Napalm မှ လက်ပန်းတောင်းသို့…
Moe MaKa News, 5 December 2012 —-
ကျွန်တော်တို့ ကလေးဘ၀တွေတုံးက ကမြင်းကြ၊ ဆော့ကြရင် ထုပ်ဆီးတိုးတမ်း၊ ဒီထိုးတမ်း၊ တူတူပုန်းတမ်း၊ စိမ်ပြေးလိုက်တမ်း စတဲ့ ကစားနည်းတွေကို မကစားဘူးတဲ့သူတွေ မရှိသလောက်ဘဲ ထင်ပါတယ်။ အသိုင်း အ၀ိုင်း ကောင်းရင် ကောင်းသလောက်၊ လူအုပ်တောင့်ရင် တောင့်သလောက် ကစားလို့ရတဲ့ ထုပ်ဆီးတိုးတမ်းကစားနည်းက အစ နှစ်ယောက်တည်းရှိလည်း ကစားလို့ရတဲ့ စကားထာ မေးတမ်း ဆော့ကြတာလဲ အခုအချိန်ထိ ကျွန်တော့်မှာ လွမ်းလို့ ကောင်းဆဲ။
ပြီးတော့ ခပ်တင်းတင်း၊ ခပ်ကြမ်းကြမ်း ကစားလို့ရတဲ့ စစ်တိုက်တမ်း ကစားနည်းကတော့ ကျွန်တော့် အကြိုက်ဆုံး ကစားနည်းပေါ့။ လည်လည် ပါတ်ပါတ်ကောင်တွေက ချောင်တစ်ချောင်ချောင်မှာခိုနေပြီး ရန်သူဖြစ်တဲ့ သူငယ်ချင်းကို စောင့်ဖမ်းပြီး “ဒိုင်းညှောင့် ဒိုင်းညှောင့် ဟရောင် မင်းသေပြီ။ ငါအရင်တွေ့တာကွ” ဆိုပြီး အာခေါင်တွေ ခြောက်လောက်အောင် ငြင်းရပေမယ့် ယောင်္ကျားလေး အများစု ခုံခုံမင်မင် ဆော့တဲ့ ကစားနည်းပါ။ ကျွန်တော် ငယ်ငယ်ကဆိုရင် တစ်ဖက် သုံးယောက်လောက်ခွဲပြီး ရွာဘေးက ဆည်တော်ကြီး ချောင်းကြီးမှာ ရွှံ့စစ်တိုက်တမ်း ကစားကြတာ အိမ်က တုတ်နဲ့ လိုက်မလာမချင်း နှုတ်ခမ်းတွေ ပြာလာအောင် ရေထဲမှာ ကမြင်းကြတာ။
နည်းနည်း အသက်ရလာတော့၊ နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် ရပ်ကွက်က ဗွီဒီယိုရုံမှာ “ဒီနေ့ စစ်ကားအမေရ၊ ကျွန်တော်သွားကြည့် ချင်တယ်ဗျာ” လို့ ချွဲလိုက်ရင် ခွင့်ပြုတာ များပါတယ်။ “ဒီကောင်လေးဟာလေ လူသတ်တဲ့ ကားတွေ၊စစ်ကားတွေ ဆိုရင် သိပ်ကြိုက်တာဘဲ။ ကြီးရင် စစ်ဗိုလ်ကြီးများ လုပ်မှာလား” ကွယ့် ဆိုပြီး အမေကြီးက မေးတတ်တယ်။ ကျွန်တော်က လဲ ချပ်စ်စနောရစ်တို့၊ ရမ်ဘိုတို့ ကိုကြည့်ပြီး အားကျနေသူဆိုတော့ နဖူးကို ကြိုးစည်းပြီး “လုပ်မှာဗျ” လို့ ဖြေတတ်ခဲ့တယ်။
