Saturday, November 17, 2012

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်


သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်   PDF Print
Friday, 16 November 2012 17:26
AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့သည် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ နိုဝင်ဘာလ ၁၆ ရက်က ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး ရန်ကုန်မြို့၌ မည်သည့်နေ့ရက်နှင့် မည်သည့်နေရာတွင် တွေ့ဆုံသွားမည်ဆိုသည်ကို ၎င်းက ဖြေကြားခြင်း မရှိခဲ့သော်လည်း အဆိုပါ ခေါင်းဆောင်နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင် နိုဝင်ဘာလ ၁၉ ရက်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘာရက်အိုဘားမားသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီး လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်သည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိသည်။
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ ရက်တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ ရက်တွင် တာဝန်ရှိသူ ၉ ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ ရက်တွင် အမေရိကန်လေတပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ ၁၃ ရက်တွင် C17 လေယာဉ် ၃ စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ နိုဝင်ဘာလ ၁၇ ရက် (မနက်ဖြန်)တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံသို့ ရောက်ရှိပြီး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပြီး အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနှင့် တွေ့ဆုံမည် ဖြစ်ကြောင်းနှင့် ထိုသို့ တွေ့ဆုံပြီးသည်နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ပြန်သွားကာ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည်ဟု အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်ရှိ Sofitel ဟိုတယ်၌ Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ
 ဖနွမ်းပင် မြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင် ခရီးသွားရောက်ခဲ့ပြီး
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံး မိန့်ခွန်းပြောခဲ့သော မြန်မာခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း စက်တင်ဘာလ တွင် အမေရိကန်သို့သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားနှင့်လည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ အမေရိကန်နိုင်ငံ ခရီးစဉ်ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင်သစ်ကို ဖြတ်သန်းခဲ့ ပြီးဖြစ်သည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁ ပြည့်နှစ် မတ်လကစတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို
 ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့ဆိုင်းငံ့မှုများ ပြုလုပ် နေကြသည်။
အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့ သည်။ အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

Comments  

0 #12 maungmgu 2012-11-18 10:31
သမတကြီး ဦးသိန်းစိန် ၁၇ ၊နိုဝင်ဘာက အာဆီယံ အစည်းအဝေး အတွက် ကမ္ဘောဒီးယား ထွက်သွားတယ်ဆိုလို့ကျွန်တော် ရင်တုန်သွားပါတယ်၊ အိုဘားမားက လာတော့မယ်လေ၊နေရာတိုင်းမှာ အပြုံးမျက်နှာနဲ့ဒါပဲ ပြောနေကြတယ်၊ သမတလာတာ ကို သမတ မကြိုပဲ မျက်နှာလွှဲ ခဲပစ် မအားဘူးဆိုပြီး ဒု-သမတ ကိုကြိုခိုင်းတော့မှာလားပေါ့၊ တကယ်က ကော်ဇောနီတွေ၊ကော်ဇောဝါတွေ၊ကော်ဇောပြာတွေ ခင်းပြီး ခမ်းခမ်းနားနား ကိုကြိုသင့်တာပါ၊
ကျွန်တော့အဖေ ဆိုရင်တောင် အဲဒီလောက်ကြိုစေချင်မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့နိုင်ငံတိုးတက်ဘို့ဆိုရင် ကျွန်တော် ကျောပိုး ကြိုရလဲကြိုပါ့မယ်၊ ကျွန်တော် စိတ်လှုပ်ရှားနေတာပဲဖြစ်မှာပါ၊
 
