသွားတာ နောက်ကိုလည်လုပ်စားလို့မရတော့ဘူး။ ” ဆိုပြီး ပြောလာခဲ့တယ်၊
ဂစ်ပိုင်လိုက်သွယ်တန်းရန်အတွက် တောင်ဖြိုမြေတူးလိုက်တဲ့အတွက် ပိုထွက်လာတဲ့မြေကြီးတွေကို ဘေးတစ်ဖက်တစ်ချက်သို့ စုပုံလိုက်တာကြောင့် စိုက်ပျိုးထားတဲ့ နှစ်ရှည်သီးပင်တွေ ပျက်စီးသွားကြတယ်၊ သတ်မှတ်မြေဧရိယာထက်ကျော်လွန်ပြီး ဖောက်လုပ်တာတွေလည်း လျှော်ကြေးငွေတွေမရကြ။
ပြိန်ရွာက ရွာသားတစ်ဦးက ” ကျနော့်ကို ပထမ လျှော်ကြေးငွေးသိန်းတစ်ရာပေးတယ်၊ နောက်ထက်ဝက်ရအုံ့မယ်လို့ပြောလိုက်တယ်၊ ဒုတိယ တစ်ကြိမ်လျှော်ကြေးပေးတော့ သိန်း (၇၀) ပဲရတော့တယ်၊ ကျနော်တို့ လျှော်ကြေးငွေသွားထုတ်တုန်းက လူပေါင်း (၂၈) ယောက်၊ တစ်ယောက်မှ အပြည့်အ၀မရကြဘူး” ဆိုပြီးပြောလာပြန်တယ်၊
ကျွန်မမှာတော့ ရောက်ရှိလာတဲ့ ရွာသားတွေ ပြောစကားကို နေ့တ၀က်ခန့်နားထောင်ခဲ့ပြီး ရေနက်ဆိပ်ကမ်း တည်ဆောက်ရာ နေရာကို ရွားသားတွေနှင့်အတူ လိုက်သွားခဲ့ပါတယ်၊ ပြန်ရွာနှင့် ရွာမကျေးရွာအကြား ရဲစခန်းရှေ့နားရောက်တော့ ကျောက်တန်းရွာက ကိုမောင်မောင်မြင့်က ” ဒီရဲစခန်းက စီမံကိန်းကို စောင့်ရှောင့်ဖို့အတွက် ချထားပေးတာပါ၊ ဆောက်ထားတဲ့ ဥယျဉ်တောင်ဟာ ကျနော်တို့ မိသားစုတွေ ပိုင်တဲ့တောင်ပါ၊ ၄ ဧက လောက်ရှိပါတယ်၊ နစ်နာကြေး ဘာတစ်ခုမှမရပါဘူး၊ ကျနော်တို့ စိတ်မကောင်းဖြစ်ရတာက ဒီတောင်ကထွက်တဲ့ အသီးအနှံတွေကို ကျနော်တို့ခူးစားလို့မရဘူး၊ ရဲစခန်းကလူတွေစားနေတာတွေမြင်ရတော့ ကျနော်တို့အရမ်းကို ၀မ်းနည်းမိတယ် ” ဆိုပြီး စိတ်မကောင်စွာ သူကရင်ဖွင့်ခဲ့တယ်။
ဒေသခံလယ်များကိုသိမ်း၍ စီမံကိန်းပြုလုပ်နေစဉ်
ရွာမကျေးရွာ အဆုံးမှာတော့ စီမံကိန်းမှ တည်ဆောက်ထားတဲ့ ရေကန်ကြီးနှင့် ဒေသခံတွေအတွက် ရေပေးဝေရေးအစီအစဉ်ဖြင့် တည်ဆောက်ထားတဲ့ ရေကန်တည်ရှိရာတောင်ကြီးကို တွေ့မြင်လိုက်ရတယ်၊ တောင်ကြီးကိုတွေ့လိုက်ရတော့ မြဒေးကျွန်းကို ပထဦးဆုံးရောက်ခါ စအချိန်တုန်းက ပြိန်ရွာမှ အသက် (၈၀) ကျော် အဘိုးတစ်ယောက်ရဲ့ ပြောစကားကို ပြန်ပြီးအမှတ်ရလာခဲ့မိတယ်၊
