တကျော့ပြန်လာပြီဖြစ်တဲ့ သမ္မတ နဲ့ လွှတ်တော် ဥက္ကဋ္ဌ အားပြိုင်မှု
DVB News, 15 November 2012 —- ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတဖွဲ့လုံးကို နုတ်ထွက်စေတဲ့အထိ ဖြစ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အားပြိုင်ပွဲ တကျော့ပြန်လာနေပြီ ဖြစ်ပါတယ်။ အားပြိုင်ပွဲကို အစ ပြန်ဖော်ပေးလိုက်တာကတော့ ပြီးခဲ့တဲ့ အပတ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးဟာ နအဖစစ်အစိုးရက ဦးသိန်းစိန် အစိုးရဆီကို အာဏာလွှဲမပေးခင် ၂၀၁၀ ခုနှစ်ထဲမှာ ပြဋ္ဌဌာန်းပေးသွားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေတွကို ပယ်ဖျက် အစားထိုးဖို့ ပြည်သူ့လွှတ်တော်ဥပဒေ (၂၀၁၂ ခုနှစ်) နဲ့ အမျိုးသားလွှတ်တော်ဥပဒေ ၂၀၁၂ ခုနှစ်တွေကို ရေးဆွဲ အတည်ပြုခဲ့ပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။
ဥပဒေထဲမှာ အရင် သမ္မတ နဲ့ အငြင်းပွားခဲ့တဲ့ “လွှတ်တော်အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်သည်” ဆိုတဲ့ အချက်နဲ့ အခြား လွှတ်တော်အမတ်တွေကို အခွင့်အရေး လုပ်ပိုင်ခွင့်တွေ ပိုပေးထားတဲ့ အချက် အများကြီး ပါဝင်လာပါတယ်။ ဒီနေရာမှာ လွှတ်တော်အမတ်တွေအတွက် ရုံးခန်းဖွင့်လှစ်ပေးရေး အပါအဝင် အခြား အချက်အလက်တွေကို မဆွေးနွေးလိုပေမယ့် သမ္မတနဲ့ အဓိက ပြဿနာဖြစ်ရတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီနဲ့ ကော်မရှင်အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ဟုတ် မဟုတ်ဆိုတဲ့ အချက်ကိုပဲ ဆွေးနွေးပါ့မယ်။ ဒီ ဥပဒေ ၂ ခုကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုခင် အစည်းအဝေးကို သူရဦးရွှေမန်းက သဝဏ်လွှာ ၂ စောင် ပေးပို့ပြီး အဲဒါကို လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ အဲဒီအထဲက သဝဏ်လွှာတေစာင်မှာ အရင် ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးသွားတဲ့ “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်လို့ အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီခြင်း မရှိ” ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နဂိုကတည်းကပင် ပျက်ပြယ်တဲ့ ဆုံးဖြတ်ချက် ဆိုပြီး ပါရှိပါတယ်။
အဓိပ္ပာယ်ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌဌာန်းပြီး အတင်းအကျပ်နည်းနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒပုဒ်မ ၃၂၄ ပါ “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်” ဆိုတာကို သဝဏ်လွှာတေစာင်ရေးပြီး ချိုးဖောက်လိုက်တာလို့လည်း အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥပဒေ ၂၀၁၂၊ အမျိုးသားလွှတ်တော် ဥပဒေ ၂၀၁၂ မှာပါတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီတွေ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် အဓိပ္ပာယ် သတ်မှတ်တာ အပါအဝင် အချက် ၁၀ ချက်ကို သမ္မတက လက်မခံနိုင်ကြောင်း သဘောထားမှတ်ချက်နဲ့တကွ အကြောင်းပြန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ သမ္မတက လက်မခံတဲ့ အချက် ၁၀ ချက် အနက် ၁ ချက်ကလွဲပြီး ကျန်တာတွေအားလုံး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အတိုင်းပဲ ဖြစ်သင့်တယ်လို့ လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပေးဖို့လည်း ဆွေးနွေးထားပြီဖြစ်ပါတယ်။ ဒီတော့ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။
သမ္မတက ဘယ်လိုပဲ သဘောထားသည်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်က ဒီ ဥပဒေကြမ်း ၂ ခုကို မဲခွဲဆုံးဖြတ်၊ အများစုမဲနဲ့ အတည်ပြုခဲ့ရင် သမ္မတ အနေနဲ့ ဘာမှ မတတ်နိုင်တော့ပါဘူး။ တကယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အကြံပြုချက်အတိုင်းသာ အတည်ဖြစ်ခဲ့ရင် ဒီ ဥပဒေ ၂ ခုဟာ အစိုးရနဲ့ လွှတ်တော်အကြား သဘောထား ကွာဟချက် အများဆုံး ဥပဒေတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆိုရင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ စိတ်ချလက်ချ ပြည်ထောင်စု အဆင့် ဖြစ်လာမှာလား။
တကယ်တော့ ပြဿနာကို ရှင်းသင့်တဲ့နည်းနဲ့ မရှင်း ရှည်လျားအောင် လုပ်နေသူဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလို့ ကောက်ချက်ချနိုင်ပါတယ်။ တကယ်တော့ ဒီ အချက်ကို ပြင်ချင်တယ်ဆိုရင် အရင်တကြိမ် အငြင်းပွားချိန် သမ္မတ ဦးသိန်းစိန် သဝဏ်လွှာ ပေးပို့တင်ပြသလို ဖွဲ့စည်းပုံ အခြခံဥပဒေကို ပြင်ဆင် ဖြည့်စွက်တဲ့နည်းနဲ့ အကောင်အထည် ဖော်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ စစ်အာဏာရှင်ဟောင်းတွေနဲ့ လက်ရှိ စစ်တပ်က သဘောကျဖို့ မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆိုတာမျိုး ဘယ်ကိစ္စမှာမှ ထည့်မပြောသလို အကောင်အထည်ဖော်မယ့်ပုံလည်း လုံးဝ မတွေ့ရပါဘူး။ ဒီအတွက် သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အငြင်းပွား အားပြိုင်မှုဟာ ဆက်ပြီး ရှိနေဦးမယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
by တိုင်းကျော်
No comments:
Post a Comment