မြစ်ဆုံနှင့် လက်ပံတောင်းတောင်တို့က ပြောခဲ့သော အသံတိတ်စကားများ
[--- ကိုကို(စက်မှုတက္ကသိုလ်) ---]
by Yangon Media Group on Monday, December 17, 2012 at 9:58pm ·
မြစ်ဆုံနှင့် လက်ပံတောင်းတောင်တို့က ပြောခဲ့သော အသံတိတ်စကားများမတက်ဖြစ်တာကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအစည်းအဝေးတစ်ခုကို တက်ရောက်ဖြစ်တုန်း အစည်း အဝေးနားခိုက်မှာ ဝိုင်းဝန်းဆွေးနွေးကြတဲ့အကြောင်းအရာက အခုနောက်ပိုင်း မြစ်ဆုံလိုရေပန်းစားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စပဲဖြစ်ပါတယ်။ တက်ရောက်လာတဲ့ နောင်တော်ကြီးတစ်ဦးက ''နှစ်တွေအကြာကြီးချီ စောင့်မှ ရတဲ့ သတ္တုသယံဇာတတွေ ကို တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မတူးဖော်ဘဲ နေကြရမလားဗျာ''လို့ စဆွေးနွေးပါ တယ်။ အဲဒီကစပြီး သယံဇာတတွေတူးဖော် ထုတ်လုပ်မှု ကိစ္စတွေ ဆီ အင်ဂျင်နီယာတွေ စကားဝိုင်း ဖွဲ့ဖြစ်လိုက်ကြပါတယ်။ အငြိမ်း စားယူထားတာကြာပြီဖြစ်တဲ့ သတ္တုတူးဖော်ရေး အင်ဂျင်နီယာကြီး တစ်ဦးက ''အရေးအကြီး ဆုံးက သတ္တုတူးဖော်တာ မှာ စနစ်တကျ လုပ်ကြဖို့ပဲလိုတာပါ။ အရင်ကတည်းက ပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးမှုအနည်းဆုံးဖြစ်အောင် အတွက် ရှာဖွေတူးဖော်ရေး ဆိုင်ရာ Guide Lines လမ်းညွှန်ချက်တွေရှိပြီးသားပါ။ အဲဒါတွေကို မလိုက်နာကြလို့ဖြစ်ရတာပါ''လို့ ထောက်ပြပါတယ်။ မသိနားမလည်တဲ့ သူတွေက သတ္တုတူးတယ် ဆိုတာ ဘာခက်တာလိုက်လို့ မြေတူးစက်၊ မြေကော်စက် တွေရှိရင်ရပြီ လို့ ထင်ထား ကြတာလေဗျာလို့ နောက်တစ်ဦးက ထပ်ဆွေးနွေးပါတယ်။
ကိုကို(စက်မှုတက္ကသိုလ်)
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သယံဇာတတွေရှာဖွေဖော်ထုတ်သုံးစွဲကြရသလို စက်မှုလုပ်ငန်းတွေ၊ အခြားသော ဖွံ့ဖြိုးရေး ဆိုင်ရာစီမံကိန်းကြီးတွေကို လုပ်ဆောင်ကြရပါတယ်။ အဲဒါတွေမလုပ်ဆောင်ဘဲနဲ့ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကို အခြားသော တိုးတက်ပြီးနိုင်ငံတွေအဆင့်ရောက်အောင်လုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာ မှာတော့ အဲဒီဖွံ့ဖြိုးမှုဟာ ခဏခံဖွံ့ဖြိုးမှုမဟုတ်ဘဲ ရှေရှည်တည် တံ့သောဖွံ့ဖြိုး မှုဖြစ်ဖို့လိုပါတယ်။ အဲဒါကြောင့်လဲ အခုနောက်ပိုင်းမှာ Sustainable Development ကိုအလေးပေးပြော ဆိုနေကြခြင်းဖြစ်ပါတယ်။ ရေရှည်တည်တံ့သောဖွံ့ဖြိုး မှုကိုဆောင်ရွက်ဖို့ရာမှာ စီးပွားရေး အမြင်သက်သက်မျှနဲ့ မလုံလောက်ဘဲ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ လူမှုအမြင်များကိုပါ ထည့်သွင်းပေါင်းစပ်စဉ်း စားရမှာဖြစ်ပါ တယ်။ စီးပွား၊ ဝန်းကျင်၊ လူမှုဆိုတဲ့ သုံးချောင်းထောက်ပုံစံလို့သိကြပါတယ်။