ကျွန်တော်ငယ်ငယ်ကဆိုရင် စစ်တိုက်ကားတွေအပြင် အမေရိကန်စစ်ကားတွေထဲက ပါတတ်တဲ့ နောက်ဆုံးပေါ် စစ်လက်နက် အဆန်းအပြားတွေဆိုရင် သိပ်ကြိုက်တာ။ Tom Cruse သရုပ်ဆောင်တဲ့ Top Gun ရုပ်ရှင်ဇာတ်လမ်းထဲက F16 ကြီးကိုကြည့်ပြီး လေသူ ရဲဖြစ်ချင်လိုက်တာ အလွန်ပေါ့။ အိပ်မက်ထဲတောင်ထည့်မက်ပြီး လေယာဉ်မောင်းနေလို့ မျက်နှာကြီး မဲ့ရွဲ့လာတာကို အမေက အစိုးရိမ် လွန်ပြီး ရေမန်းတွေတိုက်လို့ သောက်ခဲ့ရတာ မှတ်မိသေးတော့။ အမှန်ပြောလိုက်ရင် စစ်ကား ဇာတ်လမ်းမကြည့်ရလို့ အမိန့်ထွက်လာမှာစိုးလို့ အမေ့ကို အသိမပေးခဲ့ဘူး။
ကျွန်တော်တို့ ငယ်ငယ်က ဗီယက်နမ်စစ်ပွဲ အကြောင်း နောက်ခံထားပြီး ရိုက်ကူးတဲ့ အမေရိကန် ဇာတ်လမ်းတွေ မကြည့်ချင်မှ အဆုံး။ အမေရိကန်ကြီးတွေသာ အကောင်း။ သတ္တိရှိ။ ကူညီသနားတတ်။ ခေတ်မှီ စစ်လက်နက်တွေ သုံးနိုင် စတဲ့ ဇာတ်ကားတွေကို သဘောကျခဲ့တယ်။ အခု အသက်အရွက်လေး နည်းနည်းရလာလို့ ပြန်ကြည့်မိတော့ သဘောမကျချင်တော့ဘူး။ ငယ်ငယ်တုံးက ဘယ်စာစောင်ထဲမှာ ဖတ်မိမှန်း မသိဘဲ ဗီယက်နမ်စစ်ပွဲမှာ သုံးတဲ့ နဗန်းဗုံး အကြောင်းကို စိတ်ဝင်စားမိခဲ့တယ်။
နဗန်းဆိုတာ ဗီယက်နမ်က ချာတိတ်မလေးဆိုတာ ဘယ်သိပါ့မလဲ။ ကျွန်တော်သိတာ နဗန်းဆံ သီချင်းသိတယ်။ နဗန်းဆံ ဆံပင်ပုံစံဆိုတဲ့ ချစ်စရာ့ မြန်မာ့ကျေးလက် ကောင်မလေးတွေရဲ့ ဆံပင်ပုံကို ကာတွန်းတွေထဲမှာ မြင်ဘူးတယ်။ အပြင်မှာ တွေ့ဘူးတယ်။ ဒီတော့ နဗန်းဗုံးဆိုတာကို ဘယ်လို ဗုံးအမျိုး အစားမှန်း မသိပေမယ့် စိတ်ထဲမှာ စွဲနေခဲ့တယ်။ “နဗန်းဗုံးဆိုတာ ဘယ်လိုမျိုးလဲ အမေ” လို့ အမေ့ကို မေးတော့ “အဲဒီဗုံးက မီးလောင်စေတဲ့ ဗုံး သားရဲ့။ရိုးရိုး ဗုံးတွေလို မဟုတ်ဘဲ ရေပေါ်မှာ၊ သစ်ပင် အစိုတွေကိုတောင် မီးလောင် ပြာကျစေတယ်လို့တော့ အမေသိတာဘဲ” လို့ အမေဖြေခဲ့ဘူးတယ်။ အမေက ကျနော့်ကို ရှင်းရှင်းလင်းလင်း ရှင်းပြချင်လို့ စာအုပ်တွေထဲမှာ ရှာပေမယ့် သေသေချာချာ ရှင်းပြထားတဲ့ စာတစ်ပုဒ်လေးတောင် မတွေ့ခဲ့ပါဘူး။
တစ်နေ့က လက်ပန်းတောင်းမှာ သပိတ်စခန်းတွေကို ၀င်စီးကြရင်း အသုံးပြုတဲ့ ဗုံး အမျိုးအစားကို ငြင်းကြ ခုံကြတော့ ငယ်ငယ်က စိတ်ထဲစွဲနေတဲ့ နဗန်းဗုံး ဆိုတာ ပြန်သတိရလာတယ်။ အင်တာနက်မှာ ရှာရင်း၊ ဖွေရင်း Youtube မှာ ဗွီဒီယို Clip လေးတစ်ခု သွားတွေ့မိတယ်။ ဗွီဒီယို Clip လေးထဲမှာ လေယာဉ်တွေ အသဲအသန်ဗုံးကြဲနေတာကို