Friday, September 21, 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့တွင် ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့သဖြင့် ဦးဆောင်သူများကို ဥပဒေအရ အရေးယူသွားမည်ဟုဆို


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့တွင် ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့သဖြင့် ဦးဆောင်သူများကို ဥပဒေအရ အရေးယူသွားမည်ဟုဆို   PDF Print
Friday, 21 September 2012 22:07
AddThis Social Bookmark Button
P1
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒထုတ်ဖေါ်သူများကို တွေ့ရစဉ်
၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅နာရီတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သောသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။       
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက "ဒီနေ့ဖြစ် သွားခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်မှာ ကျွန်တော်တို့က စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်းလည်း ရှည်တယ် လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေ ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ငြင်းပယ်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းစွာ လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက တားဆီးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူတို့က လူစုမခွဲပဲ ဆက်ပြီးတော့ လျှောက်တယ်။ အဲဒီလို လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို ဥပဒေနှင့် အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့ အပေါ်မှာ ဘာမှမရှိတဲ့နိုင်ဘူး" ဟု ပြောကြားခဲ့ပါသည်။    
" ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းစွာရှိနေဖို့ အတွက် ဥပဒေဘောင်ထဲကနေ စောင့်ရှောက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ ငြင်းပယ်တာကို အယူခံဝင်လို့ ရပါတယ်။ ဒါပေမယ့် သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျှောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့ အညီမဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအ ရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာမ ဟုတ်ပါဘူး။ သူတို့အနေနဲ့ ပြဌာန်းထားတဲ့ ဥပေဒတွေကို ဖောက်ဖျက်တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်မှူးတွေက စီတန်းလှည်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈အရ အရေး ယူဖို့ ဆောင်ရွက်သွားမှာပါ" ဟု ရဲမှူး မြင့်ထွေးက ဆက်လက် ပြောကြားခဲ့ပါသည်။

P2
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒထုတ်ဖေါ်သူများကို တွေ့ရစဉ်

