Wednesday, December 5, 2012

“လက်ပံတောင်းအရေး အစိုးရ၏ ကြန်အင်လက္ခဏာ ဘာလဲ”


“လက်ပံတောင်းအရေး အစိုးရ၏ ကြန်အင်လက္ခဏာ ဘာလဲ” 


Popular News Journal, 5 December 2012  —
(၁)
လပြည့်ညသည် မထင်မှတ် ထားသော ရက်စက်မှုများအောက် တွင် ကြေမွ ခဲ့ရသည်။ အစွယ်တငေါ ငေါထန်ပြင်းစွာ သက်ဆင်းလာသော မီးသတ်ပိုက် မှ ရေများ၊ တဝုန်းဝုန်း ပစ်သွင်း လိုက်သောမျက်ရည်ယိုဗုံး နှင့် မီးခိုးဗုံးများ၊ ငြိမ်းချမ်းခြင်း တရားသည် ရုတ်တရက်ဘာလုပ်ရ မည်မသိ၊ ဝရုန်းသုန်းကား။ လပြည့် ညသည် ဆေးပေါင်းခခွင့်မရ သွေး သံတရဲရဲ လက်ပံတောင်း တောင်ခြေတွင် သံဃာတော်များ၏ သွေးမြေခခဲ့ရပြ
ီ။ ညပြည့်ည သည် မရှုမလှ။

ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၏ တရားကိုယ်အတိုင်း သပိတ်စခန်းကို ဝင်ရောက် ဖြိုခွင်းသည့် အာဏာပိုင်များအပေါ် ပြန်လည်ခုခံခြင်းမရှိ၊ ပြန်လည် ခုခံစရာလည်း အပ်တိုတစ် ချောင်းမျှမရှိ။ ရက်စက်သောဖြိုခွင်း မှုကို ငြိမ်းချမ်းခြင်းတရားဖြင့်သာ ရဲဝံ့လိုက်ကြသည်။ မီးလောင်ဒဏ်ရာများနှင့် မနက်ခင်းသည် အကျည်းတန်စွာပွင့်လာသည်။ သတင်းနည်းပညာခေတ်၏ လျင်မြန်သော အဟုန်ကြောင့် မုံရွာ ပြည် သူ့ဆေးရုံသို့ရောက်ရှိ ဆေး ကုသမှုခံယူနေသော သံဃာတော် များ၏ပုံရိပ်မှာ အင်တာနက်စာမျက် နှာပေါ်တွင် အလင်း၏အလျဉ်နှုန်း ဖြင့်ပျံ့နှံ့နေသည်။ တချို့သော သံဃာတော်များမှာ ဦးခေါင်းတစ်ခုလုံး မီးလောင်ဒဏ်ရာ အပြည့်။
နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီတွင် ထုတ်ပြန်ခဲ့ပြီး ၂ နာရီ မိနစ် ၂ဝ အကြာ ညနေ ၆ နာရီ မိနစ် ၂ဝ တွင် ပြန်လည်ပယ်ဖျက် လိုက် သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ် ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲ တွင်တော့ ”အဓိကရုဏ်းနှိမ်နင်းရေးအတွက် နိုင်ငံတကာ က အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံး များကိုသာ အသုံးပြုခဲ့ပြီး အင်အားအ လွန်အကျွံသုံးစွဲဆောင်ရွက်ခဲ့ခြင်း မရှိ”ဟု ဆိုသည်။