” သမီး ဒီကျွန်းဟာ မဒေးကျွန်း မဟုတ်ဘူး၊ မြဒေးကျွန်းလို့ခေါ်တာ၊ မြလေးငုံမင်းသမီးကို တင်စားပြီးခေါ်ခဲ့ကြတယ်၊ ဒီခေတ်ရောက်မှ လူတွေက စာရေးတဲ့အခါ မဒေးကျွန်းလို့ရေးလိုက်တော့ အဂုလို အခေါ်အဝေါ်တွေ ပြောင်းသွားခဲ့ရတာ၊ မြဒေးကျွန်းမှာ မြို့တည်ပြီးနေလာခဲ့တဲ့ မြို့တောင်ဆိုတာရှိတယ်၊ အခုတော့ အဲဒီတောင်ကိုစီမံကိန်းက ရေကန်ကြီးနေ အဲဒီမြို့တောင်ပေါ်ကို ရေတင်ပြီး ရွာသားတွေကို ရေပေးမယ်ဆိုပြီး လုပ်နေကြတယ်၊ ” ဆိုပြီး မြဒေးကျွန်း ရာဇ၀င်ကိုအဘိုးက ပြောပြခဲ့ဖူးတယ်၊
ရေနက်ဆိပ်ကမ်း စီမံကိန်းအနီးအရောက်မှာတော့ ” ဒီနေရာက ကျနော်တို့ မြဒေးကျွန်းကလူတွေရဲ့ ထမင်းအိုးကြီးလို့ပြောလို့ရပါတယ်၊ အရင်က မြစ်ထဲမှာ ငါးရှာရင် ပိဿ (၂၀) ခန့်ရှိတဲ့ ငါးတွေရတာ၊ အခုက မိုင်းတွေခွဲ၊ သင်္ဘောကြီးတွေနဲ့ ကျောက်တွေကို ထင်သလိုစွန့်ပစ်တော့ ငါးလည်း ရှာမရတော့ပါဘူး၊ ပိုက်တွေလည်း ကျောက်ပုံအောက်တွေမှာ နှစ်မြှပ်ကုန်တယ် ” ဆိုပြီး ဒေသခံတစ်ဦးက နက်မမြစ်နှင့် သံစစ်မြစ်ရှိရာသို့ သူလက်ညိုးညွှန်ပြပြီး ပြောပြတယ်၊
မြစ်ပြင်မှာတော့ တံငါလှေတွေက ထူးဆန်းစွာ ပျောက်ကွယ်နေပြီး ငါးဖမ်းလှေတွေရဲ့ နေရာမှာ ကုမ္ပဏီက ပစ္စည်တင်တဲ့ သင်္ဘောကြီးတွေ၊ ရေနက်ဆိပ်ကမ်းတည်ဆောက်ရာမှာ အသုံးပြုတဲ့ သင်္ဘောကြီးများကနေရာယူလိုက်တော့တယ်၊
” ဒီမှာက ငါးဖမ်းခွင့်မရှိတော့ဘူးဗျ။ ကုမ္ပဏီတွေရောက်လာကထဲကစပြီးတော့ သူတို့လုပ်ငန်းတွေ အနှောက်အယှက်ဖြစ်တယ်ဆိုပြီး ငါးဖမ်းခွင့်ကိုပိတ်ထားတယ်။ ကျနော်တို့ မြဒေးကျွန်းက လူတွေက ရေလုပ်ငန်းကိုအဓိက ထားကြရတာ။ အခုတော့ ကုန်းမှာလည်း လုပ်စားစရာ နေရာမရှိ၊ ရေမှာလည်း လုပ်စားလို့မရတော့ဘူး ” ဆိုပြီး ခံစာချက် အပြည့်နှင့် ဒေသခံတစ်ဦးရဲ့ ပြောပြတယ်။
အလွန်ကြီးမားသော သင်္ဘောများ ဝင်ရောက်လာသောကြောင့် ဒေသခံများ ငါးဖမ်း၍မရ
ကျမရင်ထဲမှာ စိတ်မကောင်စွာနဲ့ပဲ ဒေသခံတွေ အခုဘာတွေ လုပ်ကိုင်စားသောက်နေကြလဲလို့ မေးပါတယ်။ အဲဒီတော့ သူက “အလုပ်အကိုင်မရှိတော့ နိုင်ငံခြားထွက်ကြတာပေါ့ဗျာ။ တချို့က တခြားနေရာ သွားအလုပ် လုပ်ကြတယ်။ သူတို့ရဲ့စီမံကိန်းလုပ်ငန်းမှာ အောက်ခြေ၀န်ထမ်းဝင်လုပ်သူတွေလဲရှိတယ်။ ” လို့ပြောတယ်။