ထိုသို့ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည့် အကြောင်းအရာနှင့် ပတ်သက်၍ အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်နော်လှလှစိုးက "ကျွန်မတို့ လုပ်ဆောင်တာ အားလုံးက တရားဥပဒေဘောင် အတွင်းက လုပ်ဆောင်ခဲ့တာပါ။ ဆန္ဒ ဖော်ထုတ်ခွင့် လျှောက်ထားတဲ့ အခါမှာ သက်ဆိုင်ရာက လိုအပ်မှုရှိတယ် ခွင့်မပြုနိုင်ဘူးဆိုပြီး အကြောင်းကြားစာ ရရှိခဲ့ပြီး စဉ်ဆက်မပြတ် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေနဲ့ ညှိနှိုင်း မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မ တို့ ပြုလုပ်ဖို့ တင်ပြထားတဲ့ အချိန်ကို ခွင့်ပြုချက်မရရှိလို့ အခုလိုမျိုးဖြစ်ရတာပါ။ ငြိမ်းချမ်းရေးရရှိ ဖို့လုပ်ဆောင်မှုတွေ ဒီခေတ်ဒီအခါမှာ အမှန်တကယ် လိုအပ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိ ဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့ ပေါ်လစီကို  ကျွန်မတို့ နိုင်ငံသားတွေအနေနဲ့ တက်နိုင်တဲ့ဖက်က ပူးပေါင်းလုပ်ဆောင်တာပါ။ ဒီလိုမျိုးလုပ်ဆောင်လို့ ဥပဒေနဲ့ အရေး ယူမှုတွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် မှေးမှိန်သွားမှာကိုတော့ စိုးရိမ်မိပါတယ်"ဟု ပြောပြခဲ့ပါသည်။       
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင် လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည့် ပုဒ်မ ၁၈၏ ဖြစ်ဒဏ်များမှာ ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ်သုံးသောင်း ကျပ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ခြင်း ဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေးကလည်း "ကျွန်တော် နားလည်တဲ့ ဥပဒေက အများပြည်သူကို ကာကွယ်ပေးတဲ့ ဥပဒေပါ။ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ နိုင်ငံ တစ်ခုမှာ ဒီနေ့လိုမျိုး ဆန္ဒဖော်ထုတ် တာမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။ ပြီးတော့ လက်ရှိရှိနေတဲ့ ဥပဒေကရော အမှန်တကယ် ဆန္ဒဖော်ထုတ်ခွင့်တွေကို ပေးထားလား ချည်နှောင်မှုတွေ ရှိနေလားဆိုတာကို သိဖို့လိုပါတယ်။ ဒီနေ့လုပ်ဆောင်တဲ့ သူတွေ ဟာ ဆန္ဒဖော်ထုတ်ခွင့် တောင်းခဲ့တယ်။ မပေးလို့ အခုလိုမျိုး လုပ်ဆောင်ကြတာပါ။ ဥပဒေချိုးဖောက်ဖို့ဆိုတာထက် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ပဲ သူတို့မှာ ဆန္ဒရှိကြတာပါ။ အစိုးရကို ဆန္ဒပြတာ မဟုတ်ဘူး။ ယာဉ်ကြောပိတ်ဆို့မှု ဆိုတာက ဆန္ဒမပြလည်း ပိတ်နေတာ လူတိုင်းသိပါတယ်။ ဆန္ဒဖော်ထုတ်ခွင့် မပြုခဲ့တာကိုပဲ အပြစ်တင်ချင်ပါတယ်။ ဆန္ဒပြတဲ့သူတွေရဲ့ အပြစ်မဟုတ်ပါဘူး။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ ဆောင်ရွက်တာကို ဥပဒေချိုးဖောက် တယ်ဆိုတဲ့ဟာနဲ့တော့ မချည်နှောင်စေချင်ဘူး။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေး ရရှိဖို့ တကယ်လိုအပ်နေပါ တယ်"ဟုပြောကြားခဲ့ပါသည်။

မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်သူများသည် ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်များရှိ လမ်းတစ်လျှောက် ငြိမ်းစွာ စီတန်း၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း ရဲမှူး မြင့်ထွေးက ပြောကြားခဲ့သည်။          
ရန်ကုန်တိုင်းဒေသကြီးတွင် နည်းဥပဒေ ပေါ်ထွက်ပြီးသည်မှ စ၍ဆန္ဒ ဖော်ထုတ်ခွင့် လျှောက်ထားသည့် အကြိမ်ပေါင်း ၂၀ရှိခဲ့ရာ ၈ကြိမ်ခွင့် ပြုခဲ့ပြီး ၉ကြိမ်ကို ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခဲ့ကြောင်းနှင့် ၃ကြိမ်မှာ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားမှု ပြန်လည် ရုပ်သိမ်းသွားကြောင်း သိရသည်။          
အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းပေါင်း ၂၀မှ ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ပါဝင်တောင်းဆို ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့နယ် အသီးသီးရှိ ပြည်သူအချို့မှလည်း ဆန္ဒဖော်ထုတ်မှုအတွင်း ပါဝင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။              
ထိုသို့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာနိုင်ငံ အနှံ့ရှိ မြို့နယ်များ၌လည်း ပြုလုပ်ခဲ့ကြောင်းနှင့် မည်သည့် ပြဿနာမှ ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲ ငြိမ်းချမ်းစွာပြီးဆုံးခဲ့ကြောင်း သိရသည်။
Comments 
+2 #3 jungleman 2012-09-22 09:06
ကျွန်တော်တို့ရဲ့ ပြည်သူပြည်သားတွေက မြန်မာနိုင်ငံတော်ကြီးကို နေ့ချင်း ညချင်း အပြောင်းအလဲတွေဖြစ်ချင်နေကြတာလား။ အုံ့ဖွဆိုပြီး
လွတ်လပ်ခွင့်တွေ၊ တောင်းဆိုခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ ရယူလိုမှု့တွေ အခွင့်ရေးပေါင်းမြောက်မြားစွာကိုလိုချင်နေကြပြီလား။ကိုယ့်မွးဖွားထားတဲ့ ကလေးငယ်တွေတောင်မှ မွေးကတည်းကပုံသွင်းလာကြတာ အများအားဖြင့် ကိုယ်မှန်းထားတဲ့ အတိုင်းအတာထိကိုရောက်ကြရဲ့လား။ မတ်တပ်စမ်းကာစ ကလေးတယောက်ကို မပြေးနိုင်ရကောင်းလားဆိုပြီး တုတ်နဲ့ရိုက်သင်ရင် ရနိုင်ပါ့မလား။ သုညကစတင်နေရတဲ့
အခြေအနေတွေကို အဆင့်ကျော်ပြီး တက်ချင်နေကြတာလား။
မြန်မာနိုင်ငံမှာ ယခုလက်တလောအရေးတကြီး ဆောင်ရွက်ဖို့ လိုနေတာက တရားဥပဒေအမှန်တကယ်စိုးမိုးရေးပါ။ အမှန်တကယ် စိုးမိုးနိုင်မှ ဥပဒေဘောင်တွင်ကနေလက်တွေ့ ကျကျဖြေရှင်းနိုင်ကြပါလိမ့်
မယ်။ ကိုမြအေးပြောသလို လိုရာဆွဲရေးထားတဲ့ဥပဒေဆိုတာ မငြင်းပါဘူး။
ခုငြိမ်းချမ်းရေးမရကြဖူး ဘာလို့မရကြတာလဲ။ ဥပဒေစိုးမိုးမှု့မရှိတာက ရှင်းနေတာဘဲ။ စိုးမိုးမှု့ရှိအောင်၊ လက်ရှိဥပဒေတွေကို ပြင်နိုင်အောင်အား
ထုတ်ကြရမယ်။ ပြင်ဖို့ကြိုးစားနေကြတဲ့သူတွေ လည်းတွေ့ရမှာပါ။ တစိတ်ရှိစနစ်ဟောင်းအကြောင်းမပြောကြပါနဲ့။ သူမကောင်းလို့ ကိုယ်လိုက်မကောင်းနိုင်ဖူးဆိုရင် အဆင်ပြေနိုင်မှာကိုမဟုတ်ဖူး။ သူမကောင်းနိုင်ရင်ထားလိုက်ပါ ကောင်းနိုင်တဲ့သူတွေစုပြီး ဖြေရှင်းကြရင် မသင့်တော်ဖူးလား။ လုပ်ပိုင်ခွင့်ကျဉ်းနေရင်တောင်မှ အဲ့ကျဉ်းကျဉ်းလေးထဲ
