ပြည်သူတွေကြားထဲ ချပြတဲ့အဆင့်ထိ ရောက်လာတဲ့ သမ္မတနဲ့ လွှတ်တော်ပြဿနာ
DVB News, 29 November 2012 — အခုရက်ပိုင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ဟာ နေ့စဉ်ရက်ဆက် ဆိုသလို သတင်းစာတွေကနေတဆင့် သတင်းထုတ်ပြန်ချက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။ သတင်းထုတ်ပြန်ချက်တွေ အားလုံးဟာ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေတွေနဲ့ သမ္မတရဲ့ သဘောထားမှတ်ချက် ဖော်ပြထားတဲ့ သဝဏ်လွှာတွေ ဖြစ်ပါတယ်။
ဒီ သတင်းထုတ်ပြန်ချက်တွေအရ သမ္မတက လွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွကို ပြဌာန်းနေတယ်။ ဥပဒေတွေဟာ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင် ၃ ရပ် တခုကို တခု အပြန်အလှန် ထိန်းကျောင်းမှု ပြုဖို့ဆိုတဲ့ ဒီမိုကရေစီစံ ချို့တဲ့နေတယ်။ တချို့သော သမ္မတ ရဲ့ သဝဏ်လွှာတွေကို ထိမ်ချန်ထားတယ်၊ တချို့ကို အချိန်ဆွဲထားတယ် စတဲ့ အဓိပ္ပာယ်တွေ တွေ့ရပါတယ်။
တချိန်တည်းမှာပဲ လွှတ်တော်က ပြဌာန်းတာတွေနဲ့ သမ္မတက အကြံပြုတာတွေကိုပါ သတင်းထုတ်ပြန်ချက်ထဲမှာ ပြည့်ပြည့်စုံစုံ ဖော်ပြတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တချို့ကို ကောက်နုတ် ဖော်ပြပီး လွှတ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်နေတယ် ဆိုတာကို သက်သေထူဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါတွေဟာ စိတ်ဝင်စားစရာ ကောင်းနေတာမို့ ခုတပတ်မှာတော့ ဒီအကြောင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ နိုဝင်ဘာ ၂၃ ရက် သတင်းထုတ်ပြန်ချက်မှာ အရင် နအဖစစ်အစိုးရ လက်ထက်က ကြိုတင်ပြဌာန်းခဲ့တဲ့ ဥပဒေ ၂၂ ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီခြင်း ရှိ မရှိ ပြန်လည် စိစစ်နိုင်အောင် လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဘက်က ဥပဒေပညာရှင်တွေနဲ့ ပြင်ပက ဥပဒေပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ ဖွဲ့စည်းစိစစ်ဖို့ သမ္မတ က အကြံပေးထားတဲ့ သဝဏ်လွှာကို ဖော်ပြထားပါတယ်။
သမ္မတဟာ ဒီသဝဏ်လွှာကို အောက်တိုဘာ ၃၁ ရက်နေ့ကတည်းက ပေးပို့ထားတာ ဖြစ်ပေမယ့် နိုဝင်ဘာ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အထိ လွှတ်တော်မှာ လုံးဝ ချပြတာ ဆွေးနွေးတာ မရှိဘူးလို့ အမတ်တွေက ပြောပြကပါတယ်။ ဒါတင်မက ဒီကာလအတွင်းမှာ ပြန်ပြီး စိစစ်ဖို့ လိုနေတဲ့ ဥပဒေတွေထဲက ၄ ခုလောက်ကို အသစ်ရေးဆွဲပြဌာန်းတာ၊ ပြင်ဆင်ချက် ဥပဒေအကြမ်း အတည်ပြုတာတွေ လုပ်ခဲ့တဲ့အတွက် လွှတ်တော်ဟာ သမ္မတ အကြံပေးချက်ကို ထိမ်ချန် လျစ်လျူရှုပြီး ကိုယ်လုပ်ချင်ရာ လုပ်ခဲ့တာများလားလို့ ယူဆနိုင်စရာ ရှိလာပါတယ်။
နိုဝင်ဘာ ၂၄ သတင်းထုတ်ပြန်ချက်မှာတော့ သမ္မတနဲ့ လွှတ်တော် နဂိုကတည်းက အငြင်းပွားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး တဖွဲ့လုံး နုတ်ထွက်စေသည်အထိ ဖြစ်ခဲ့ရတဲ့ လွှတ်တော် ၂ ခုရဲ့ ဥပဒေကြမ်း ၂ နဲ့ ပတ်သက်ပြီး သမ္မတ ရဲ့ နောက်ထပ် သဘောထားမှတ်ချက် ပေးပို့တဲ့ သဝဏ်လွှာကို ဖော်ပြထားပါတယ်။ အဲဒီ သဝဏ်လွှာထဲမှာ လွှတ်တော်က ပြဌာန်းခဲ့တဲ့ ဥပဒေပါ အချက်အလက်တွေဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူး ဆိုပြီး နှိုင်းယှဉ် ဖော်ပြတာတွေကိုပါ ထည့်သွင်းထားပါတယ်။