ရခိုင်အမျိုးသမီးတွေ ပင်ပင်ပမ်းပမ်းနဲ့ ကျောက်ထမ်းနေတာတွေ့ရတယ်။ သူတို့အရွယ်တွေက ကလေးအရွယ်ကစ သက်ကြီးပိုင်းထိ အရွယ်စုံပါပဲ။
” ဒီဒေသကလူတွေလုပ်ခွင့်ရတာက ကျောက်လုပ်ငန်းပါပဲရှင်။ ကျမတို့ကထမ်းဗူးနဲ့ လာစောင့်နေရတယ်။ အလုပ်ပေါ်မှ ခိုင်းတယ်။ တနေကုန်ထိုင်စောင့်ပြီးမလုပ်ရယင် အိမ်ပြန်ရတယ်။ လုပ်အားခကျတော့လည်း တစ်နေ့ကို နှစ်ထောင်ပဲပေးတယ်။ အမျိုးသားတွေ ကျတော့ သုံးထောင်ကျော်ရတယ်။ အလုပ်လုပ်တာချင်း အတူတူကျမတို့အမျိုးသမီးတွေကို တမင်ခွဲခြားပေးနေတာ ” လို့ ကျောက်တန်းရွာကနေ အလုပ်ကြမ်းလာလုပ်နေတဲ့ အသက်(၅၀)ကျော်အရွယ် ဒေါ်အောင်လှနုက ကျမကိုပြောတယ်။
တရုတ်ရေနံကုမ္ပဏီ CNPC ရဲ့ စီမံကိန်းလုပ်ငန်းခွင်မှာတော့ အဆောက်အဦးအကြီးတွေ၊ တရုတ်အလုပ်သမားတွေနေတဲ့ အဆောက်အဦးတွေက ကြီးမားခန့်ကြားလှတယ်။ ထူးခြားတာက နိုင်ငံခြားသားလုပ်သားတွေအတွက် နေစရာအဆောက်အဦး တိုက်ခန်းလေးတွေမှာ ရေမီးအစုံနဲ့ သပ်သပ်ရပ်ရပ်လေး။ စီမံကိန်း ဘေးပတ်လည် တောင်နံရံတွေကို လှမ်းကြည့်လိုက်တော့ အိမ် ဖြူဖြူလေးတွေကို လှမ်းမြင်ရတော့ သွပ်ပြားမိုးထားတဲ့ အိမ်လေးတွေလို့ ထင်ခဲ့ရပေမယ့် အနားရောက်တော့မှ မိုးကာအဖြူတွေ၊ ပီနံအိပ်ခွံတွေကို အမိုးအကာပြုလုပ်ပြီး လူတစ်ဦး ခြေဆန့် မသာယာနိုင်တဲ့ တဲကလေးတွေကို မြင်လိုက်ရတော့ စိမ်မသာမယာဖြစ်ခဲ့ရတယ်။
စီမံကိန်းကြီး ကျွန်းပေါ်မရောက်မှီ အခါတုန်းကတော့ ပြည်သူတွေမှာ စိတ်အေးချမ်း စွာနေထိုင်ခဲ့ရပေမယ့် စီမံကိန်းကြီး ရောက်ရှိလာတော့ ပြည်သူတွေမှာ သောကတွေအပြည့်နှင့် ရတက်မအေးနိုင်သော်လည်း ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကား နေ့မအားညမအား ဂုဏ်ယူဝင့်ကြွားစွာ ဆောက်လုပ်နေကြတော့တယ်။
