Thursday, October 11, 2012

မြန်မာနိုင်ငံဟာ ကံကောင်းသတဲ့


မြန်မာနိုင်ငံဟာ ကံကောင်းသတဲ့

by Aung Moe Win on Wednesday, October 10, 2012 at 11:38pm ·
မြန်မာနိုင်ငံဟာ နယ်ဆင်မင်ဒဲလား လို ခေါင်းဆောင်တယောက်နဲ့ ဂေါ်ဗာချော့ လို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူတယောက်ကို တပြိုင်တည်းရလိုက်တဲ့ အတွက် ကံကောင်းသတဲ့။လွန်ခဲ့တဲ့ အပတ်တုံးက နိုင်ငံတကာ သတင်းစာတွေကို ပြန်တုန့်ပြန်ထားတဲ့ ဆောင်းပါးလေးကို လွတ်လပ်တဲ့အာရှအသံရဲ့ ကြာသာပတေးညပိုင်းအစီးအစဉ်မှာ ဆွေးနွေးခဲ့တယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေကိုကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ရဲ့ ခရီးစဉ်တွေ၊ သူတို့အပေါ် နှိုင်းယှဉ်သုံးသပ်ထားတဲ့ ဆောင်းပါးတွေ၊ ဒီမိုကရေစီရေးမျှော်လင့်ချက်ရောင်ခြည်တွေကို ဝေဝေဆာဆာတွေ့မြင်နေကြရပါတယ်။ နယူးယောက်တိုင်း သတင်းစာကြီးမှာ ဆိုရင် မြန်မာနိုင်ငံဟာ နယ်ဆင်မင်ဒဲလား နဲ့ ဂေါ်ဗာချော့ လို ပုဂိုလ်နှစ်ယောက်ကို တပြိုင်တည်းရတဲ့အတွက် ကံကောင်းတယ် လို့ ခြီးကြူးထောပနာပြုထားခြင်းကို နှိုင်းယှဉ်ပြထားမှုအပေါ် ပြန်လည်ချေပထားတဲ့ အချက်အလက်တွေကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက လွတ်မြောက်ရေးခေါင်းဆောင် နယ်ဆင်မင်ဒဲလား နဲ့ နှိုင်းယှဉ်ထားပြီး သမ္မတကြီး ဦးသိန်းစိန် ကိုတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေး၊ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူ ဂေါ်ဗာချော့ အဖြစ်နဲ့ ရည်ညွှန်းချင်ပုံရပါတယ်။ တချို့ကတော့ အဲ့ဒီ နှိုင်းယှဉ်ချက်တွေကို အပြင်းအထန်ငြင်းဆန်ခဲ့ကြပါတယ်။
 နယ်ဆင်မင်ဒဲလား ဟာ အကျဉ်းထောင်ထဲမှာ ၂၇ နှစ်ကျော် အဖမ်းခံခဲ့ရပြီးတဲ့နောက် သူရှိတဲ့နေရာကို လူဖြူအစိုးရက လာရောက်ညှိနှိုင်းခဲ့ပါတယ်။ တောင်အာဖရိက ရွေးကောက်ပွဲတွေမှာ သမ္မတအဖြစ် ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။၊ မြန်မာစစ်အစိုးရကတော့ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေ စည်းဝိုင်းထဲကို ဝင်မလာမခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အပေးအယူမလုပ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ရဲ့ အတွင်းစည်းထဲမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ အမုန်းတရား တစုံတရာမှ မပြောဆိုပဲ၊ အတိတ်ရဲ့ နာကျင်ဘွယ်အဖြစ်အပျက်တွေကို ပြန်လည် ကောက်ကြောင်းမခြစ်ပဲ၊ မေတ္တာတရား အငွေ့အသက်တွေလွှမ်းခြုံနေတဲ့ နိုင်ငံရေးလမ်းကြောင်းတခုကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ အကန့်အသတ်တွေများလွန်းတဲ့အပြင်၊ သမ္မတဖြစ်မဲ့သူဟာ စစ်ရေးအတွေ့အကြုံရှိရမယ် ဆိုတဲ့ စည်းခြားမှုတွေကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေဟာ နယ်ဆင်မင်ဒဲလား လို ဖြစ်လာဖို့ အခြေအနေမရခဲ့ပါဘူး။ ပိုပြီး ကွာခြားတဲ့ အချက်ကတော့ နိုင်ငံတကာ ရဲ့ တုန့်ပြန်မှုအနေအထားပဲဖြစ်ပါတယ်။ တောင်အာဖရိက လွတ်မြောက်ရေးလှုပ်ရှားမှုကာလတွေကို ကြည့်လိုက်မယ် ဆိုရင် အမေရိကန်ပြည်ထောင်စ နဲ့ အနောက်အုပ်စုဟာ စစ်အေးတိုက်ပွဲရဲ့ အဓိက အန္တရာယ်ဖြစ်တဲ့ ကွန်မြူနစ်တွေရဲ့ ခြေလှမ်းကို ရိုက်ချိုးချင်ခဲ့ပါတယ်။ ဒါကြောင့်လည်း၊ အကြမ်းဖက်မှုနည်းပေါင်းစုံ နဲ့ လူဖြူအစိုးရကို လက်နက်ကိုင်စွဲတိုက်ပွဲဝင်ခဲ့တဲ့ အာဖရိကန်အမျိုးသားကွန်ဂယက် ကို လက်ဝဲဝါဒီတွေရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း အမှန်တရား နဲ့ အမှားတွေကြားမှာ ကြားနေဖို့ မသင့်ဘူး ဆိုတဲ့ စကားလုံးတွေနဲ့ ရော်နယ်ရေဂင် ရဲ့ အစိုးရကို ကွန်ဂယက်ထဲအထိ လာရောက်ဝေဖန်ခဲ့ဘူးပါတယ်။
  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကတော့ ကံဆိုးမှုတွေထဲမှာ ရုန်းကန်ခဲ့ရတယ် လို့ ဆိုရပါလိမ့်မယ်။ တောင်အာဖရိကရဲ့ လူဖြူအစိုးရကို ထောက်ခံခဲ့သူ အင်အားကြီးနိုင်ငံတွေက အဝေးကြီးမှာ ရှိနေခဲ့ပေမဲ့ မြန်မာစစ်အာဏာရှင်တွေကို အဓိက ထောက်ခံပံ့ပိုးခဲ့သူ တရုပ်ပြည်သူ့သမ္မတနိုင်ငံကတော့ အနီးဆုံးမှာ တည်ရှိနေခဲ့ပြီး၊ ဒေသတွင်း လွှမ်းမိုးမှုကို သိမ်သိမ်မွေ့မွေ့လုပ်ကိုင်နေခဲ့တာကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခပ်ပိတ်ဆို့မှုတွေဟာ အရာမထင်ခဲ့ပါဘူး။ ဒါ့အပြင် အာဆီယံ လို အဖွဲ့တွေကလည်း မျက်နှာနှစ်ဘက်နဲ့ အဆက်အဆံလုပ်နေခဲ့တာကြောင့် မြန်မာနိုင်ငံရေးအပြောင်းအလဲပေါ်မှာ ဘုံသဘောတူညီမှုဆန်တဲ့ မဟာဗျူဟာ တခု ရှိမနေခဲ့ပါဘူး။ အင်အားကြီးနိုင်ငံတခုက စစ်ရေးနိုင်ငံရေး အဓိက ထောက်ပံ့ပေးနေခဲ့ရင်၊ အဲ့ဒီ နိုင်ငံတွေအပေါ် ဆင်နွဲတဲ့ စစ်ပွဲဟာ မအောင်မြင်နိုင်ဘူး၊ ဥပမာ ဗီယက်နမ် စစ်ပွဲပေါ့ဗျာ ၂၀ ရာစုမှာ ဗီယက်နမ်စစ်ပွဲ အရှုံးရဲ့ သင်ခန်စာကို လေ့လာခဲ့မိကြတဲ့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည် အပေါ်ထားတဲ့၊ သူတို့ရဲ့ သဘောထားကို ပြန်လည် သုံးသပ်ခဲ့ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု နဲ့ တရုပ်နိုင်ငံကြားက ပါဝါကစားပွဲမှာ မြန်မာနိုင်ငံဟာ ဓါးစာခံဖြစ်မှာကို စိုးရိမ်ပုံရပါတယ်။ ဒါကြောင့်လည်း ဒက်စမွန်တူးတူး ရဲ့ အင်အားပြင်းတဲ့စကားလုံးတွေလို ပြောဆိုမနေတော့ပဲ တခါတုံးက ပြိုင်ဘက်ဟောင်းတွေ နဲ့ ရင်ကြားစေ့ချင်တဲ့ စကားတွေ နဲ့ သာ ကမ်းလှမ်းခဲ့ပါတယ်။ အမျိုးသားရေးညီညွတ်မှုကို တည်ဆောက်ပြီး အသက်ရှုချောင်မဲ့အနာဂတ်ကိုသာ မြင်တွေ့ချင်ပုံရပါတယ်။
