ကာမိုင်းမြို့နယ်(ခွဲ) ရဲစခန်းအား KIA က ၀င်ရောက်စီးနင်း
ဖားကန့်မြို့သို့ သွားရောက်မည့်ခရီးသည်များ ကာမိုင်းမြို့တွင် ပိတ်မိနေကြောင်း ဒေသခံများကပြောသည်။(ဓာတ်ပုံ -ကချင်နေစဉ်သတင်း)
7 Day News Journal, 18 December 2012 —- မန္တလေး၊ဒီဇင်ဘာ-၁၈
ကာမိုင်းမြို့ အနောက်ဘက်ခြမ်းမှ KIAတပ်ဖွဲ့များချီတက်လာပြီး
ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ကာ တစ်ဘက်နှင့်တစ်ဘက် နာရီဝက်ခန့်
လက်နက်တိုက်ခိုက်ပစ်ခတ်သံများကြားခဲ့ရသည်။ ကာမိုင်းမြို့အထွက် တံတားကိုလည်း
မိုင်းခွဲ၊မိုင်းထောင်သွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် KIA
တပ်ဖွဲ့များမှာ မြို့ထဲမှ ပြန်လည်ထွက်ခွာသွားကြကြောင်း မြို့ခံများက
ပြောကြားသည်။
အသေအပျောက်နင့် ပျက်စီးဆုံးရှုံးမှုအတိအကျမသိရသော်လည်း
ရဲစခန်းလက်နက်တိုက်ရှိ လက်နက်များအားလုံး KIA အဖွဲ့က ယူဆောင်သွားပြီး
ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဆွေမျိုး
သူနာပြုဆရာမတစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ အနည်းဆုံး လူ ၄ ဦးခန့်
ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် လူနာ ၂ ဦးကို
မိုးကောင်းမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း ဒေသခံများကြား
သတင်းထွက်ပေါ်နေသည်။
သို့သော် ယခုအချိန်ထိ သက်ဆိုင်ရာမှ အတည်ပြုချက် တစ်စုံတစ်ရာ ရရှိရန် 7Day News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ရဲစခန်းတွင် စခန်းမှူးအပါအ၀င် အင်အား ၁၇ ဦးသာရှိပြီး၊ ထိုသို့ဖြစ်ပွားပြီးနောက် အချိန်အတော်ကြာအထိ ဒေသခံများ အိမ်ပြင်မထွက်ရဲကြသလို တံတားပေါ်တွင် မိုင်းထောင်ထားသည်ဟူသောသတင်းကြောင့် နေ့လည် ၁၀ နာရီခွဲအချိန်ခန့်အထိ ဖားကန့်မြို့သို့ သွားရောက်မည့်ခရီးသည်များ ကာမိုင်းမြို့တွင် ပိတ်မိနေကြောင်း ဒေသခံများကပြောသည်။
ကာမိုင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၆ နာရီကျော်အချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးများ ၁၀ချက်ခန့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဖားကန့်မြို့ခံများကဆိုသည်။
ရက်သတ္တပါတ်အတော်ကြာ နယ်မြေငြိမ်သက်နေသလို ခရစ်စမတ်ကာလ ပြီးဆုံးချိန်အထိ နယ်မြေတည်ငြိမ်ဆေးချမ်းမည်ဟု ဒေသခံများကမျော်လင့်ခဲ့ကြသော်လည်း ယခုကဲ့သို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာ၍ ဒေသခံများ စိုးရိမ်ပူပန်လာကြောင်း ဖားကန့်မြို့ခံများကပြောသည်။

No comments:
Post a Comment