စွမ်းအင်နှင့် ရင်းမြစ်ဌာန ဒေါ်စု သွားရောက်လေ့လာ
နယူးဒေလီမြို့အနီးရှိGurgaonအထူးစီးရေးဇုန်တွင်တည်ရှိသောစွမ်းအင်နှင့်ရင်းမြစ်များဌာန(TERI)သို့ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ၁၅ရက်နေ့ညနေ၄နာရီက
ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာရာစဉ်အတွင်း TERI၏သဘောထားနှင့်လုပ်ဆောင်ချက်များအပေါ်ထင်မြင်ချက် ပေးနေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံတွင်း တတိယနေ့ ခရီးစဉ်အဖြစ်
ဒေါ်အောင်ဆန်း စုကြည်သည် နယူးဒေလီမြို့အနီး စွမ်းအင်နှင့် ရင်းမြစ်များဌာန
(TERI) သို့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီက သွားရောက်လေ့လာခဲ့သည်။မြန်မာနိုင်ငံ စွမ်းအင်နှင့် ရင်းမြစ်များ အသုံးချရေးတွင် နိုင်ငံရေးနှင့် လူမှုရေးရာများပါ ဆက်စပ်ပါဝင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရေရှည်တည်မြဲသော တိုးတက်မှုမှ စွမ်းဆောင်ရည်နှင့် ဝင်ငွေပါ ဖန်တီးဖို့ အထူးပြုပြောကြားသွားသည်။
နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှ မြန်မာပြည်အား ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရန်မှာ အလွန်အလွန် မလွယ်ကူလှကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
“ဒေသန္တရ (ပြည်နယ်)အစိုးရများများကို အားကောင်းလာအောင် လုပ်ပေးရမယ်။ စီးပွားရေးအရ ပရောဂျက်တွေက ဗဟိုကနေ လွတ်လပ်စွာ သတ်မှတ်ချပေးရမယ်” ဟု ဆိုသည်။
လေအားနှင့် နေရောင်ခြည်စွမ်းအင်များ စမ်းသပ်ထုတ်လုပ်နေကြသော်လည်း ရေအားလျှပ်စစ်မှာ မြန်မာနိုင်ငံတွင် အသုံးများပြီး ၎င်းတို့မှာ တိုင်းရင်းသားဒေသများတွင် ထုတ်လုပ်နေရသည်။ ထို့ကိစ္စများတွင် ရင်းနှီးမြှုပ်နှံပါက စွမ်းဆောင်ရည်နှင့် ဝင်ငွေပါ ရဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံမှာ သဘာဝရင်းမြစ်များ ပေါကြွယ်ဝပြီး ၎င်းတို့အား ထိန်းသိမ်းရန် စွမ်းအင်ပေါ်လစီတရပ် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမတို့ နိုင်ငံမှာဆို ဝါး အင်မတန်ပေါတယ်။ ဝါးကနေ အဆင့်မြင့် ထွက်ကုန်တွေ ထုတ်သင့်တယ်။ ဂျပန်တို့၊ ကိုရီးယားတို့ဆို သိပ်ကောင်းတယ်။ ဒါ့အပြင် အိန္ဒိယလိုပဲ သစ်ခွကို စီးပွားဖြစ် စိုက်ပျိုးရောင်းချနိုင်တယ်” ဟုလည်း ပြောသည်။
ထို့နောက် အဆိုပါဌာန၏ သုတေသနဆိုက်များကို TERI ညွန်ကြားရေးမှူးချုပ် Dr R K Pachauri နှင့် တာဝန်ရှိသူများက လိုက်လံပြသခဲ့သည်။
ထို့အပြင် ဇီဝနည်းပညာဌာန၊ အနုစိတ် မျိုးပွားဥယျာဉ် အပါအဝင် သဘာဝ ပတ်ဝန်းကျင်နှင့် စွမ်းအင်ထိရောက်မှု အစီအစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် အမှတ်တရ ‘ရေတမာပင်’ စိုက်ပျိုးပေးခဲ့သည်။
TERI တွင် စွမ်းအင်ဆိုင်ရာ အထူးကျွမ်းကျင်သည့် ပညာရှင်များပါဝင်ပြီး လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများပေးခြင်း နှင့် အိန္ဒိယနိုင်ငံမှ ပါရမီရှိ လူငယ် ပညာတတ်များအား အနာဂါတ်တွင် စက်မှုအခန်းကဏ္ဍ၌ ခေါင်းဆောင် ဖြစ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ဌာနဖြစ်သည်။
TERA ဌာန သုတေသနဝင်းသည် ၉၉ ဧက ကျယ်ဝန်းကာ စိုက်ခင်းများ၊ ပရောဂျက်များ၊ သုတေသနများ အများအပြား ရှိသည့် သိပ္ပံဌာနကြီးတခုဖြစ်သည်။
နေမျိုး၊
No comments:
Post a Comment