Tuesday, August 14, 2012

ဒုတိယသမ္မတ (၁) အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း(ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက်

Wednesday, 15 August 2012 10:50

ဒုတိယသမ္မတ (၁) အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက်
သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)အား ဒုတိယသမ္မတ (၁) အဖြစ် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် ဒုတိယသမ္မတ (၁) အဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သောကြောင့် ယင်းနေရာတွင် လစ်လပ်သွားသည့် ဒုတိသမ္မတ (၁) နေရာတွင် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဒုတိယသမ္မတရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ပါကြောင်း ၁-၇-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၇ နှင့်အညီ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတရာထူး လစ်လပ်နေရာ ဖြည့်စွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားရာတွင် ''ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး ချို့ယွင်းမှုကြောင့် ၁၈-၄-၂၀၁၂ မှ ၁-၅-၂၀၁၂ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။ ဆေးကုသမှုခံယူရာမှ ပြန်လည်ရောက်ရှိပြီး အနားယူရန် လိုအပ်သဖြင့် ၁-၅-၂၀၁၂ မှ ၃၀-၆- ၂၀၁၂ ရက်နေ့အထိ နေအိမ်၌ ဆေး ကုသစောင့်ရှောက်မှုခံယူရန် ရည်ညွှန်းချက်ပါစာဖြင့် တင်ပြချက်အရ ခွင့်ပြုပေးခဲ့ပါသည်။ ထိုသို့ ဆေးကုသမှု ခံယူသော်လည်း သက်သာပျောက်ကင်းမှု မရှိခြင်းကြောင့် အချိန်ကာလတစ်ခုအထိ ဆေးကုသ စောင့်ရှောက်မှုခံယူရန် လိုအပ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၇ တို့အရ ဒုတိယသမ္မတရာထူး တာဝန်ထမ်းဆောင်ခြင်းအား ၁-၇-၂၀၁၂ ရက်နေ့မှစ၍ နုတ်ထွက်ခွင့်ပြုပါရန် ရည်ညွှန်း ၂ ပါစာနှင့်တင်ပြလာပါသည်။လစ်လပ်သွားသော ဒုတိယသမ္မတရာ ထူးနေရာဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (စ)ပါ ပြဋ္ဌာန်းချက်အရ သ၀ဏ်လွှာ ပေးပို့အပ်ပါသည်''ဟု နာယကက ဇူလိုင်လ ၄ ရက်နေ့က ဖတ်ကြားခဲ့သည်။
လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် ကနဦးတွင် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက သတင်းထောက်များ၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ထမင်းစားရပ်နားချိန်အတွင်း ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းသို့ ပြောကြားခဲ့ပြီးနောက် အချိန်ကြာမြင့်စွာ ဒုတိယသမ္မတ ခန့်အပ်ခြင်းအား ဆိုင်းငံထားခဲ့ပြီး ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ) ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား မည်သည့်အကြောင်းကြောင့် ဒုတိယသမ္မတ အဖြစ် ခန့်အပ်နိုင်ခြင်း မရှိသည်နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခန့်အပ်ရာတွင် ဖွဲ့စည်ပုံအခြေခံဥပဒေပါ ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပြည်စုံသူကိုသာ ရွေးချယ်ခန့်အပ်ရကြောင်း ဖွဲ့စည်ပုံအခြေခံဥပဒေအရ သိရသည်။

Comments 
 
+1 #1 aungzawtun 2012-08-15 11:14
ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ် မြန်မာပြည်သူပြည်သားများအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.. အနာဂတ်သမိုင်းပါမှာ နာမည်တစ်ခု ထင်ကျန်စေချင်ပါတယ်..

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။