မြင်ရတယ်။ နည်းနည်းကြာတော့ ချာတိတ်မလေးတစ်ယောက် အရေပြားတွေ အလွှာလိုက်ကွာကြပြီး ငိုယိုပြီး လမ်းမပေါ် ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ သူ့နောက်မှာ အလွန်ဆုံး ရှိလှမှ သုံးနှစ်သားလောက်သာ ရှိမယ့် ကလေးလေး တစ်ယောက် အရေတွေ အဖတ်လိုက်၊ အဖတ်လိုက်ကွာကြနေပြီး မိန်းမကြီးတစ်ယောက်ရင်ခွင်ထဲမှာ အသက်ရှင်သလား၊ သေသလားတောင် မသိရဘဲ ပါလာတာ တွေ့ရပြန်တယ်။ စာဖတ်သူ စိတ်ဝင်စားရင် ဒီမှာ ကြည့်နိုင်ပါတယ်။ (https://www.youtube.com/watch?feature=player_embedded&v=Ev2dEqrN4i0)
အင်တာနက်မှာ ဆက်ပြီး ရှာရင်း၊ ဖွေရင်းနဲ့ ဗွီဒီယို Clip လေးထဲက ချာတိတ်မလေးက Nalpm ဆိုတဲ့ ကောင်မလေးမှန်း သိလာရတယ်။ သူ့ကို အစွဲပြုပြီး အဲဒီ ဗုံး အမျိုးအစားကို မြန်မာလို ပြုလိုက်တော့ နဗန်းဗုံး ဖြစ်သွားခဲ့တယ် ထင်ပါရဲ့။ ချာတိတ်မလေးပုံကို အမိအရ ဓာတ်ပုံ ရိုက်ထားနိုင်လိုက်တဲ့ သတင်းထောက်က ဆုတွေ ဘာတွေတောင်ရသွားခဲ့တယ်။ အဲဒီ ဓာတ်ပုံကြောင့် ဆိုးရွား ရက်စက်လွန်းတဲ့ နဗန်းဆိုတဲ့ ဗုန်းအမျိုးအစားကို ၀ိုင်းပြီး ကန့်ကွက်ကြ၊ ဆူကြ၊ ပူကြရင်း စစ်ပွဲတွေမှာ မသုံးရဘူးလို့ သဘောတူကြတယ်လို့ ဖတ်လိုက်ရတယ်။
စစ်ပွဲဆိုတာ ဂျနီဗာ သဘောတူညီချက်အရ၊ စစ်ပွဲစည်းမျဉ်းစည်းကမ်းအရ ဘာဘာ ညာညာဆိုပြီး ကြီးကြီးကျယ်ကျယ် ပြောကြ၊ ရေးကြ ပေမယ့်လဲ တကယ့်စစ်ပွဲမှာ စည်းကမ်း ကာလနားတွေ သိပ်လိုက်နာနေမယ်လို့ဖြင့် ကျွန်တော် မထင်ပါဘူးလေ။ သူ့ကို ကိုယ်က မသတ်ရင် ကိုယ့်ကို သူက သတ်မယ်လို့ အသိကြီး ရှိနေကြတဲ့အချိန်မှာ ဦးရာလူ သတ်ကြစတမ်းကြီး နေမှာပါ။ စစ်ချီ စစ်တက်၊ သေနင်္ဂဗျူဟာတွေ ပြောနေကြပေမယ့်လည်း လက်နက်သာတဲ့သူက၊ အင်အားကြီးတဲ့သူက သူ့ထက် အင်အားနည်းသူကို အသေအကြေ တွယ်ကြ၊ သတ်ကြမှာပါဘဲ။ စစ်ပွဲဆိုတာ တကယ့် အနိဌာအာရုံလို့ အသိကို ရစေတဲ့ We were soldiers ဇာတ်လမ်းကိုကြည့်ပြီး ခံစားမိပေမယ့် စစ်ပွဲအတွင်းမှာ လူသတ်ကြတာ၊ တစ်ဖက်နဲ့ တစ်ဖက် သူသေ ကိုယ်သေ ချကြတာ ကျွန်တော့်အတွက်ကတော့ သိပ်မထူးခြားပါဘူးလေ။ ထူးပြီးတော့လဲ အံ့သြမှု မရှိပါဘူး။ သို့ပေသိ ရန်သူကို ၀ုန်းဒိုင်းဆိုပြီး သေအောင် သတ်နိုင်တာ အပြစ်လို့ မမြင်ပေမယ့် နဗန်းဗုံးတွေလိုမျိုး ကောက်ကျစ်ရက်စက်လွန်းတဲ့ လက်နက်တွေကိုတော့ အများနည်းတူ ကျွန်တော်လဲ မသုံးစေချင်ပါဘူးလေ။
