Monday, December 3, 2012

တရုတ်သို့ သစ်မှောင်ခိုတင်ပို့မှု အာဏာပိုင်များ လျစ်လျူရှု့နေ


တရုတ်သို့ သစ်မှောင်ခိုတင်ပို့မှု အာဏာပိုင်များ လျစ်လျူရှု့နေ 

သစ်တင်ကားယခုနှစ် ပွင့်လင်းရာသီ စတင်ချိန်မှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်နှင့် မဘိန်းနယ်တစ်ဝိုက်မှ သစ်မာများ ကို မန္တလေး - ဗန်းမော်ကားလမ်းမှ တဆင့် ဗန်းမော်မြို့ကို ဖြတ်၍ တရုတ်နယ်စပ် လွယ်ဂျယ်ဘက်သို့ တရားမဝင်တင်ပို့နေမှုများ ကျယ်ပြန့် စွာ ဖြစ်ပေါ်နေကြောင်း ဗန်းမော်မြို့ခံများ အဆိုအရ သိရသည် ။


အောက်တိုဘာလပိုင်းကစ၍ သစ်တင်ပို့မှုများ စတင်ခဲ့ပြီး ယခုလ ၂၃ ရက်နေ့က သစ်ကားတန်း ဖြတ်သန်းမှုကြောင့် ဗန်းမော်မြို့ အဝင် ဟန်းတဲရွာ တံတားကျိုးကျခဲ့ရာ လူသေဆုံးမှုရှိခဲ့ပြီး ၄င်းဖြစ်စဉ်အပေါ် ဗန်းမော်မြို့ အာဏာပိုင်များက အမှုမှန်ဖေါ်ထုတ်ခြင်း မရှိပဲ ဖုံးကွယ်ထားကြောင်း ဗန်းမော်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“မန်စီဘက်ကနေ ဗန်းမော်မြို့ထဲအဝင် ဟန်းတဲတံတားပေါ့။ အဲဒီနေ့ မနက် ၂ နာရီလောက်က သစ်ကား ၁၉ စီး ဖြတ်တယ်။ ကျန်တဲ့ကားတစ်စီးက ၄ နာရီလောက်မှာ ဖြတ်တယ်။ ကားက လမ်းချော်နင်းလိုက်တာ တံတားကျိုးပြီး အောက်ထဲကို လုံးဝ ကျသွားတယ်။ ကားစပါယ်ယာသေသွားတယ်။ တံတားကျိုးတော့ အခု အောက်လမ်းကနေသွားနေရတယ်” ဟု သူက ဆိုသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့ အာဏာပိုင်များက ပိုင်ရှင်မဲ့ပြုလုပ်ထားသည့် အပေါ် မြို့ခံဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးက “ကားပိုင်ရှင်ဘယ်သူလဲ ဆိုတာ တစ်မြို့လုံး သိနေတာပဲ။ ဒါပေမဲ့ ကားက ၀စ်သောက် ဆိုတော့ မော်တော်ယာဉ်ရုံးမှာတော့ တရားဝင်လိုင်စင် ဘယ်ရှာလို့ရမလဲ။ အခု ပိုင်ရှင်မဲ့ လုပ်ထားတယ်” ဟု ဆိုသည်။
ယခုကျိုးကျသည့် တံတားနေရာ၌ ဗန်းမော်မြို့နယ်ရဲစခန်းနှင့် အုပ်ချုပ်ရေး အာဏာပိုင်များက သစ်ကားသမား များထံမှ ကယ်ရီကြေးငွေ တောင်းယူနေသဖြင့် အဆိုပါသစ်ကား တိမ်းမှောက်၍ လူသေဆုံးမှုအပေါ် ဖုံးကွယ် ထားခြင်း ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
ယခုအခါ မန္တလေး - ဗန်းမော်လမ်းမှ တဆင့် တရုတ်ဘက် တရားမဝင်သစ်သယ်ယူမှုများ တွင်ကျယ်နေရာ ကားလမ်း တစ်လျှောက် သစ်ပုံများ ၊ ဈေးဆိုင်များဖြင့် ပွဲကဲ့သို့ စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ ကျွန်း ၊ သံမလမ်း ၊ ပိတောက် ကဲ့သို့သော သစ်မာ အမျိုးအစား များကို တရုတ်နယ်စပ်ဘက်သို့ တရားမဝင်တင်ပို့ ရောင်းချမှုများ ဆယ်စုနှစ် နှစ်စုခန့် ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ကချင်ပြည်နယ် အတွင်း၌ သစ်များ မရှိသလောက် ရှားပါးလာပြီး ယခုနှစ်တွင် သျှမ်းပြည် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်း အတွင်းမှ သစ်များ သယ်ယူနေကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။