Saturday, November 17, 2012

အကျဉ်းသားများဖြင့် မိုင်းရှင်းခိုင်း နေခြင်း


အကျဉ်းသားများဖြင့် မိုင်းရှင်းခိုင်း နေခြင်း 


ရွှေဟင်္သာသတင်းဌာန. ၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဖြစ်ပွားသော တိုက်ပွဲ အတွင်း အစိုးရ တပ်ဖွဲ့မှ အကျဉ်းသားများကို အသုံးပြုကာ ရှေ့ပြေး မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြု ခဲ့သည်ဟု ဖါးကန့် ဒေသမှ KIA တပ်မဟာ (၂) မှ အရာရှိ တစ်ဦးက ပြောပါသည်။

“ ကျနော်တို့က လုံခင်းရွာကို ရောက်နေတဲ့ ဖါးကန့် တပ်ကိုရော မြစ်ကြီးနား ကနေ တက်လာမဲ့ စစ်ကား အစီး (၂၀) ကိုပါ တိုက်ခိုက်ဖို့ မိုင်းထောင်လိုက်တာပါ။ ဒီကားလမ်း တလျှောက်မှာ ကျနော်တို့ မိုင်းထောင်ထားလိမ့်မယ်လို့စစ်တပ်က တွက်ဆပြီး သားပါ။ ဒီတော့ သံသယဖြစ်နိုင်တဲ့ နေရာတွေကို အကျဉ်းသား ကားတွေကို အရင် လွှတ်တဲ့ သဘောပါ။ ကျနော်တို့ ကလည်းဖါးကန့် အထွက်နဲ့ မိုးကောင်း အထွက်မှာ မိုင်းထောင်ထားလိုက်တယ်။ အဲဒီလိုနဲ့ဖါးကန့်ကနေ လုံခြုံရေး အပြည့်နဲ့ စစ်ကား (၅) စီး ဆင်းလာတော့ ကျနော်တို့က မိုင်းခွဲပြီး တိုက်ခိုက် လိုက်တာပါ။ အကျဉ်းသား မှန်းလည်း မသိပါဘူး၊ အစိုးရဖက်က သတင်း ထွက်လာမှ အကျဉ်းသား ကားတန်းလို့ ပြောမှ သိရတာပါ” ဟု ဆိုပါသည်။
ဤတိုက်ခိုက်မှု၌ အကျဉ်းသား (၂) ဦးသေပြီး (၁၄) ဦး ဒါဏ်ရာရကြောင်း မြန်မာ့ အလင်း သတင်းစာက ဆိုပါသည်။ သေကြေ ဒဏ်ရာရသော အကျဉ်းသား များသည် လက်နက်ကြီးများနှင့်အတူ စစ်ကားဖြင့် တင်ဆောင် လာခဲ့ခြင်း ဖြစ်သည်ဟု KIA က ဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် အကျဉ်းသားများကို ပေါ်တာအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဖါးကန့်လုံခင်း၊ မိုးကောင်း လမ်းပိုင်းသည်၊ KIA တို့ တိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ရသော လမ်းဖြစ်ပါသည်။ နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင်လည်း ဖားကန့်မြို့မှ ဆင်းလာသော အစိုးရစစ်ကား (၅) စီးသည် လုံးခင်းကျေးရွာ အုပ်စု ငါးမိုင်ကျေးရွာ အနီးသို့ရောက်ရှိစဉ် KIA တပ်မဟာ (၂) တပ်ဖွဲ့တို့က မိုင်းဖြင့်တိုက်ခိုက်ခဲ့ပါသည်။
ထိုယာဉ်တန်းသည် (၁၀) နာရီ မိနစ် (၃၀) တွင် ဖားကန့်- မိုးကောင်း လမ်းပေါ်ရှိ နန့်ဟိုင်ကျေးရွာအနီး အရောက်တွင် ထပ် မံချေမှုန်း ခဲ့သည်ဟု KIA တို့ကဆိုပါသည်။