သို့သော် လပြည့်ညသည် မ ရှုမလှ၊ ဒဏ်ရာဗရပွ။ အင်အား အလွန်အကျွံ သုံးစွဲခြင်းရှိမရှိကို မည်သို့သောပေတံနှင့် တိုင်းတာသလဲတော့မသိ။ တခြားရွေးချယ်စရာ နည်းလမ်းမရှိတော့၍ ယခုလို ဝင် ရောက်ဖြိုခွင်းခြင်း နည်းဖြင့် ကိုင် တွယ်ခဲ့ကြသည်လား။ ယခုလို ကိုင်တွယ်မှုသည် ပြဿနာစုံ လှသော လက်ပံတောင်းတောင်အရေးအတွက် အကောင်းဆုံးအဖြေတဲ့လား။ ဒဏ် ရာရရှိသူ အများစုမှာ ဗုဒ္ဓ၏သားတော် သံဃာတော်များဖြစ်သည်။
တုတ်တွေ၊ ဓားတွေ၊ မီးရှို့ဖျက်ဆီးမှုတွေနဲ့ အကြမ်းဖက်မှု များစွာ ဖြစ်ပေါ်စေခဲ့သောရခိုင်ပဋိပက္ခအပေါ် မည်သို့မည်ပုံ ကိုင်တွယ်ခဲ့သလဲဟု ပြည်သူအချို့ကမေးခွန်းထုတ်သည်။ လက်ပံတောင်းတောင်သပိတ်စခန်း များမှာ ငြိမ်းချမ်းစွာဆန္ဒပြခြင်း။

(၂)
နိုဝင်ဘာ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင်အရေး လူထုနှင့်တွေ့ ဆုံရန် ဒေါ်အောင်ဆန်း စုကြည်ရောက်ရှိမည်ကို အားလုံး သိပြီးဖြစ် သည်။ ဒေါ်အောင်ဆန်းစု ကြည်သည် မြန်မာပြည်သူအများစု၏ ယုံကြည်ကိုးစားခြင်းခံရသူ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ လွှတ်တော်မှဖွဲ့စည်းထားသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဋ္ဌ၊ အမိမြေ ဖွံ့ဖြိုးရေးအတွက် လက်ရှိအစိုးရ နှင့်အတူ နားလည်မှုကြီးစွာဖြင့် လက်တွဲဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်သည်။
လက်ပံတောင်းတောင်သို့ ဒေါ် အောင်ဆန်းစုကြည် ဘာလာလုပ်မည်နည်း။ လက်ပံတောင်းတောင်သို့ မလာမီကတည်းကပင် လက်ပံ တောင်းတောင် စီမံကိန်းစာချုပ်ကို ပြန်ဖျက်မည်ဆိုလျှင် ပေးပြီးသားက တိစကားကို ဖျက်ရာရောက်ကြောင်း၊ စာချုပ်ပြန်ဖျက်လျှင် တန်ရာတန်ကြေး ပြန်ပေး ရမည့် ကိစ္စကို ထည့် သင်းစဉ်းစားဖို့ လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား ခဲ့သည်။

အထက်ပါစကားကို ကြည့် ခြင်းအားဖြင့် လက်ပံတောင်းတောင် သို့ ဒေါ်အောင်ဆန်းစုကြည် ဘာလာလုပ်မလဲဆိုသည်မှာ ရှင်းသည်။ စီမံကိန်း လုံးဝရပ်ဆိုင်းရေးမူကို ကိုင်စွဲထားသူများအား ထောက်ခံ စကားပြောရန် လာရောက်ခြင်း မဟုတ်သည်မှာ ထင်ရှားသည်။
သို့သော် နိုဝင်ဘာ ၂၉ ရက် နေ့ နံနက် ၃ နာရီတွင် သပိတ်စခန်းများအား ဖြိုခွင်းလိုက်သည်။ ထိုနေ့သည် လက်ပံတောင်းတောင်သို့ ဒေါ်အောင်ဆန်း စုကြည် ရောက် ရှိလာမည့်နေ့။ သပိတ်စခန်းဖြိုခွင်းချိန်နှင့် ဒေါ်အောင်ဆန်း စုကြည် ရောက်ရှိချိန်မှာ တစ်ရက်ပင်မကွာ။ နောက်ထပ် စောင့်စရာတစ်ရက် ပင်မကြာသော ဒေါ်အောင်ဆန်းစု ကြည်နှင့် သပိတ်မှောက်သူတို့၏ တွေ့ဆုံ မှုရလဒ်ကို ဘာကြောင့် မစောင့်နိုင်ရသနည်း။

