စစ်တပ်က အားတင်မူ နိုင်ငံတော် သမ္မတထိ ရခိုင် လယ်သမားများ စာရေးတိုင်ကြား
၅၃၉ တပ်ရင်းရှေ့ရှိ သိမ်းယူထားသော လယ်မြေများ။
နိရဉ္စရာသတင်းဌာန. ၁၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂ — ရခိုင်ပြည်နယ်
ကျောက်တော်မြို့နယ်တွင် စစ်တပ် တပ်ရင်း တစ်ခုက တောင်သူ လယ်သမားများ အပေါ်
အင်အားသုံးပြီး အနိုင်ကျင့်နေမူ အပေါ် သည်းမခံနိုင်သည့် နောက်ဆုံး
နိုင်ငံတော် သမ္မတထိ စာရေး တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။“ ကျွန်တော်တို့ကို ခုလို အနိုင်ကျင့်နေတာကို သည်းမခံနိုင်တဲ့ အဆုံး လယ်သမား ၂၈ ယောက်က စာရေးပြီး နိုင်ငံတော် သမ္မတအထိ တိုင်ကြားလိုက်ပါပြီ” ဟု လယ်သမား တစ်ဦးက ဆိုသည်။
အဆိုပါ စာအား ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဌများအား၎င်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းထံသို့လည်း မိတ္တူ ပေးပို့ခဲ့သည်ဟု ဆိုသည်။
ကျောက်တော်မြို့နယ် ပြိန်းချောင်း ကျေးရွာမှ လယ်သမား ၂၈ ဦးပိုင်ဆိုင်သော လယ်မြေ ၁၂၀ ဧကတွင် မှည့်နေသော စပါးများကို ကန်စောက် အခြေစိုက် တပ်ရင်း ၅၃၉ မှ သူတို့ပိုင် လယ်မြေများ ဖြစ်သည်ဟုဆိုကာ လယ်သမားများကို သေနတ်များဖြင့် ခြောက်လှန့် မောင်းထုတ်ပြီး စပါးများကို တက်ရောက် ရိတ်သိမ်းနေသည်။
စပါး စတင် ထွန်ယက် စိုက်ပျိုးတုန်းက တစ်စုံတစ်ရာ ဟန့်တားခြင်း မရှိဘဲ လယ်သမားများ လူအား၊ ငွေအား အကုန်အကျခံ စိုက်ပျိုးထွန်ယက်ပြီး စပါးမှည့်လာသည့် အချိန်ကျမှ အဆိုပါ လယ်မြေများမှာ သူတို့ပိုင်ဟု ဆိုကာ စပါးများကို တက်ရောက် ရိတ်သိမ်းနေခြင်း ဖြစ်သည်။
ခမရ ၅၃၉ တပ်ရင်းသည် ကျောက်တော်မြို့နယ် ကန်စောက်တောင် အနောက်ဘက်တွင် စခန်းချထားပြီး အဆိုပါ တပ်ရင်းအတွက် တောင်၏ အနောက်ဘက်တွင် တည်ရှိသော လယ်ဧက ၆၀၀ ခန့်ကို လယ်သမားများ ထံမှ ၂၀၀၇-၀၈ ခုနှစ်က သိမ်းယူခဲ့သည်ဟု သိရသည်။
အဆိုပါ တပ်ရင်းသည် လယ်ဧက ၆၀၀ သိမ်းယူထားပြီ ဖြစ်သော်လည်း ကျေနပ်မူ မရှိဘဲ ကန်စောက်တောင် အရှေ့ဘက်ခြမ်းရှိ လယ်ဧက ၁၂၀ အားလည်း တပ်မှ ပိုင်သည်ဟု ဆိုကာ တက်ရောက် သိမ်းယူခဲ့ပြန်သည်ဟု လယ်သမားများက ပြောဆိုသည်။
ထိုသို့ သိမ်းယူပြီးနောက် အဆိုပါ လယ်များပေါ်တွင် ယခုနှစ် မိုးရာသီတွင် လယ်ထွန်စက်များဖြင့် ထွန်ယက်ရာ လယ်သမားများတွင် လုပ်စားစရာ မြေမရှိတော့သဖြင့် ပြည်နယ်ဝန်ကြီးချုပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်း ဦးစီးဌာနတို့အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။
ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ယခု လယ်မြေများမှာ ကန်စောက်တောင်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသော လယ်မြေများ ဖြစ်ကြသဖြင့် တပ်ရင်းနှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိဆိုကာ လယ်သမားများအား ပြန်ပေးခဲ့သည်ဟု ဆိုသည်။
ကျောက်တော်မြို့နယ် မြေစာရင်းဌာနမှလည်း မြေများကို ကွင်းဆင်း တိုင်းတာခဲ့ပြီး ကန်စောက်တောင် အရှေ့ဘက်ရှိ လယ်မြေများမှာ တပ်ရင်း ၅၃၉ သိမ်းယူထားသောလယ်မြေများထဲတွင် မပါဝင်ဟု ဆိုကာ တောင်သူ လယ်သမားများဘက်မှ ရပ်တည်ပေးခဲ့သည်ဟု သိရသည်။