အလားတူ နမ့်ရှန် ၊ လဂတ်ယာန်၊ ဂါမတက် နှင့် ဒိုင်ဂီးရွာ တို့တွင်လည်း အစိုးရ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း များ ဖြစ်သော ခလရ (၈၉)၊ ခမရ (၃၈၁)၊ ခမရ (၂၆၀) တပ်ရင်း တို့ကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ပါသည်။ ထို့အပြင်မိုးကောင်း မြို့သို့ အစိုးရ စစ်ကား (၃၅) စီးထပ်မံ ရောက်ရှိနေသောကြောင့် KIA သည် ဆီးကြိုပြီး တိုက်ခိုက်နိုင်ရန် မိုင်းထောင်ထား ခဲ့ပါသည်။
ဤသို့သော အခြေအနေတွင် အစိုးရ တပ်ဖွဲ့မှ စစ်ကားတန်းများသည် ယမာန်နေ့ ညနေ (၄) နာရီခွဲ အချိန်တွင် လုံခြုံရေးအ ပြည့်ဖြင့် မိုးကောင်းမြို့နယ်မှ ချီတက်လာရာ ကာမိုင်းမြို့နယ်ခွဲ (၈) မိုင်လမ်းဆုံ အရောက်တွင် KIA တပ်ဖွဲ့၏ မိုင်းဖြင့် တိုက် ခိုက်ခြင်းကို ခံခဲ့ရပါသည်။ ဤသို့ အတိုက်အခိုက် ခံရသဖြင့် မြစ်ကြီးနား မြို့မှ ဆင်းလာရန်ရှိသော စစ်ကားတန်းများလည်း ရပ်တန့် သွားခဲ့ပါသည်။
ထိုစစ်ယာဉ်တန်းတွင် အကျဉ်းသားများ တင်ဆောင် လာသော ယာဉ်တန်းဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်း စာ၌ အတည်ပြု ဖော်ပြ ထားပါသည်။ KIA ကမူ အဆိုပါ အကျဉ်းသားများသည် ရှေ့တန်းရှိ အစိုးရ လက်နက်ကြီး တပ်ဖွဲ့မှ အသုံး ပြုနေသော အကျဉ်းသားများ ဖြစ်သည်ဟု ဆိုပါသည်။
အကျဉ်းသား များကို ပေါ်တာ အဖြစ် အသုံးပြုခြင်းသည်၊ အိုင်အယ်အိုနှင့် အစိုးရတို့ သဘော တူထားသော (Supplementary Understanding) နားလည်မှု စာချွန်လွှာအား ချိုးဖေါက်ခြင်းဖြစ်ပါသည်။ စာချွန်လွှာ၏ အဓိပ္ပါယ်မှာ မြန်မာ အစိုးရနှင့် အိုင် အယ်အိုတို့ အကြား (၃) နှစ် အတွင်း၊ အကျဉ်းသား ပေါ်တာ၊ အရပ်သားပေါ်တာ ၊ အသုံးချခြင်း အပါဝင် အဓမ္မ အလုပ်ခိုင်းစေမှု လုံးဝပံ့ပျောက်ရေး သဘော တူညီချက်ဖြစ်ပါသည်။
ထိုစာချွန်လွှာအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မေလတွင် သက်တန်းတိုးခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ အစိုးရမှ လက်ခံလိုက်ခြင်း ကြောင့် (၁၀၁) ကြိမ် မြောက် အိုင်အယ်အို ညီလာခံတွင် မြန်မာ အစိုးရအား ဒဏ်ခတ်ထားသည့် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ထားမှုအပေါ် တနှစ်တာ ဆိုင်းငံ့ ပေးထား ခဲ့ပါသည်။
အစိုးရ တပ်ဖွဲ့များသည် အကျဉ်းသားများကို မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုနေသည်မှာ ကြာလှပြီးဖြစ်သည်။ ကွန်မြူနစ် ပါတီ (ဗကပ) ခေတ်ကတည်းက ကြားသိနေခဲ့ပါသည်။ ထို့အပြင် 1990 ခုနှစ်မှ စပြီး တိုက်ပွဲ ပြင်းထန်လာသည့် KNU စစ်ဆင်ရေး များ၌လည်း အကျဉ်းသားများကို မိုင်းရှင်း ကိရိယာဖြင့် အသုံးပြုခဲ့သည့် သာဓကများစွာ ရှိခဲ့ပါသည်။
Written by အဲာပိုန်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။