Tuesday, December 18, 2012

ကျောင်းသားများကို ကာကွယ်ရင်း သေဆုံးရတဲ့ ဆရာမ

ကျောင်းသားများကို ကာကွယ်ရင်း သေဆုံးရတဲ့ ဆရာမ 

ပါမောက္ခ ပညာရေး မဂ္ဂဇင်း . ၁၇ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-  ဒီဇင်ဘာ ၁၅
ကွန်နက်တီးကပ်ကျောင်းတွင်း ပစ်ခတ်မှုတွင် မိမိတပည့်များကို အကာအကွယ်ပေးခဲ့သည့် ဆရာမတစ်ဦးသည် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ရကြောင်း သတင်းရရှိသည်။
အသက် ၂၇ အရွယ်ရှိ ဆရာမ ဗစ်တိုးရီးယား ဆိုတိုသည် ဆင်ဒီ ဟွခ်မူလတန်းကျောင်းတွင် တာဝန်ထမ်း ဆောင်နေသော ပထမတန်းသင် ဆရာမတစ်ဦးဖြစ်သည်။
ဆရာမ ဗစ်တိုးရီးယားသည် ကလေးများကို သူမကိုယ်ဖြင့် အကာအကွယ်ပေးထားရင်းက၊ ကလေးများကို ရင်ခွင်အတွင်းထားရင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်ဟုဆိုသည်။
“ကလေးတွေကို ပွေ့ဖက်ထားလျက်နဲ့ သေဆုံးနေတာပါ။ သူ လုပ်သင့်တာကို အကောင်းဆုံး လုပ်ပေးသွားတာပါ” ဟု သူမ၏ အစ်ကိုဝမ်းကွဲဖြစ်သူက အေဘီစီသတင်းဌာနသို့ပြောကြားခဲ့သည်။
ကျောင်းတွင်းပစ်ခတ်မှုတွင် သေဆုံးသူ လူကြီး ၆ ဦးစလုံးသည် အမျိုးသမီးများဖြစ်ကြပြီး၊ ထိုအထဲတွင် ဗစ်တိုးရီးယားလည်း အပါအ၀င်ဖြစ်သည်။ သေဆုံးသူ ကလေး ၂၀ ဦးမှာ မိန်းကလေး ၁၂ ဦးနှင့် ယောက်ျား လေး ၈ ဦးဖြစ်သည်။
ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဆာဘီနီ အလီဆိုသူက
“အဲဒီ ဆရာမက အရမ်းတက်ကြွတာ။ ကလေးတွေကိုလည်း အရမ်းချစ်တတ်တယ်။ ကလေးတွေနဲ့ ကြမ်းတစ်ပြေးတည်းထိုင်ပြီးနေတတ်တာ။ ဒါကြောင့် သူမအနေနဲ့ ကလေးတွေကို ဒီလိုအကာအကွယ်ပေး တယ်ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး” ဟုပြောကြားသည်။
ပြီးခဲ့သည့် စနေနေ့ညက ဗစ်တိုးရီးယား၏ မွေးရပ်မြေ စတတ်ဖို့ဒ်မြို့တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ ရာတွင် အခမ်းအနားသို့ တက်ရောက်လာသူတိုင်း အစိမ်းရောင်ဖဲကြိုးလေးများကို ဆင်မြန်းကာ တက်ရောက် လာကြကြောင်းတွေ့ရသည်။ ထိုအရောင်သည် ဗစ်တိုးရီးယားအကြိုက်ဆုံးအရောင်ဖြစ်သောကြောင့် ဂုဏ်ပြုကာ တပ်ဆင်လာကြခြင်းဖြစ်သည်။
သူမ၏အဒေါ်ဖြစ်သူ ကာလီဆိုတိုက
“သူ့ကလေးတွေအကြောင်း ကျွန်မကို အမြဲပြောတယ်။ အဲဒီလိုပြောရင် ကျွန်မ ကျောင်းသားတွေကလို့ ဘယ်တော့မှ မသုံးဘူး။ ကျွန်မ ကလေးတွေဆိုတဲ့ အသုံးမျိုးနဲ့ပဲပြောတတ်တယ်” ဟုဆိုကာ ဆရာမ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ်ချီးကျူးခဲ့သည်။
ဆရာမဗစ်တိုးရီးယားသည် ပြီးခဲ့သည့်လကမှ သူမ အသက် ၂၇ နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့ပြီး၊ မောင်နှစ်မ လေးယောက်တွင် အကြီးဆုံးဖြစ်သည်။ ကလေးဘ၀ကတည်းက ဆရာမဖြစ်ချင်စိတ် ပြင်းပြခဲ့ပြီး ကွန်နက်တီး ကပ်တက္ကသိုလ်မှ မာစတာဘွဲ့ကိုရရှိခဲ့သူဖြစ်သည်။
သူမ၏သူရဲကောင်းဆန်စွာ ကလေးများကို အကာအကွယ်ပေးရင် သေဆုံးရမှုနှင့်ပတ်သက်ပြီး အများစုက ချီးကျူးဂုဏ်ပြုနေကြကြောင်း သိရသည်။
Written by ရွှေမောင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။