လက်ပန်းတောင်းမှာ ဖြစ်သွားတဲ့ အရေးအခင်းကိုကြည့်ပြီး ကျွန်တော် ငယ်ငယ်က စိတ်ထဲစွဲနေတဲ့ နဗန်းဗုံးဆိုတာကြီးကို မုန်းလာမိတယ်။ စစ်ပွဲလဲ မဟုတ်၊ တစ်ဖက်နဲ့ တစ်ဖက် အသေအကြေ ဆော်နေကြရတဲ့ ပွဲကြီးလဲ မဟုတ်ဘဲနဲ့ နဗန်းဗုံးလိုမျိုး အရေပြားတွေ အလွှားလိုက် အဖတ်လိုက် ကွာကျစေနိုင်တဲ့ လက်နက်အမျိုးအစားကို အသုံးပြုတဲ့ လူတွေကို မှတ်ချက်ပေးစရာ မရှိလောက်အောင် ကျွန်တော်ခံစားရတယ်။
လက်ပန်းတောင်းတောင်အတွက်၊ ကိုယ့်မြေ၊ ကိုယ့်လေ၊ ကိုယ့်ရေအတက် ကိုယ့်လူမျို့း အုပ်ချုပ်သူတွေဆီမှာ အရေးဆိုတဲ့ နေရာမှာ ဘယ်လိုစိတ်ထားမျိုးနဲ့များ ဒီလိုလုပ်ရက်နိုင်ကြပါလိမ့်လို့ အဖြေထုတ်ကြည့်မိတယ်။ ညတာတွေသာရှည်နေပေမယ့် ကျေနပ်လောက်တဲ့ အဖြေတစ်ခုတောင် ကျွန်တော် မထုတ်နိုင်ခဲ့ဘူး။
ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေ အကုန်သိချင်ကြသလို အဲဒီလက်နက်အမျိုးအစားတွေကို အသုံးပြုခွင့်ပေးခဲ့တဲ့ လူကြီးတွေကို ကျွန်တော် သိချင်တယ်။ အများတုံ့ပြန်ချင်သလို ကျွန်တော်လဲ တုံ့ပြန်ချင်တယ်။ တစ်ချို့က စိတ်ဆိုးဒေါသထွက်ပြီး အရှင် လတ်လတ်အရေခွံခွာပြီး သတ်ချင်ကြနေမလားဘဲ။ တစ်ချို့က ဂျိုးဂျိုး ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားနေချင်ကြမလားဘဲ။ တစ်ချို့က အားလုံး ကျေနပ်အောင် ကိုယ့်အမှားကိုယ် ၀န်ခံခိုင်းပြီး တောင်းပန်ခိုင်းကြလေမလား။ ကျွန်တော့်အတွက်ကတော့ လက်တုံ့ပြန်ချင်တဲ့ စိတ်တောင် မရှိတော့လောက်အောင်ပါဘဲ။ အမိန့်ပေး စေခိုင်းခဲ့တဲ့ လူတစ်ယောက်၊ လူတစ်ဖွဲ့ဆိုတာ ဘယ်သူ ဘယ်ဝါဆိုတာ သိခွင့်ရခဲ့ရင် သူတို့တွေရှေ့မှာ အားရ ပါးရသာ ရင်ထဲ ပွင့်ထွက်သွားအောင် ငိုပြစ်လိုက်နေချင် နေမိတယ်။ “ခင်ဗျားတို့ဗျာ..ဘယ်လိုစိတ်ထားမျိုးနဲ့ ကိုယ့်လူမျိုးအချင်ချင်းပေါ်မှာ လုပ်ရက်နိုင်ကြတာလဲ” လို့ ငိုရင်း မေးနေချင်မိတော့တယ်။
ဖိုးထက်
No comments:
Post a Comment