ကျမတို့ဟွန်ဒါကလေးဟာ မြဒေးကျွန်းကိုကျောခိုင်းထွက်ခွာလာခဲ့ကြပြီး ကပိုင်ချောင်းရွာသို့ ဦးတည်ခုတ်မောင်းလာခဲ့ကြတယ်။ လှေဆိပ်မှာပဲ အိန္ဒိယနိုင်ငံ Punj Lloyd ကုမ္ပဏီရဲ့ စီမံကိန်းလုပ်ငန်းခွင်ကို တွေ့မြင်ရတယ်၊ လယ်မြေတွေပျက်စီးနေပြီး၊ ဆားငန်ရေ ငွေ့ဖုံးလွှမ်းခြင်းလက္ခဏာ နီကျင့်ကျင့်အရောင်ကို နေညိုချိန်မှာ အထင်းသားတွေ့မြင်ရတယ်။ ညမှောင်ရီဝိုးတ၀ါးမှာ အိမ်ခြေထောင်ကျော်ရှိတဲ့ ကပိုင်ချောင်းရွာကိုကျမတို့ ရောက်ခဲ့ကြတယ်၊
ရွာအ၀င်ဝ ပိုက်လိုင်းလမ်းပေါ်မှာ စုပုံထားတဲ့ ထင်းချောင်းတွေကိုစည်းနေတဲ့ ရွာသားတစ်ဦးကို ကျမက ” အဒေါ် ဒီပိုက်လိုင်းလမ်းက တခြားလမ်းနဲ့လည်းမတူဘူး၊ တော်တော်ကျယ်တာပဲနော် ” ဆိုပြီး ကျွန်မက မေးလိုက်တော့ ” ဟုတ်တယ် တူမ ဒီလမ်းက သူတို့ သက်သက်မဲ့ဖောက်လိုက်တာ၊ လျှော်ကြေးပေးတော့ ပေတစ်ရာအတွက်သာ၊ ဖောက်လိုက်တာ ပေနှစ်ရာဖြစ်သွားတယ်၊ ဒီအတွက်လည်း ဘာမှမရဘူး ” ဆိုပြီး ရှင်းပြတယ်၊
ကျမတို့တွေ ရောက်လာတာနဲ့ ရွာသားတွေစုဝေးပြီး ရောက်လာကြတယ်။ ” ကျနော်တို့ ရွာနားက လယ်သမား(၁၆၁) ယောက် လုပ်ကိုင် စားသောက်နေတဲ့ လက်ခွါဒွေဆည်ကြီး ပျက်နေပါတယ်၊ ကျနော်တို့ဆည်ကိုဖြတ်ပြီး ပိုက်လိုင်းသွယ်တန်းတဲ့အခါ ပိုက်လိုင်လမ်းကြောင်း တလျှောက်ပဲ လျှော်ကြေးပေးတယ် တကယ်တမ်းဖေါက်လုပ်တဲ့အခါကျတော့ ဆည်ဘောင်တွေကို ချိုးဖျက်လိုက်လို့ ဆည်တခုလုံး ရေငန်တွေပြည့်သွားလို့ လယ်သမားအားလုံး စပါးစိုက်လို့မရခဲ့ဘူး။ နစ်နာကြေး တောင်းလည်း ဂရုမစိုက်ဘူး မယက၊ ခယက ကိုတိုင်ပြန်တော့လည်း ဘာမှအရေးမယူဘူး။ ၀မ်းစာအတွက် ရှိသမျှရွှေစငွေစလေးတွေရောင်း၊ နွားတွေရောင်နဲ့အခုဆိုဒုက္ခပင်လယ်ဝေနေကြရပြီ ” ကပိုင်ချောင်းရွာသား အသက် (၇၇)နှစ် အရွယ် လယ်သမားကြီး ဦးအောင်ကျော်ထွန်းက ညှိုးမျက်နှာနဲ့ဆိုလာတယ်။
လယ်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောပြချက်တွေအရ ကပိုင်ချောင်းကာရီခေါ် လက်ခွာဒွေဆည်မှာ အမည်ပေါက် ဧက(၇၅၀)ရှိသော်လည်း အမှန်တကယ်မှာ လယ်မြေဧက(၁၈၂၄)ဧကရှိကြောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်း သွယ်တန်းမှုကြောင်းမှုကြောင့် ဆည်ဘောင်ပျက်စီးရာကတဆင့် ဆားငန်ရေဆည်တွင်း ၀င်ရောင်ပျက်စီးခဲ့ကြောင်း၊ ဆည်ဘောင်များပြန်လည် ဆည်ဖို့ပေးခြင်းမရှိသလို ၂ နှစ်တာ ကာလစပါးပျက်စီးမှု နစ်နာကြေးလည်းမပေးကြောင်း၊ လယ်သမားများ အတိဒုက္ခရောက်နေရကြောင်း သိရတယ်။