+6 #11 kohighlander 2012-11-18 08:19
အမေရိကန်ကတော့ တံခါးကိုဟဟလေးဖွင့်ပေးထားရကနေ လုံးလုံးဖွင့်ပေးလိုက်ပြီလို့ အချက်ပြလိုက်တာပါပဲ။ဒီအချိန်မှာ သမတကြီးအနေနဲ့ အခွင့်အရေးကို အမိအရဖမ်းကိုင်နိုင်ဖို့လိုအပ်ပါတယ်။ဟိုတခါအင်တာနက်မှာဖတ်လိုက်ပါသေးတယ်။သမတကြီး ကိုရီးယားမှာပြောခဲ့တယ်လို့ဆိုပါတယ်။ကိုယ့်ရဲ့အသက်အရွယ် ဂုဏ်သိပ်ခါကိုမှမထောက်ပဲ ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးခဲ့ရတယ်ဆိုပြီး ပြောခဲ့တယ်လို့ဖတ်လိုက်ရပါတယ်။ဒါဟာမျက်နှာချိုသွေးတာမဟုတ်ပါဘူး။မျက်နှာချိုသွေးတယ်ဆိုတာ ကိုယ်လုပ်တာမှားနေတဲ့အချိန်မျိုးမှာမှ သုံးရမှာပါ။ဥပမာ တရုပ်ကြီးနဲ့ဆက်ဆံခဲ့တဲ့ပုံစံပါ။နိုင်ငံတကာကပစ်ပယ်ထားချိန်မှာ သူ့ဆီိကဗီတိုအာဏာလေးသုံးပေးပြီးရပ်တယ်ပေးအောင် ရှိတာလေးတွေပေးပြီး မျက်နှာချိုသွေးပေါင်းခဲ့ရတာပါ။အခုကသမတကြီးရဲ့ နိုင်ငံကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတဲ့လုပ်ရပ်တွေဟာ ပြည်သူကိုကိုယ်စားပြုတဲ့ မှန်ကန်တဲ့လုပ်ရပ်တွေကို လုပ်နေတဲ့အချိန်အခါပါ။ဟိုအရင်လို အုပ်ချုပ်သူအာဏာရှင်နဲ့ ခရိုနီလက်တစ်ဆုပ်စာကို ကိုယ်စားပြုနေတာမဟုတ်ပါဘူး။ဒီ့အတွက်ကြောင့်သမတကြီးအနေနဲ့ မျက်နှာချိုသွေးနေရတယ်ဆိုတဲ့ သိမ်ငယ်စိတ်မျိုး မြူတမှုန်စာမျှ မ၀င်ဖို့လိုပါတယ်။ကိုယ့်ရဲ့မှန်ကန်တဲ့လမ်းပေါ်လျှောက်ဖို့ကြိုးစားနေတာကို အားလုံးက ဖေးမလက်တွဲခေါ်ကြတာလို့ သဘောထားပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုထားပေးပါ သမ္မတကြီးခင်ဗျား။ သမ္မတကြီးရဲ့လုပ်ရပ်တွေဟာမှန်ကန်ပြီး ပြည်သူကိုကိုယ်စားပြုနေသမျှ သမ္မတကြီးရဲ့နောက်မှာ ကျွန်တော်တို့ပြည်သူတွေရှိနေမှာပါ။
 