သို့သော် တပ်ရင်း ၅၃၉ တပ်ရင်းမှ တာဝန်ရှိသူများသည် အဆိုပါမြေများမှာ တပ်ရင်းပိုင် မြေများ ဖြစ်သည်ဟု ဆိုကာ ကကကြည်းသို့ သတင်းအမှားတင်ပြီး လယ်မြေများကို တပ်ရင်းပိုင် ဖြစ်သည်ဟု ပြောဆိုကာ ယခုကဲ့သို့ အင်အားသုံး ကျူးကျော်လာခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာ လူကြီး တစ်ဦးက ပြောဆိုသည်။
၅၃၉ တပ်ရင်းမှ တာဝန်ရှိသူများသည် နှစ်ရှည်လများ လုပ်ကိုင် စားသောက်လာသည့် ကန်စောက်တောင်နှင့် တပ်ရင်းအနှီး တ၀ိုက်ရှိ သီးနှံစိုက်ခင်းများ၊ ဥယာဉ်ခြံမြေများအားလည်း တပ်ရင်းပိုင် ဖြစ်သည်ဟု ဆိုကာ နှစ်စဉ် ဥယာဉ်ခြံ ပိုင်ရှင်များထံမှ ငွေကောက် စားနေသည်ဟု သိရသည်။
ထိုကဲ့သို့ စစ်တပ် တပ်ရင်းများမှ တာဝန်ရှိသူများသည် တပ်မတော်ကို ခုတုံး လုပ်ပြီး သူတို့ကိုယ်ကျိုးစီးပွားကို တည်ဆောက်နေကြသဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာမှာ လူထု အကြားတွင် ကျ ဆင်းနေသလို တဘက်တွင်လည်း ရခိုင် တောင်သူ လယ်သမားများမှာ အထူး ဒုက္ခ ဆင်းရဲ အကျပ်အတည်းနှင့် ကြုံတွေ့နေကြရသည်။
ရခိုင်ပြည်နယ်တွင် စစ်တပ်မှ လယ်မြေများကို သိမ်းယူနေသဖြင့် လယ်သမား အများအပြားမှာ လယ်မဲ့ယာမဲ့ ဘ၀သို့ ကျရောက်ခဲ့ရပြီး လုပ်ကိုင်စားသောက်စရာ မရှိသဖြင့် တစ်နေ့ထက် တစ်နေ့ ဆင်းရဲ ကျပ်တည်းလာခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်လာခဲ့ရသည်။
နိုင်ငံတော် သမ္မတကြီးမှ ဆင်းရဲမွဲတည်မူ တိုက်ဖျက်ရန် အစီအစဉ်အား လူသိ ရှင်ကြား ထုတ်ဖေါ် ကျေညာခဲ့မူကြောင့် ရခိုင်လူထု အားတက်ခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ပြောင်းလဲမူ မရှိဘဲ စစ်တပ်က လယ်မြေများကိုသာ ဆက်လက်၍ သိမ်းယူနေသဖြင့် ရခိုင်လူထုမှာ ခိုကိုးရာမဲ့ ဖြစ်ကာ လက်ရှိ အစိုးရ အပေါ်တွင်လည်း အထူး စိတ်ပျက်နေကြသည်ဟု ဆိုသည်။
ဆက်စပ်သတင်း …
ဗမာ့တပ်မတော် တောင်သူများထံမှ စပါးလု
နိရဉ္စရာသတင်းဌာန. ၁၄ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- ရခိုင်ပြည်နယ် အခြေစိုက် ဗမာ့တပ်မတော်မှ တပ်ရင်း တစ်ခုသည် အင်အားသုံးပြီး ရခိုင်တောင်သူ လယ်သမားများထံမှ စပါးများကို လုယူနေသည်ဟု သတင်း ရရှိသည်။
“ တပ်ရင်း ၅၃၉ က တပ်သား ၂၀ ခန့်နဲ့ ပြောက်ကျားစခန်းကို ၀င်သိမ်းသလိုမျိုး လက်နက်တွေကို ကျည်ထိုးပြီး ကျွန်တော်တို့ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်တွေကို တက်လာပါတယ်။ တစ်ကနေ တဆယ်ထိ ရေတွက်မယ်။ အဲဒီ အချိန်အတွင်းမှာ လယ်တွေက မထွက်ဘူးဆိုရင် မင်းတို့ကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတဲ့ အတွက် ကျွန်တော်တို့ လယ်တွေကို စွန့်ခွာ ထွက်ပြေးကြရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ လယ်တွေက စပါးတွေကို စစ်တပ်က တက်ပြီး ရိတ်သိမ်းပါတယ်” ဟု အမည်မဖေါ်လိုသူ ပြိန်းချောင်း ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။