လယ်ယာမြေကွက်ထဲသို့ ကျောက်များနှင့် သဲများစုပုံထားသောကြောင့် ဒေသခံများ လုပ်စားပျက်
နောက်နေ့မနက်မှာ ကပိုင်ချောင်းဆရာတော်ကိုလျှောက်ထားတော့ ဆရာတော်က ” ကုန်ခဲ့တဲ့လက ဦးဇင်း Punj Lloyd ကုမ္ပဏီမှတာဝန်ရှိသူတွေနဲ့တွေ့တဲ့အခါသူတို့က နစ်နာသူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကိုလဲ ဖြည့်ပေးမယ်၊ ဒေသဖွံ့ဖြိုးရေးလဲ လုပ်ပေးမယ်လို့ဂတိပေးသွားတယ်။ စီမံကိန်းပြီးဆုံးမယ့် ၂-လသာ လိုတော့တဲ့ ဒီနေ့အထိ ဆောင်ရွက်ပေးတာမတွေ့ရတော့ သူတို့ပေးတဲ့ကတိအပေါ်မှာ ဦးဇင်းတော့ သံသယဖြစ်မိတာ အမှန်ပါပဲ။ နောက်ထပ် ဦးဇင်းကြားရတာကတော့ ဘိလပ်မြေအိတ် ၂၀၀ နှင့် ငွေ ၅ သိန်းကိုကျေးရွာ အုပ်ချုပ်ရေးမှူးဆီကို ပေးတယ်တဲ့။ ဒါနဲ့ ရေပိုက်ခေါင်းတစ်ခုကို ရွာသားတွေ လုပ်အားပေးနဲ့ ဆောက်လုပ် ၀ခိုင်းတယ်။ မလာတဲ့လူကို ငွေ ၅၀၀၀ ထောင် အလျှော်ဒဏ်တပ်တယ်။ တကယ်တော့ သူတို့က စေတနာနဲ့ ပေးတာမဟုတ်ဘူး သူတို့ပိုက်လိုင်း တည်ဆောက်တဲ့အခါ အထောက်အကူပြုဖို့အတွက် ရွာသားတွေရဲ့ လုပ်အားကိုတဖက်လှည့်နှင့် ယူလိုက်တာသာ ဖြစ်တယ်။ သူတို့ကြောင့်ပျက်စီးသွားတဲ့ ဆည်ဘောင် တွေကိုပြန်လုပ်ပေးမယ်ဆိုရင် ဆည်တစ်ခုလုံးကို သူတို့ငွေကြေးနဲ့ပြန်လည်ပြုပြင်ပေးရမှာဖြစ်တယ်။ ရွာသားတွေကိုခိုင်းစရာလုံးဝမလိုဘူး ” ဆိုပြီး ဆည်နဲ့ပတ်သက်လို့ အကျယ်တ၀င့်မိန့်ကြားပါတယ်။
နောက်နေ့မှာကျမတို့ အမ်းမြို့ကိုသွားခဲ့ကြတယ်။ အမ်းမြို့ကိုတိုက်ရိုက်မရောက်ဘဲ သပြုချိုင်ရွာမှာ ညအိပ်တော့ ဒေသခံတောင်သူတွေက ပိုက်လိုင်းဖြတ်သွားလို့ လယ်မြေပျက်စီးတာတွေအတွက် နစ်နာကြေး မရတဲ့အကြောင်းတွေ၊ စစ်တပ်မြေသိမ်းထားတာတွေကို လာရောက်ပြောဆိုကြပါတယ်။
အမ်းမြို့ကို ရောက်တော့ အမ်းမြို့သစ်မှာနေတဲ့ ကျမမိတ်ဆွေအိမ်မှာ တည်းခိုနေတုန်း တောင်သူတွေ အများအပြား ရောက်လာကြတယ်။ သူတို့ရင်ဖွင့်စရာ လူမရှိလို့ ရင်ဖွင့်ရတာပါဆိုပြီး သူတို့အဖြစ်အပျက်တွေကို ပြောပြကြတယ်။ သူတို့ပြောပြတဲ့အထဲမှာ ပိုက်လိုင်းဖြတ်သွား တဲ့မြေအတွက် နစ်နာကြေးမရတာ၊ စစ်တပ်ကမြေသိမ်းလို့ အလုပ်အကိုင်မရှိဖြစ်သွားပြီး ဒုက္ခရောက်နေရတာ တွေ့ပါတယ်။