သပိတ်မှောက်သူများကလက် ပံတောင်းတောင်ကို အိတ်ကတ်ထဲ ထည့်ပြီးရွှေ့သွား၍မရပါ။ ဆန္ဒပြသူ များ၏ လက်ထဲတွင် အပ်တို တစ် ချောင်းတောင်မရှိသဖြင့် အကြမ်းဖက် နည်းဖြင့် လက်ပံတောင်းတောင် ကို သိမ်းပိုက်ထားမည်လည်းမဟုတ်။ တစ်ရက်ပင် မကြာသောအချိန် ကို စောင့်ဆိုင်းလိုက်ရုံနှင့် လက်ပံတောင်းတောင် စီမံကိန်းတစ်ခုလုံး ပျက်သုဉ်းသွားမည်လည်း မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် လာရောက်ခင်းသည် အကြမ်းဖက်နှိမ် နင်းစရာ မလိုသော ရွေးချယ်စရာ ကြီးကြီးမားမား အခွင့်အလမ်းတစ်ရပ်ဖြစ် သည်ကို အာဏာပိုင်များက ဘာကြောင့် လက်မခံကြသနည်း။
(၃)
လက်ပံတောင်းတောင် ပြည် သူများဆီသို့ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ရောက်ရှိလာ ခဲ့သည်။ မြင်မကောင်း၊ ရှုမကောင်းသော သတင်းစကားများကို ကြား ပြီးဖြစ်သော်ငြား သူ၏ လက်ပံတောင်းတောင် သဘောထားသည် မပြောင်း။ လက်ပံတောင်းတောင် ပြည်သူများ အားပြောသည့် မိန့်ခွန်းထဲတွင် ”….ဒီမိုကရေစီရဲ့အခြေခံ လိုအပ်ချက်တစ်ခု က ဘာလဲဆိုတော့ အခက်အခဲတွေရှိရင် မပြေလည်တာတွေ ရှိလို့ရှိရင် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ပြေလည်မှုရ အောင်လို့ ကြိုးစားရမယ့် တာဝန် တစ်ခုရှိပါတယ်”ဟု ပြောသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လုပ်ငန်းရှင် (လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကုမ္ပဏီ)များကို တွေ့ပြီးပြီ။ ကန့်ကွက် နေသည့်ပြည်သူများနှင့်လည်း တွေ့ ချင်သည်။ ဟိုဘက်ဒီဘက် အမြင် နှစ်ခုကိုကြည့်ပြီးတတ်နိုင်သလောက် ပြေလည်အောင် ညှိပေးမည်ဟု ဆို ကာ ပြည်သူ၏ သဘောထားကို တောင်းခံလိုက်တော့ ”တူပါတယ်” ဆိုသည့်အသံများမှာ ဟိန်းထသွားသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောသည့်မိန့်ခွန်းထဲတွင် စီမံကိန်းဖျက် သိမ်းရေးမပါ။ သိက္ခာရှိသောနိုင်ငံ၊ ဂုဏ်သိက္ခာရှိသော ပြည်သူ၊ ဒေါ်အောင် ဆန်းစုကြည်မြင်သော နိုင်ငံ နှင့်ပြည်သူ။ ပြီးတော့ ထပ်ပြောတာက မိတ်ဆွေကောင်းတရား။

