လက်ပံတောင်း အစီရင်ခံစာက ပြောသောစကား
[လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာပြီးနောက် မတ်လ ၁၄ရက်နေ့က မုံရွာ ကြေးနီစီမံကိန်းရှိ လယ်တီဆရာတော် ကျောင်းသင်္ခမ်းမှ ပြန်ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။]မြန်မာ့ခေတ်သစ် သမိုင်းတွင် မှတ်တိုင်ဖြစ်သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ် ကြည့်မိသည်။
စာချုပ်ပြန်ပြင်ချုပ်
စီမံကိန်းကိုရပ်၊ ယခုပုံစံအတိုင်း ဆက်လုပ်နှင့် ပုံစံပြောင်း လုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယ နည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေးအရ တွက်ခြေကိုက်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး စသည်တို့ကို တွက်ချက်မှု အားနည်းသည်။ တိုတိုပြောရလျှင် စာချုပ်ကို စိတ်ကြိုက်ပြန်ပြင်ချုပ်။
စည်းမျဉ်းစည်းကမ်း ဘောင်သွင်းခြင်း
မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ကြွယ်ဝသော နိုင်ငံဖြစ်သလို အခြားသောစီးပွားရေး ကဏ္ဍများ မဖွံ့ဖြိုးသေးသည့် အဆင်းရဲဆုံး တစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် သဘာဝအရင်းအမြစ်ကို အခြေခံ စီးပွား ရှာကြလိမ့်ဦးမည်။ ထိုသို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မဆောင်ရွက်နိုင်လျှင် အငြင်းအခုံများ ပေါ်ပေါက်လာ နိုင်သည်။ ထိုအငြင်းအခုံများကို ဖြစ်သောအခါမှ တစ်ခုချင်းစီ ကော်မရှင်ဖွဲ့နေလျှင် အချိန်ကုန် လူပန်းလှသည်။