ပိုက်လိုင်းဖြတ်သန်းမြေနစ်နာကြေးကိစ္စရင်ဖွင့်သံတွေးကို နားထောင်ကြည့်တဲ့အခါ လျော်ကြေးမရသူထက် လျော်ကြေးကို ပိုင်ရှင်အစား တခြားသူတစ်ဦးကိုပေးထားတဲ့အပေါ် ဘ၀င်မကျမှုတွေ၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE)က သတ်မှတ်ပေးပြီးဖြစ်တဲ့လျော်ကြေးငွေ အပြည့်မရတဲ့ အခြေအနေတွေက ပိုများနေတာတွေရတယ်။ ထူးခြားတာက လျော်ကြေးမရတဲ့အထဲ တပ်မတော်သားမိသားစုဝင်တွေ၊ တပ်မတော် အငြိမ်းစားတွေလဲ ပါဝင်တာတွေ့ရတယ်။
” ကျမယောင်္ကျားတပ်ကထွက်လို့ရှိရင် အမေရယ်၊ မောင်လေးရယ် အပြင်မှာအတူတူနေပြီး စိုက်ပျိုး၊ မွေးမြူရေး လုပ်စားကြမယ်ဆိုပြီးတော့ ကိုယ်ပိုင်ငွေလေးနဲ့ ၂၀၀၇ မှာ ဦးတုံဆီ ၀ယ်ထားခဲ့တာပါ။ အဲဒီ မြေကွက်လေး ပိုက်လိုင်းဖောက်တဲ့အထဲပါသွားတော့ MOGE ဆီမှာ ကျမလျော်ကြေးသွားတောင်းပါတယ်။ သူတို့က ကျမကို မရတော့သူးလို့ပြောတယ်။ ဟိုတိုင် ဒီတိုင်လုပ်ရင် နင့်ယောင်္ကျား တပ်ကြပ်ကြီးဘ၀ကနေ အရာခံဗိုလ်မဖြစ်ဘဲ အလုပ်ပြုတ်သွားလိမ့်မယ်ဆိုပြီးတောလည့်း ခြိမ်းခြောက်လွှတ်လိုက်တယ်။ ကျမလည်း ကြောက်ကြောက်နဲ့ ပြန်လာခဲ့ရတာပေါ့ရှင် ” ဆိုပြီးတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခမရ (၃၇၂) မှ တပ်ကြပ်ကြီးတစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်ချယ်ရီမိုးက မချင့်မရဲပြောပြပါတယ်။
အမ်းမြို့အောက်ရွာနေ တပ်မတော်တပ်ကြပ်ဘ၀မှ အငြိမ်းစားယူထားတဲ့ ဦးဝဏ္ဏစောကလည်း ” ကျနော့်ပိုင် မြေမှာ ကွင်းအမှတ်(OSS)ကြေးတိုင်ပြင်ဖြစ်ပြီတော့ ဦးပိုင်အမှတ် N/25, N/45, N/63, N/75 တို့ဖြစ်တယ်။ စုစုပေါင်းပိုင်ဆိုင်မြေ ၂ ဧကရှိပါတယ်ဗျာ။ အဲဒါပိုက်လိုင်းဖြတ်မယ်လုပ်တော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကျနော်မပါဘဲတိုင်းထွာတယ်။ ကျနော့်ကို အကြောင်းမကြားဘဲ တိုင်းထွာထားတဲ့အတွက် ကျနော်လက်မှတ် မထိုးနိုင်ဘူးဆိုပြီးတော့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော့်ကိုခေါ်ပြီးတော့ မြေကွက်ကိုတိုင်းပါတယ်။ ကျနော့်သီးနှံပင်တွေကိုစာရင်းပြုစုတယ်။ အဲဒီမှာကြည့်လိုက်တော့ ကျနော့်မြေကွက်ထဲမှာတခြားရွာက သူတို့နဲ့နီးစပ်သူနှစ်ဦးက ကော်ဖီပင်အတုတွေ တိတ်တဆိတ်ဝင်စိုက်ထားတယ်။ သူတို့စိုက်ထားတဲ့ မြေကြီးအတွက် နစ်နာကြေးတွေ အားလုံးကိုသူတို့နှစ်ဦးကိုပဲပေးလိုက်တယ်။ ကျနော့်ကိုကျတော့ ၂ ဧကရှိတဲ့ အနက် ၀.၇၄ ဧကအတွက်ပဲနစ်နာကြေးပေးတယ် ” စိတ်ပျက်လက်ပျက် ရှင်းပြတယ်။
နှစ်ရက်တာနေထိုင်ပြီး အမ်း-တောင်ကုတ်ပြေးဆွဲနေတဲ့ “မိဘဂုဏ်” အမည်ရှိမော်တော်ယဉ်နဲ့ တောင်ကုတ်သို့လာခဲကြပါတယ်။ လာရာလမ်းတလျှောက်မှာ ရခိုင်တို့က “ဖိုးခေါင်တောင်” လို့ခေါ်ကြတဲ့ ရခိုင်ရိုးမတောင်ခြေ အလှ၊ သဘာဝကပေးတဲ့ သစ်တော၊ ၀ါးရုံတောတွေကို တရိပ်ရိပ်ဖြတ်သန်းရင်း ရခိုင်ပြည်နယ်ရဲ့သဘာဝ အရင်းအမြစ်တွေအကြောင်း အတွေးနယ်ချဲ့မိတယ်။
စီမံကိန်းပြုလုပ်သည့် ကုမ္ပဏီမှ လုပ်သားများနေအိမ်နှင့် ဒေသခံများနေရသည့် အိမ်များကို တွေ့ရစဉ်
ရခိုင်ပြည်ကထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့၊ နိုင်ငံတကာက ပင်လယ်ရေကြောင်းနှင့် သယ်ယူလာမယ်လို့ပြောတဲ့ ရေနံကိုတရုတ်နိုင်ငံ ပို့ဖို့အတွက်စီမံကိန်းကို စတင်ခဲ့တဲ့အချိန်ကစပြီး လက်ရှိကာလထိ ဒေသခံတွေရဲ့နစ်နာချက်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ယနေ့တိုင် ရှိနေဆဲ။ “ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်းသက်တမ်း အနှစ် (၃၀) ကိုဖြတ်သန်းရအုံ့မည်ဆိုရင် ဒီစီမံကိန်းရဲ့ ရိုက်ခတ်မှုကို ရခိုင်ပြည်သူတွေ ဒီအတိုင်း ခါးစည်းပြီးခံနေကြရမည်လား ” ဟုတွေးနေမိတယ်၊ ရခိုင်ဒေသ ပိုက်လိုင်းဖြတ်သန်းရာ ကျောက်ဖြူ၊ အမ်းမြို့နယ်နှစ်ခု ခရီးစဉ်ပြီးဆုံးခဲ့ပေမယ့် ကျမနှလုံးသားမှာတော့ ဒေသခံတွေရဲ့ရင်ဖွင့်သံတွေသာ တဖြတ်ဖြတ် စိုးမိုးရိုက်ခတ်နေပါတော့တယ်။
Written by ဇင်ကီး
No comments:
Post a Comment