ကျွန်တော်က သတ္တုတူးဖော်ရေးအင်ဂျင်နီယာတစ်ဦးမဟုတ်တော့ အခြားနိုင်ငံတွေမှာ သယံဇာတတွေ ဘယ်လိုတူး ဖော် ထုတ်လုပ်ကြသလဲ ဆိုတာကို ယေဘုယျသဘောလေ့လာ မိပါတယ်။ အဲဒီအခါ အော် . . .ဒါကြောင့် သူတို့ဆီမှာ အသံမထွက်တာ ကိုးလို့အဖြေထုတ်မိလိုက်ပါတယ်။ သတ္တုတူးဖော်ထုတ်လုပ်ဖို့ ရာမှာ ဥပဒေတွေအများကြီး လေးစား လိုက်နာကြ ရပါတယ်။ သတ္တုတွင်းဆိုင်ရာဥပဒေအပြင် သဘာဝပတ်ဝန်းကျင်ဥပဒေ၊ မြေယာဥပဒေ စတာတွေ အများကြီးပါ။ အဲဒီအပြင် သတ္တုမတူး ဖော်မီကြိုတင်ပြင်ဆင်ခြင်း၊ တူးဖော်ခြင်းနှင့် တူးဖော်ပြီးအဆင့်တွေ မှာလည်း တိတိကျကျလိုက်နာရတဲ့ ကျင့်ဝတ်စည်းကမ်းတွေ၊ လမ်းညွှန်ပြဋ္ဌာန်းချက်တွေကလဲ အတော်များသား။ စောစောက နောင်တော် အင်ဂျင်နီယာကြီး တစ်ဦးပြောသလို 'လွယ်ပါတယ်ကွာ၊ မြေတူးစက်နဲ့တူးပစ်လိုက်'ဆိုပြီး ဖြစ်က တတ်ဆန်းလုပ်လို့မှ မရတာ။ ဥပမာပြောရရင် လမ်းတွေဖောက်ချင်တယ် ဆိုတာ တောင် မလွှဲမရှောင်သာ မှလမ်းသစ်ဖောက်ရပြီး လက်ရှိလမ်းကိုပဲ အဖြစ်နိုင်ဆုံးသုံးရတာတွေ၊ သစ်ပင်တစ်ပင်ခုတ်မယ်ဆိုရင် တောင် မလွှဲမရှောင်သာ မှခုတ်ရတာတွေ၊ မြေဆီလွှာတွေ၊ အပေါ် ယံမြေလွှာတွေကိုလဲ ဘယ်လိုတူးရမယ်၊ ပျက်စီးမှု အနည်းဆုံးဖြစ် အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ အသေးစိတ်ညွှန်ကြား တာမျိုးပါ။ လုပ်ငန်းပြီးရင် မြေပြန်ဖို့ပေးခဲ့ရ မယ်ဆိုတာတောင်ပါသေး။ အဲဒီအပြင် ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအမွေအနှစ်၊ ရှေးဟောင်း အမွေ အနှစ်တွေ အဲဒီဒေသမှာရှိနေရင် အဲဒါတွေနဲ့ ဘယ်လောက် အကွာမှာမှ လုပ်ငန်းလုပ်ရမယ်ဆိုတာပါ ထည့် သွင်းပြဋ္ဌာန်း ထားတာပါ။ ကျွန်တော်တို့ဆီမှာလဲ အဲဒီနိုင်ငံတွေကလောက်မပြည့်စုံရင်တောင် သူ့စံနဲ့သူတော့ ရှိခဲ့မှာသေချာပါ တယ်။ ခက်တာက ဥပဒေတွေ၊ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေက စာအုပ်တွေထဲမှာ ပဲရှိခဲ့ကြ လို့ဖြစ်ပါတယ်။ အဲဒီအပြင် သူ့ခေတ် သူ့အခါသဘာဝအရ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်းနဲ့ စီမံကိန်း ဆောင်ရွက်ကြသူ အချို့ အတတ်ပညာနဲ့ ဗဟုသုတနှံ့စပ်ကျွမ်းကျင်မှုအားနည်းခြင်းတွေကလဲ လက်ပံတောင်း တောင်လိုပြဿနာ မျိုးတွေဖြစ်ခဲ့ရတာလား လို့စဉ်းစားနေမိပါတယ်။
စကားဝိုင်းကမိတ်ဆွေတစ်ယောက်က ဘေးနားမှာရှိနေတဲ့ သူ့သူငယ်ချင်းသတ္တုအင်ဂျင်နီယာကို ''မင်းမှာလဲ တာဝန်ရှိတယ်။ မင်းဒါတွေသိလျက်နဲ့ ဘာဖြစ်လို့မပြောခဲ့သလဲ။ မတင်ပြခဲ့သလဲ'' ဆိုပြီးကျီစယ်ပါတယ်။ ကျီစယ်သူက ကျီစယ်ပေမယ့် အပြောခံရတဲ့သူကတော့ ''ဟကောင်ရ၊ ပညာရှင်ဆိုတာ အခုမှနည်းနည်း လူရာစဝင် တာလေကွာ။ အဲဒီတုန်းက ငါတို့ပြောလို့ရော နားထောင်ကြလို့လား''လို့ မကျေမနပ်ပြန်ပြောပါတယ်။
အဓိကကတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတာဝန်ယူစီမံခန့်ခွဲမှုစနစ်အားနည်းခဲ့ပုံရပါတယ်။ သယံဇာတတူး ဖော်ထုတ်လုပ်ရေးမှာ အတွေ့အကြုံရှိတဲ့နိုင်ငံတွေမှာ Environmentally Responsible Management ကို ပဏာမတိုင်း တွာမှုကနေစလို့ ထုတ်လုပ်မှုပြီးဆုံးသည့်တိုင် လုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ ပေါင်းစပ်ထည့်သွင်း ထားကြရပါတယ်။ အိုင်ယာလန် နိုင်ငံ၊ သတ္တုတူးဖော်ရေးဌာနကထုတ်ပြန်ထားတဲ့ သတ္တုတူးဖော်ရေး နှင့်ပတ်သက်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာလိုက်နာရ မည့်လမ်းညွှန်ချက်တွေ ထဲမှာ အစိုးရက ထုတ်ပြန်ထား တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ စည်းမျဉ်းစည်း ကမ်းတွေက အဲဒီစီမံကိန်းရဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ပေးဖို့ လုံလောက်မှုမရှိရင်တောင် အခြားခေတ်ပြိုင်ဥပဒေတွေ၊စည်းမျဉ်း စည်းကမ်း တွေကို မွေးစားပြီး ပြဋ္ဌာန်း လိုက်နာ ဆောင်ရွက်ရ မည်ဆိုတာကို ဖတ်လိုက်ရပါတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံက စည်းမျဉ်း ဥပဒေတွေက မလုံလောက်မပြည့်စုံရင်တောင် နိုင်ငံတကာစံတွေနဲ့အညီဆောင်ရွက်သင့် တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
မြစ်ဆုံလိုမျိုး၊ လက်ပံတောင်းတောင်လိုမျိုးအဖြစ်တွေကိုကြည့်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းတွေအားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းကြုံး ရမ်းသလိုမျိုး နိုး နိုးလို့အော်ကြမယ်ဆိုရင်တော့ အစွန်းတစ်ဖက်ရောက်သွား ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သားစဉ် မြေးဆက်တွေကို ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အမွေပေးခဲ့ကြရမှာပါ။ တစ်ခုပဲရှိပါတယ်။ ပတ်ဝန်းကျင် ပျက်စီးယိုယွင်း ထိခိုက်မှု အနည်းဆုံးဖြစ်အောင်စီမံပြီး ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးကြွယ်ဝမှုကို ဆောင်ကြဉ်းပေးကြရမှာဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့လုပ် စရာရှိတာတွေကို ကျွန်တော်တို့ ဆက်လုပ်ကြ ရမှာပါ။ အဲဒီအတွက် အသီးသီးသောနိုင်ငံရေးသမားတွေ၊ လူ့အဖွဲ့အစည်းခေါင်း ဆောင်တွေ အမြင်ကျယ်ကျယ်၊ ဗဟုသုတကြွယ်ကြွယ်နဲ့ ပြည်သူကို စည်းရုံးအသိပညာပေးကြရမှာဖြစ်ပါတယ်။
ဒီကနေ့ပဲ သတင်းစာထဲမှာသတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ နိုင်ငံတော်သမ္မတက တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေးစက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေး ဦးဆောင်ကော် မတီဖွဲ့စည်းပေး လိုက်တဲ့ သတင်းဖြစ်ပါတယ်။ ဦးဆောင်ကော်မတီကနေ လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့ဦးမယ်ဆိုပါတယ်။ ဦးဆောင်ကော်မတီ မှာ ပြည်ထောင်စု ဝန်ကြီး ၅ဦးသာ ပါဝင်ပေမယ့် လုပ်ငန်းကော်မတီတွေမှာတော့ လွတ်လပ်သောပညာရှင်တွေ၊ လူထုအဖွဲ့အစည်းကိုယ်စားလှယ်တွေပါဝင်သင့် တယ်လို့မြင်မိ ပါတယ်။ မြစ်ဆုံနဲ့ လက်ပံတောင်းတောင်က သင်ခန်းစာတွေ အများကြီးပေးခဲ့ပြီးဖြစ်ပါတယ်။ အသံတိတ်စကားတွေလဲ အများကြီး ပြောခဲ့ပြီးဖြစ်ပါတယ်။ အရေးအကြီးဆုံးက မှားပြီးတာတွေ ထပ်မမှားမိကြဖို့သာဖြစ်ပါကြောင်း။
No comments:
Post a Comment