Tuesday, December 18, 2012

ကာမိုင်းရဲစခန်းသို့ KIA ၀င်တိုက် (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ


ကာမိုင်းရဲစခန်းသို့ KIA ၀င်တိုက် (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ 


Myitmakha Media Group, 18 December 2012  —-  ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား ဒီဇင်ဘာ(၁၇)ရက်နေ့ နံနက်(၄)နာရီအချိန်က KIAတပ်မှ ၀င်ရောက်စီးနင်းမှုကြောင့် ရဲတပ်ကြပ် စိုးမင်းသူနှင့်ဒေါ်တင်မေအောင်တို့ သေဆုံး၍ (၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့် NLDပါတီမှ သိရသည်။
“နံနက်(၄)နာရီလောက်မှာ KIAက ၀င်ရောက်စီးနင်းတာပါ၊ ရဲအင်အားကလည်းနည်းတော့ ထိခိုက်မှု တွေရှိတာပေါ့၊ ရဲတပ်ကြပ်တစ်ဦးနဲ့ သူတို့အမျိုးမိန်းကလေးတစ်ဦး သေဆုံးသွားပါတယ်”ဟု ဖားကန့် NLDပါတီမှဦးဟန်မြင့်က ပြောသည်။

ထိုကဲ့သို့ ၀င်ရောက်စီးနင်းပြီးနောက် နံနက်(၅း၃၀)အချိန်၌ KIA ( ကချင်လွတ်မြောက်ရေးတပ်ဖွဲ့)မှပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
KIAတပ်မှ အင်အား(၇၀)၀န်းကျင်ဖြင့် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် အချက်(၄၀) ၀န်းကျင် ပစ်ခတ်ခဲ့၍  ရဲစခန်းမှလက်နက်များလည်း ယူဆောင်သွားခဲ့သည်ဟု ၄င်းတို့ထံမှ သိရသည်။
ရဲအင်အား(၁၈)ဦးခန့်ရှိသည့် ကားမိုင်းရဲစခန်းကို KIAတပ်က၀င်ရောက်စီးနှင်းမူကြောင့် ရဲတပ်ကြပ် စိုးမင်းသူနှင့်(ဒုရဲ အုပ်အောင်ထွန်းဦး)   ၏ညီမ မတင်မေအောင်တို့ သေနတ်မှန်ကာ သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ထွန်းအေးမှာ ၀မ်းဗိုက်တွင် သေနတ်ဒဏ်ရာ စိုးရိမ်ဖွယ်ရရှိကာ ဒုရဲအုပ်အောင်ထွန်းဦး၏ ဇနီးမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာရရှိ၍ ကားမိုင်းဆေးရုံသို့ ပို့ထားကြောင်း သိရသည်။
“ရဲတွေကအင်းအားနည်းတယ်၊ တာဝါတိုင်ဘက်မှာလည်း လူခွဲပြီးတော့ စောင့်ရသေးတယ်၊ အခုစခန်းမှာက လူသိပ်မရှိဘူး”ဟု ကာမိုင်းဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ KIAတပ်က ၀င်ရောက်စီးနှင်းမှုကြောင့် ကာမိုင်းဒေသခံများမှာ ကြောက်ရွံ့နေကြပြီး ဖားကန့်သို့သွားသော ကားလမ်းမှာလည်း ကာမိုင်းတံတားဘက်မှ မသွားပဲ ရေလမ်းကြောင်းမှ စက်လှေများဖြင့် သွားလာနေရကြောင်း  ဒေသခံတို့က ဆိုသည်။
ယခုလပိုင်းအတွင်း ဖားကန့်-ကာမိုင်းဘက်တွင် မြန်မာစစ်တပ်နှင့်KIAတပ်တို့ တိုက်ပွဲမဖြစ်ပွားသည်မှာ ကြာပြီဖြစ်ကြောင်းကိုလည်း သိရသည်။
ကချင်ပြည်နယ်တွင်(၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်အိုနှင့် မြန်မာစစ်တပ်အကြား စစ်ပွဲများပြန်လည်ဖြစ်ပွား ခဲ့သည်မှာ ၂၀၁၁ ခုနစ်၊ ဇွန်လ(၉)ရက်ကတည်းကဖြစ်ပြီး တစ်နှစ်နှင့် ခြောက်လကြာမြင့်ပြီဖြစ်သည်။
ငြိမ်းချမ်း(မြစ်မခ)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။