”….မိတ်ဆွေကောင်းဆို တာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံ ရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကိုလိုက်လိုက် ပြောတဲ့သူက မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက် ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တကယ့် မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ ကောင်းကျိုး ကိုရှေးရှုပြီး ပြောသင့် ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြ မယ်” ဟု ဆိုတော့ ‘ဟုတ်ပါတယ်’ ဆိုသည့် ပြည်သူ့အသံက ဟိန်း ထလာပြန်သည်။
လက်ပံတောင်းတောင် အရေး နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် သယ်ဆောင်လာသောအနက် အဓိပ္ပာယ်မှာ ဒီမိုကရေစီ နည်းကျ တွေ့ဆုံ ညှိနှိုင်း အဖြေရှာရေးသာ ဖြစ်သည်။ မုံရွာပြည်သူ များနှင့် တွေ့ဆုံ မိန့်ခွန်းပြောရာတွင်လည်း သူ့အယူအဆအတိုင်း။ လက်ပံ တောင်းတောင်အရေး ဒေါ်အောင် ဆန်းစုကြည်ပေးသည့် လမ်းကြောင်းပေါ်တွင် အဖြေကရှင်းလာသလိုလို တွေ့လာရသော်လည်း မနက်ခင်း ၃ နာရီက ပုဆိန်နှင့် ထွင်းခဲ့သည့် ဖြစ်စဉ်ကြောင့် ပွဲကမပြီးသေး။
(၄)
ဒဏ်ရာရ သံဃာတော်များ အရေးမှာ လှုပ်ခတ်ဆဲ ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူးကြီး စန်းယု ဦးဆောင်သော ရဲ တပ်ဖွဲ့ဝင်များက မုံရွာမြို့မှ ဆရာတော်အချို့ အား”တပည့်တော်တို့၏ တာဝန်ရှိမှု ကို မေတ္တာတရားရှေ့ထား၍ ခွင့် လွှတ်ပေးကြပါရန်”ဟုဆိုကာ ရှိခိုး တောင်းပန်ခဲ့သည်။
ရဲမှူးကြီး စန်းယုက လက်ပံ တောင်းတောင် သပိတ်စခန်းများ ဖယ်ရှားပေး ရန် ထုတ်ပြန်ခဲ့သည့် နောက်ဆုံး အချိန်ထက် ၂၇ နာရီ နောက်ဆုတ် ကာ ပြောင်းရွှေ့ရန် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ခဲ့ကြောင်း၊ သံဃာတော် များကို ထိခိုက်နစ်နာစေ ရန် ရည် ရွယ်ချက် မရှိကြောင်း၊ ယခုလို ထိခိုက်ခဲ့ခြင်းအတွက် စိတ်နှလုံး မချမ်းမြေ့ရပါကြောင်း စသည်ဖြင့် လျှောက်ထားသည်။

၎င်းတို့၏ တောင်းပန်မှုကို ချုပ်၍ ဆိုသော် သံဃာတော်များကို ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက် မရှိသော်လည်း တာဝန်အရ လုပ်ရသည်ဖြစ်သည်။
ရဲမှူးကြီး၏ လျှောက်ထားမှုမှာ ဝန်ထမ်းတစ်ဦး၏ တာဝန်ရှိမှုအပေါ် အခြေခံ ၍ လျှောက်ထားခြင်း ဖြစ်သည်။ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက် သည့် အဓိက ပြဿနာမှာ အခြားရွေးချယ်စရာ ရှိသော အခြေအနေ တစ်ခု တွင် အင်အားသုံး ဖြိုခွင်းနည်းကို သုံးလိုက်ခြင်း ဖြစ်သည်။
ငါတို့သည် အစိုးရ၊ ငါတို့သာလျှင် ကိုင်တွယ်ဖြေရှင်းမည် ဆိုသည့် အစွဲကြောင့်လား။ ဒေါ် အောင်ဆန်းစုကြည် ဝင်ရောက်ဖြေရှင်းပြီး အဆင်ပြေ သွားမည်ကို မလိုလား၍လားဆိုသည့် မေးခွန်းများ ထွက်ပေါ်လာပါသည်။
တိုင်းပြည်၏ ကောင်းကျိုး အတွက် မှန်ကန်သော နည်းလမ်းဖြင့် ပြဿနာ တစ်ရပ်ကို ဖြေရှင်းရာတွင် ဦးသိန်းစိန် ဖြေရှင်းမှမဟုတ်၊ ဒေါ်အောင်ဆန်း စုကြည် ဖြေရှင်းမှ မဟုတ်။ အောင်မြင်စွာ ဖြေရှင်းနိုင်သည့် မည်သူ့ကိုမဆို ကြိုဆိုရ မည်သာ ဖြစ်သည်။

ဒီမိုကရေစီသည် အညှောင့် ထွက်ခါစ၊ အမွေရခဲ့သည့် ပြဿနာများသည် လည်း အများသား။ သင် ခန်းစာဆိုသည်မှာ ယူသော်ရ၏သဘော။ အစိုးရ၏ ကြန်အင်လက္ခ ဏာကို ပြည်သူများ စောင့်ကြည့် နေကြသည်။
လင်းဆက်ငြိမ်းချမ်း

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။