ပုံမှန်လုပ်ထုံးလုပ်နည်းအရ ဥပဒေကြမ်းတခုကို လွှတ်တော်က အတည်ပြုပြီး သမ္မတဆီပို့၊ သမ္မတ က တခါတည်း လက်မှတ်ရေးထိုးဖို့ သဘောမတူသေးရင် သဘောထားမှတ်ချက်နဲ့တကွ လွှတ်တော်ဆီ ပြန်ပို့၊ လွှတ်တော်က အပြီးသတ် ဆွေးနွေးအတည်ပြုပြီးရင် သမ္မတ ဆီပြန်ပို့ပြီး သမ္မတက လက်မှတ်ရေးထိုးဖို့သာ ရှိပါတယ်။ ဒါပေမယ့် သမ္မတ က လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆ (ခ) နဲ့ (ဂ) အရ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဥပဒေ ၂ ခု အတည်ဖြစ်ခဲ့ပြီ ဖြစ်ပေမယ့် သမ္မတ က လက်မှတ်မထိုးတဲ့ ဥပဒေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ သတင်း ထုတ်ပြန်ချက်မှာတော့ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်နာယကကို ပို့တဲ့ သမ္မတရဲ့ သဘောထားမှတ်ချက် သဝဏ်လွှာကို ဖော်ပြထားပါတယ်။ ဒီ သဝဏ်လွှာထဲမှာတော့ ဥပဒေကြမ်းပါ အချက်အလက်တွေဟာ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေတယ်” ဆိုတဲ့ စကားလုံး အတိအလင်း သုံးနှုန်းထားတာ တွေ့ရပါတယ်။
နိုဝင်ဘာ ၂၆ သတင်းထုတ်ပြန်ချက်မှာတော့ သမ္မတက လွှတ်တော် နာယကဆီကို စက်တင်ဘာ ၆ ရက်မှာ ၁ ကြိမ်၊ နောက်ထပ် အောက်တိုဘာ ၂၆ ရက်နေ့မှာ ၁ ကြိမ် ပေးပို့ခဲ့တဲ့ သဝဏ်လွှာကို ဖော်ပြထားပါတယ်။ အဲဒီမှာ သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ခုံရုံး တဖွဲ့လုံး နုတ်ထွက်သွားပြီး ဖြစ်တဲ့အတွက် အသစ်ပြန်ဖွဲ့ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်က ခုံရုံးအဖွဲ့မှာ ပါဝင်မယ့်သူ ၃ ယောက်စီ အမည်စာရင်းပေးဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်ဟာ ဒီ စာကိုလည်း အရေးယူဆောင်ရွက်ခြင်း မရှိဘဲ “ခုံရုံးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်း”ကို တ နေ့တည်း ပီး အတည်ပြုတာသာ လုပ်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံခုံရုံး ဥက္ကဋ္ဌကို အခြေခံဥပဒေမှာပါသလို သမ္မတကို ရွေးချယ်ခွင့်မပေးဘဲ လွှတ်တော်က ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းကို အသုံးပြုပြီး လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်က နာမည်စာရင်းတင်သူ ဥက္ကဋ္ဌ ဖြစ်လာဖို့ ဆောင်ရွက်တယ် ဆိုတာ အတော်လေး ထင်ရှားနေတာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အရင် စစ်ဗိုလ်ချုပ်ဟောင်း လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်ရဲ့ ဆောင်ရွက်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး မရိုးမသား ဆောင်ရွက်နေတာတွေသာ ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတယောက်ဖြစ်တဲ့ လက်ရှိ သမ္မတ က စွပ်စွဲလိုက်ပါပြီ။ ဒါကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ စိတ်တဝင်စား စောင့်ကြည့်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
by တိုင်းကျော်
No comments:
Post a Comment