Thursday, November 29, 2012

နှစ်ဦးနှစ်ဘက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဒေါ်စု ပြောကြား


နှစ်ဦးနှစ်ဘက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဒေါ်စု ပြောကြား

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ကို စောင့်ဆိုင်းနေသော လက်ပန်းတောင်းတောင်ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7 Day News Journal, 29 November 2012  —  ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် အရေး ကို နှစ်ဦးနှစ်ဘက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီးဖြစ်ကာ ဒေသခံများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ၊
 နှစ်ဦးနှစ်ဘက်ကြား ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြေလည်ရန် ညှိနှိုင်းပေးမည်ဖြစ်ပြီး ဒေသခံပြည်သူများက ထိုသို့ညှိနှိုင်းဆောင်ရွက်ပေးမည်ကို လက်ခံပါမည်လားဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကိုမေးသည်။ ထိုအခါ ဒေသခံများက လက်ခံမည်ဟု ဖြေကြားသည်။
သို့သော် ယနေ့နံနက်အစောပိုင်းက သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး လူစုခွဲခဲ့ခြင်းနှင့်ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးပြောကြားခဲ့ခြင်း မပြုပေ။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင်ဒေသခံများကို ၁၂ မိနစ်ကြာ မိန့်ခွန်းပြောကြားပြီးနောက် မုံရွာမြို့သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
မနက်ဖြန် (နိုဝင်ဘာ ၃၀)နံနက် ၈ နာရီတွင် မုံရွာမြို့ ချင်းတွင်းမြစ်ဘေး သဲသောင်ခုံပေါ်တွင် ဒေသခံများနှင့် တွေ့ဆုံအမှာစကားပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
————————
လက်ပံတောင်းတောင် ပဋိပက္ခ နှင့် ပတ်သက်၍ မည့်သည့်ဆုံးဖြတ်ချက်မျှ မချရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Yangon Media Group, 29 November 2012  —  လက်ပံတောင်းတောင် ပဋိပက္ခ နှင့် ပတ်သက်၍ မည့်သည့်ဆုံးဖြတ်ချက်မျှ မချရသေးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ၂၉ ရက်နေ့ ညနေပိုင်းတွင် ၁၅ မိနစ်ခန့်ကြာမြင့်သည့် ဟောပြောပွဲ၌ အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ပြည်သူကို တစ်ခုပဲတောင်းခံချင်တယ် သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျမဘယ်လိုပဲဆုံးဖြတ်ဖြတ်၊ ကျမလောလောဆယ်တော့ ဘယ်လိုမှ ဆုံးဖြတ်ချက်မချရသေးပါဘူး ကျမလုပ်ငန်းရှင်တွေဘက်ကိုတွေ့ပြီးပြီ သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ် ၊ဒီလုပ်ငန်းကို ကန့်ကွက်တဲ့ပြည်သူတွေနဲ့လည်းတွေ့ ချင်တယ် ၊ တွေ့ပြီးတော့ ဟိုဘက် ဒီဘက် အမြင်နှစ်ခုကို တတ်နိုင်သလောက်ပြေလည်အောင် ညှိပေးချင်တယ် ၊ အဲလိုညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား ” ဟုဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။
လူသားတိုင်းဟာ စေတနာ ၊ မေတ္တာအပြည့်ရှိသည့် ပတ်ဝန်ကျင်နှင့်နေရမှာသာ ထာဝရအေး ချမ်းနိုင်မည် ဖြစ်ကြောင်း လည်း ယင်းက ထည့်သွင်းပြောကြားခဲ့သည်။ မနက်ဖြန်တွင်လည်း မုံရွာဘက်ကမ်းရှိ သောင်ပြင်တွင် ဟောပြောပွဲကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
တည်ကြည်အေး
————————-
လက်ပံတောင်းတောင်ပဋိပက္ခနှင့်ပတ်သက်၍ သိက္ခာရှိသည့်ပုံစံမျိုးဖြင့်ဖြေရှင်းသင့်ကြောင်း ထည့်သွင်းပြောကြား
Yangon Media Group, 29 November 2012  —-  လက်ပံတောင်းတောင်ပဋိပက္ခနှင့်ပတ်သက်၍ သိက္ခာရှိသည့်ပုံစံမျိုးဖြင့်ဖြေရှင်း သင့်ကြောင်း ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၃ မိနစ်တွင်စတင်ပြောကြားသည့် ကံကုန်းရွာ အနီးဟော ပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
“နိုင်ငံ၏ ရေရှည် အကျိုးကိုကြည့်ကာလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံအဓိက လိုအပ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ပင် ဖြစ်ကြောင်း ၊ ကျမတို့အားလုံးဟာ ရေရှည် အနေနဲ့လုပ်ကိုင်ကြဖို့ လိုကြောင်း ၊ ဒီဒေသမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို သိက္ခာရှိတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့လိုပါတယ် ၊ ဒါကြောင့် ပြည်သူတွေက ကူညီကြဖို့လိုပါတယ် ၊ အခုဒီဒေသမှာရှိနေတဲ့ ပြဿနာတွေ ကို အေးအေးချမ်းချမ်းနဲ့ပြေလည် သွားစေချင်တယ် ဒါဆိုနိုင်ငံလည်း သိက္ခာရှိမယ် ၊ ပြည်သူတွေလက်တွဲသွားဖို့လိုတယ် ၊ ကျမဘယ်လိုပဲ ဆုံးဖြတ်ဖြတ် ၊အခု ကျမ သက်ဆိုင်ရာလုပ်ငန်းရှင်တွေနဲ့လည်းတွေ့ပြီးပြီ ၊ အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်လို့ ပြောချင်တယ်၊ ဒေါသတွေဟုန်းဟုန်း တောက်နေတဲ့ ပတ်ဝန်းကျင်မှာ မနေချင်ပါဘူး ၊ ပြည်သူရဲ့ထောက်ခံမှုကိုလိုချင်တယ် ၊ ပြည်သူတွေဟာ ကျမရဲ့ မိတ်ဆွေကောင်းတွေဖြစ်ချင်ပါတယ်လို့ ပြောချင်ပါတယ်၊ ထိုနည်းတူ ကျမကလည်း ပြည်သူတွေရဲ့ မိတ်ဆွေကောင်းတွေဖြစ်ချင်ပါတယ် ၊ ပြည်သူနဲ့ ကျမတို့ကြားမှာ တကယ့်ကို နားလည်မှုတွေတည်ဆောက်နိုင်အောင် လို့ ပြောရတာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။