နာမည် ဖေါ်ထုတ် ပြောဆိုပါက စစ်တပ်က ပြဿနာရှာပြီး ဖမ်းဆီးရိုက်နက်မူများ ပြုလုပ်လာနိုင်သဖြင့် နာမည်ကို မဖေါ်ပြရန် ဒေသခံ လယ်သမားက မေတ္တာရပ်ခံ ပြောဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာမှ ဦး မောင်ရွေလှ အပါအ၀င် လယ်သမား ၂၈ ဦး ထွန်ယက် စိုက်ပျိုးထားသော လယ်ဧက ၁၂၀ ကို ကျောက်တော် အခြေစိုက် အမှတ် ၅၃၉ တပ်ရင်းမှ သူတို့ပိုင် လယ်များ ဖြစ်သည်ဟု ဆိုကာ စစ်သားများဖြင့် သေနတ်များ ကျည်ထိုး ချိန်ရွယ် တက်လာပြီး လယ်တဲများရှိ လယ်သမားများကို နှင်ထုတ်၍ မှည့်နေသော စပါးများကို ရိတ်သိမ်းနေသည်ဟု သူ၏ အပြောအရ သိရသည်။
“ ဒီနေ့လည်း ရိတ်သိမ်းနေပါတယ်။ နိုဝင်္ဘာလ ၁၁ ရက်နေ့ကနေ စပြီး ရိတ်နေတာပါ။ တပ်ရင်း ၅၃၉ က ဗိုလ်ဗညားဝင် ဦးဆောင်ပြီး လက်နက်ကိုင် စစ်သား ၂၀ ခန့််ပါတယ်။ သူတို့က လုံခြုံရေးယူထားပြီး တပ်သား ၂၀၊ ရဲမေ ၃၀ (စုစုပေါင်း) လူအင်အား ၅၀ နဲ့ စပါးတွေကို ရိတ်ယူနေပါတယ်။ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုတဲ့ တပ်မတော်က ခုလို လုပ်တဲ့ အပေါ်မှာ ကျွန်တော်တို့ လုံးဝ နားမလည်အောင် ဖြစ်နေပါတယ်″ ဟု လယ်သမားက ဆက်ပြောသည်။
၎င်းပြင် အနီးအနားရှိ လယ်တဲများမှ လယ်သမားများကိုလည်း နှင်ထုတ်ကာ လယ်တဲများတွင် ရိတ်သိမ်း စုပုံထားသော စပါး ကောက်လိုင်းများကိုလည်း သိမ်းယူနေပြီး ထော်လာဂျီများဖြင့် တပ်ရင်းသို့ ပို့ဆောင်နေသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးစောငြိမ်းအား ဆက်သွယ် မေးမြန်းကြည့်ရာ ပြိန်းချောင်းကျေးရွာတွင် တပ်မတော်မှ ပြည်သူများပိုင် လယ်မြေများမှ စပါးများကို တက်ရောက် ရိတ်သိမ်းနေခြင်းမှာ မှန်ကန်သည်ဟု အတည်ပြု ပြောကြားသည်။
“ အဲဒီ လယ်တွေက တပ်မတော်နဲ့ ဘာမှ မဆိုင်ပါ။ အဲဒီမှာ တပ်ရင်း ၅၃၉ တည်ဆောက်မယ် ဆိုတဲ့ အတွက် စစ်တပ်က လယ်သမားတွေပိုင် ဧက ၆၀၀ ကို လယ်သမားတွေဆီက သိမ်းယူသွားခဲ့ပါပြီ။ အဲသလို အသိမ်းခံရတဲ့ နောက်ပိုင်းမှာ လုပ်ကိုင် စားသောက်စရာ လယ်တွေ မရှိတော့တဲ့ အတွက် အနီးအနားက တောတောင် ချိုင့်ဝှမ်းတွေကို ခုတ်ထွင်ပြီး လယ်သမားတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်တွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း လုပ်ကိုင် စားသောက်ကြပါ ဆိုပြီး ခွင့်ပြုပေးတဲ့ အတွက် လယ်သမားတွေက ထွန်ယက်စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ အခု စပါးမှည့်လာတော့ စစ်တပ်က လာပြီး သူတို့ပိုင် မြေတွေ ဖြစ်တယ်ဆိုပြီး စပါးတွေကို တက်ရောက် ရိတ်သိမ်းတာ ဖြစ်ပါတယ်” ဟု ဦးစောငြိမ်းက ရှင်းပြသည်။
လယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရာတွင် လူအား၊ ငွေအား အရင်းအနှီး စိုက်ထုတ် အသုံးပြုထားရပြီး စပါးမှည့်သောအခါမှ စစ်တပ်က အတင်း ၀င်ရောက် ရိတ်သိမ်းသဖြင့် အထူး ထိခိုက် နစ်နာမူများ ဖြစ်ပေါ်နေကြောင်း သူက ဆက်ပြောသည်။
လုပ်ကိုင်စားသောက်စရာမရှိဖြစ်နေကြသော ရခိုင် ပြည်သူများအား နောက်တဖန် စစ်တပ်က အနိုင်ကျင့်နေမူကြောင့် ဒေသအတွင်းရှိ လယ်သမားများမှာ အထူး အခက်ကြုံနေကြရသည်ဟု သိရသည်။
No comments:
Post a Comment