Tuesday, December 18, 2012

အမေရိကန်တွင် သေနတ်ဖြင့် ပစ်ပြန်ပြီ


အမေရိကန်တွင် သေနတ်ဖြင့် ပစ်ပြန်ပြီ


ပါမောက္ခပညာရေးမဂ္ဂဇင်း . ၁၇ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-  ဒီဇင်ဘာ ၁၇ ရက်တောင်ပိုင်း ကာလီဖိုးနီးယား ကုန်တိုက်ကြီး တစ်ခုရှေ့ လူစည်ကားရာ ကားရပ်နားစခန်းတွင် သေနတ်သံ အချက် ၅၀ ခန့်ထွက်ပေါ်လာသောကြောင့် လူများ ထိတ်လန့်တကြားဖြစ် ကာ ပြေးလွှားပုန်းရှောင်ကြသည့် ဖြစ်ရပ်တစ်ခု စနေနေ့ညနေခင်း က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေနတ်ဖြင့် ပစ်သူမှာ အသက် ၄၂ နှစ်အရွယ်ရှိ မားကို့စ် ဂါရိုလာ ဆိုသူဖြစ်ပြီး သူသည် မိုးပေါ်နှင့် မြေပြင်သို့ အချက်ပေါင်းများစွာ သေနတ်ဖြင့်  ပစ်ခတ်ခဲ့သောကြောင့် လူအများထိတ်လန့်ပြီး ထွက်ပြေးပုန်းရှောင်ကာ ရုတ်ရုတ်သဲသဲဖြစ်ပွားသွားရသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ နယူးပို့ကမ်းခြေ၊ ဖက်ရှင်ကျွန်း လေဟာပြင်ဈေးရောင်းပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ရဲတပ်ဖွဲ့မှ ပြောကြားချက်အရ သေနတ်သမားသည် အကြိမ်ပေါင်းများစွာ ကျည်ဖြည့်လိုက် ပစ်ခတ်လိုက် လုပ်ခဲ့ကြောင်း၊ ထိုစဉ် စက်ဘီးစီးလာသည့် ရဲအရာရှိများ ရောက်လာသောအခါတွင်လည်း ခုခံခြင်းမရှိဘဲ လက်နက်ချ အဖမ်းခံခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ အရာရှိ ဒေးဗစ် မက်ဂေး၏ ပြောကြားချက်အရ သေနတ်သမားသည် သူ့တွင် မကျေနပ်ချက်များရှိ နေသောကြောင့် ထိုသို့ ပြုလုပ်ခြင်းဖြစ်မည်ထင်ကြောင်း၊ ဘ၀တွင် စိတ်ပျက်စရာများ မကြာခဏကြုံတွေ့နေရ သဖြင့် ထွက်ပေါက်အနေဖြင့် ဤသို့ ပြုလုပ်ခြင်းဖြစ်မည်ထင်ကြောင်း ပြောကြားခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း ရဲအရာရှိ မက်ဂေးက ပြောကြားသည်။ ထွက်ပြေးစဉ် လဲကျသည့်အတွက် ပွန်းပဲ့သည့် အသေးစားဒဏ်ရာရသူ တစ်ဦးသာရှိသည်ဟု သူကဆိုသည်။
သေနတ်သမား ဂါရိုလာသည် ဂါးဒင်းဂရုတွင် နေထိုင်သူဖြစ်ပြီး သူ့ကို ဒေါ်လာ ၂၅၀၀၀၀ ဖြင့် အာမခံပေးလိုက် ကြောင်း၊ အခင်းဖြစ်ရာတွင်ရရှိသည့် သေနတ်နှင့် ကျည်များကို သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။
ဂါရိုလာသည် ကမ်းခြေစောင့်တာဝန်အတွက် ထိုသေနတ်ကို လိုင်စင်ဖြင့် ကိုင်ဆောင်ခြင်းဖြစ်ပြီး၊ သူ့လိုင်စင် သက်တမ်းမှာ ၂၀၀၁ ခုနှစ်ကတည်းက ကုန်ဆုံးနေပြီဖြစ်သည်။ သူ့တွင် ရာဇ၀တ်မှုမှတ်တမ်းများမရှိကြောင်း သတင်းများအရသိရသည်။
Written by ရွှေမောင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။