  သမ္မတကြီး ဦးသိန်းစိန် ကို ဆိုဗီယက်ခေါင်းဆောင် မစ်ဟိုင်းဂေါ်ဗာချော့ နဲ့ နှိုင်းယှဉ်လိုက်တာကတော့ တော်တော်လေးဂွကျ တဲ့ အမြင် လို့ ဆိုရမယ် ထင်တယ်။တူတဲ့အချက်တွေတော့ ရှိတယ်ဗျာ။ ဆိုဗီယက်ယူနီယံရဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက်မယ်ဆိုရင် ဆိုဗီယက်ကွန်မြူနစ်တွေက အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်သူတွေ၊ Congress of Deputies မှာ သူတို့ရဲ့ လူတွေကပဲ ဥပဒေရေးဆွဲမှုကို အဓိက လုပ်ကိုင်ကြတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေကလည်း ဒီအတိုင်းပဲ။ ကွာခြားချက်ကတော့ ဂေါ်ဗာချော့ က ဆိုဗီယက်ယူနီယံကို ပြုပြင်ပြောင်းလဲတဲ့အခါ ပါတီစုံစံနစ်ကို မလိုချင်ဘူး။ ဆိုရှယ်လစ်အတွေးအခေါ် စက်ဝိုင်းအတွင်းကပဲ ပြုပြင်ပြောင်းလဲရေးလုပ်ချင်တယ်။ ဒါပေမဲ့ တဘက်မှာတော့ ဆိုဗီယက်ယူနီယံမှာ ပါဝင်တဲ့နိုင်ငံတွေ၊ လူမျိုးစုတွေရဲ့ အနာဂတ်ကို ကိုယ့်သဘောအတိုင်းသွားခွင့်ပြုတယ်။ သူရဲ့ အရှေ့ဂျာမဏီခရီးစဉ်မိန့်ခွန်းမှာ ဒီအချက်ကို အထင်အရှားတွေ့ရမယ်။ မြန်မာနိုင်ငံမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ နိုင်ငံရေးစံနစ်စစ်စစ်တခုကို မတွေ့ခဲ့ရသလို၊ လူမျိုးစုတွေအတွက် တိကျသေချာတဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို မညှိနှိုင်းနိုင်သေးတာကြောင့် ကချင်စစ်ပွဲတွေ၊ ရခိုင်ပြည်နယ်ပြဿနာတွေ လည်း တည်ရှိနေဆဲဖြစ်တယ်။ ပိုပြီးကွာခြားတဲ့အချက်ကတော့ ဂေါ်ဗာချော့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်တာနှေးကွေးမှုကို အားမရတဲ့အတွက် ပြုပြင်ပြောင်းလဲရေးကို ခုန်ပျံကျော်လွှားချင်တဲ့ ယဲ့ဆင် လို လစ်ဘရယ်ဝါဒီတွေ အများအပြားရှိခဲ့တယ်။ မြန်မာစစ်အစိုးရထဲမှာတော့ အဲ့သလို နိုင်ငံရေးသမားတွေ တွေ့ဖို့အလားလာမရှိနိုင်သေးဘူး။
သောတရှင်များခင်ဗျား
 နိုင်ငံတကာအနေအထားတွေနဲ့ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သေချာတာတခုတော့ ရှိပါတယ်။ စစ်အစိုးရအပါအဝင် ဒီမိုကရေစီ အင်အားစုတွေ နားလည်နေကြတဲ့အချက်ကတော့ အာဏာရှင်စံနစ် ရဲ့ နိုင်ငံရေးအမြင်မကျယ်မှု နဲ့ ဖိနှိပ်မှုတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ အကျိုးဆက်ကတော့ အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့ပြီး ပြဿနာတွေကြားမှာ နစ်မြှုပ် နေခဲ့ကြရတယ်။ အုပ်စိုးသူလူတန်းစားဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ နာမည်ပျက်ခဲ့ရသလို၊ ပြည်သူတွေဟာလည်း အမှောင်ထုထဲမှာ အသက်ရှုကြပ်ခဲ့ကြပါတယ်။ သောတရှင်တို့လည်း ပြည်သူကို စောင့်ရှောက်တတ်တဲ့ ဒီမိုကရေစီ အစိုးရတရပ်နဲ့ ဆုံတွေ့နိုင်ကြပါစေ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။