ကနေပြီးဘဲ စလုပ်ကြရမှာဘဲ။ ဘောင်ကျဉ်းနေတာကို စိတ်မပျက်ဘဲ ကျယ်လာအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်
တာတွေကို ဦးစားပေးလုပ်ဆောင်မှ အနာဂတ်မျိုးဆက်တွေကို လက်ဆင့်
ကမ်းနိုင်မှာဖြစ်ပါတယ်။ မြန်မာစကားပုံတောင်ရှိပါသေးတယ်။ သကြားမင်း ကျွဲယောင်ဆောင်တာတောင် ဂျိုကားတယ်ပြောကြ
တယ်တဲ့။ အဖွားအမြဲတမ်းပြောတတ်တယ် လူ့အလိုကို နတ်တောင်မလိုက်နိုင်ကြောင်းပါ။
 
 
+10 #2 klvnaung 2012-09-22 08:30
ပြည်သူတွေ လုပ်ချင်တာကို ဖေါ်ဆောင်ပေးရမယ့် အစား နှောက်ယှက် တားမြစ်ခြင်းကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် (အစိုးရကို တရားစွဲနိုင်ရန်) ဥပဒေရှိသင့်ကြောင်းပါ။
အစိုးရက မတရားလုပ်ချင်ရင်တော့ အလွယ်လေးဖြစ်နေပြီး ပြည်သူကတရားသဖြင့် လုပ်ချင်တာကိုကျတော့ ဥပဒေချိုးဖေါက်တယ်ဆိုပြီး ဖမ်းတာဟာ တကယ်တော့ အာဏာရှင် စနစ်ပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူတွေ တရားသဖြင့် ပြုမူ တောင်းဆိုတာကို ကူညီဖို့ပဲဖြစ်သင့်ပါတယ်။ ရဲတွေကို ၀တ္တရား မကျေပွန်မှုနဲ့ ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်မှုတွေနဲ့ စိတ်ရှည်လက်ရှည် တရားပြန်စွဲသင့်ကြောင်းပါ။
 
+10 #1 Mg Dee 2012-09-22 08:00
အာဏာပိုင်တွေကလည်း အာဏာပိုင်တွေပဲ။ ဆန္ဒဖော်ထုတ်ခွင့် အကြိမ်ကြိမ်လျှောက်ထားတာ ဘာလို့မပေးရတာလဲ။ လမ်းလျှောက်တဲ့နည်း ခွင့်မပြုနိုင်ရင် အခြားနည်း တနည်းနည်းဆိုတာမျိုး အဆင်ပြေအောင် ခွင့်ပြုပေးရမယ်မဟုတ်လား။ ဆန္ဒဖော်ထုတ်ခွင့်လျှောက်တယ်။ မပေးဘူး။ ဆက်လုပ်ရင် လွတ်တော်က ပြဌာန်းထားတဲ့ဥပဒေတွေနဲ့ အရေးယူမယ်ဆိုတာမျိုးက တဖက်စောင်းနင်း ဖြစ်မနေဘူးလား။ ဘယ်ကိစ္စတွေဆို ဆန္ဒထုတ်ဖော်ခွင့်မရှိဘူးဆိုတာ ခင်ဗျားတို့ ပြည်သူတစ်ရပ်လုံးသိအောင် ရှင်းရမှာဖြစ်သလို၊ ဘောင်ဝင်ရင် ခင်ဗျားတို့ဘက်ကလည်း ခွင့်ပြုရမယ်မဟုတ်လား။ အဓိကက အများပြည်သူကို အနှောက်အယှက် မဖြစ်ရင် ပြီးရောမဟုတ်လား။ ခက်တာက ခင်ဗျားတို့တရားရေးဝန်ထမ်းတွေဆီမှာလည်း ပြည်သူတွေအနှောက်အယှက် မဖြစ်တဲ့နည်းဆို အရင်အတိုင်း ဆန္ဒမပြတဲ့ နည်းတစ်ခုပဲ စဉ်းစားမိမယ်ထင်ပါတယ်။ ခွင့်မပြုပဲ လျှောက်တဲ့လူကလည်း ဆက်လျှောက်တော့ လမ်းတွေပိတ်၊ ပြည်သူတွေ ကမောက်ကမဖြစ်၊ အဲဒါကို လက်ညှိုးထိုးပြီးတစ်မျိုး၊ ခွင့်မပြုပဲပြလို့တစ်မျိုး ပုဒ်မတွေ အမျိုးမျိုး တပ်ပြီး ဖမ်းရင်တော့ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဖြစ်နေတော့မှာပဲ။ ပြည်သူ့ဝန်ကိုထမ်းပြီး ပြည်သူ့အရှုပ်အထွေးတွေကို ရှင်းပေးရမယ့် ကောင်တွေက မရှုပ်ရှုပ်အောင်လုပ်နေတာ မြန်မာပြည် တနှံတလျားမှာ ရှိနေသေးတာဆိုတော့ ပွင့်လင်းလူ့ဘောင်ကြီးရေ-- ရွှေပြည်တော် မျှော်တိုင်းဝေး ၊ ဝေးနေရဦးမယ့် အဖြစ်ပါလားဟနော်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။