+47 #10 myint thein 2012-11-17 10:51
သမ္မတကြီး အိုဘားမားရဲ့ လုံခြုံရေးကို မြန်မာပြည်သူတရပ်လုံးနဲ့ အစိုးရက ခိုင်ခိုင်မာမာ တာဝန်ယူ စောင့်ကြပ်မှာ ဖြစ်ပါတယ်။ ပြည်သူတရပ်လုံးက ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ပါဝင် စောင့်ကြည့်ပေး ကြမှာပါ။ ကျွန်တော်တို့ရဲ့ အစိုးရကလည်း လုံခြုံရေးနဲ့ ထောက်လှမ်းရေးမှာ အာရှမှာ နံပါတ်တစ် ပြေးတာမို့ စိတ်ပူစရာမလိုပါဘူး။ သမ္မတကြီး အိုဘားမားကိုယ်တိုင်ကလည်း တိုင်းသူပြည်သား လူချစ်လူခင်ပေါများပြီး အနီးကပ် လူစွမ်းကောင်း ကိုယ်ရံတော်တွေ၊ ခေတ်မှီ ဂြိုလ်တု ဆက်သွယ်ရေး ကိရိယာတွေ အပြည့်နဲ့ပါ။ သို့သော်ငြားလည်း သတိဆိုတာ ပိုတယ်ရယ်လို့ မရှိပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေ၊ အကွက်ကျကျ စီမံ ခန့်ခွဲမှုတွေရှိထားဖို့ လိုမယ်ဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိတွေ အသိဆုံးဖြစ်ပါတယ်။ သာမန်အရပ်သား တယောက်အနေနဲ့ သမ္မတကြီးကို ချစ်မြတ်နိုးလွန်းလို့၊ မြန်မာအမေရိကန်ချစ်ကြည်ရေးနဲ့ ဒီမိုကရေစီရေးအတွက် စိုးရိမ်ပူပန်လွန်းလို့သာ ယ္ခုလို ရတက်ပွားပြီး အရစ်ရှည်နေရခြင်းဖြစ်ပါတယ်။ သီးခံ ခွင့်လွှတ်ကြပါ။
 
+65 #9 linthet 2012-11-17 10:35
Quoting myint thein:
သမ္မတကြီး အိုဘားမားသက်တော်ရာကျော်ရှည်ပါစေ။ အမေရိကန်မြန်မာ ချစ်ကြည်ရေးနှင့် ဒီမိုကရေစီ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ဖွံ့ဖြိုးအဓွန့်ရှည်ပါစေ။
ဒီနေ့ဘဲ TV သတင်းထဲမှာ ကြားလိုက်တယ်။ အမေရိကန်သည် မြန်မာက အမေရိကန်ကိုတင်ပို့တဲ့ ပို့ကုန်များကန့်သတ်ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီဆိုဘဲ။ ထို့ကြောင့် မြန်မာ ပြည်က ထွက်ကုန်ပစ္စည်း များ အမေရိကန် ဈေးကွက်သို့ ကောင်ကောင်းမွန်မွန်တင်ပို့နိုင်ပြီဖြစ်ပါသည်။ ဒါဟာ မြန်မာ့ စီးပွား ရေးတိုးတက်ကောင်းမွန်အောင် ကူညီပံ့ပိုးလိုက်ခြင်းဖြစ်ပါသည်။ တရုတ်ကြီး သေလုမတတ် ရချင်တဲ့ ဈေးကွက်၊ တရုတ်ကြီး က အမေရိကန်ကို ခြေသလုံးဖက်ကာတမျိုး၊ ဖင်တုံကြီး ဖက်ကာတဖုံ၊ မရမက ဖားပြီး ရယူရတဲ့ ဈေးကွက်မျိုးကို သမ္မတကြီးအိုဘားမားနဲ့ Secretary of State Hillary Clinton က မြန်မာရဲ့ ဒီမိုကရေစီကို ထောက်ခံ အတည်ပြု အားပေးကူညီတဲ့အနေနဲ့ ဖွင့်ပေးလိုက်ပါပြီ။ ဒီဈေးကွက်ဟာ စီးပွားရေးမှာ အရေးအကြီးဆုံးဈေးကွက်ဖြစ်ပါတယ်။ မြန်မာတော့ ထီပေါက်တာထက် အဆပေါင်းများစွာ ကံကောင်းသွားပါပြီ။ အမေရိကန်ဝမ်းစွေ့၊ အမေရိကန်ဝမ်းစွေ့၊ အိုဘားမား ဝမ်းစွေ့၊ အိုဘားမား ဝမ်းစွေ့၊ ဝမ်းစွေ့၊ ဝမ်းစွေ့၊ ဝမ်းဝမ်းစွေ့။ မှတ်ချက်။ ဝမ်းစွေ့= 万岁!(တရုတ်စာဖြစ်၏) = long live! =အဓွန့်ရှည်ပါစေ။
good comment... good comment... good comment...
တစ်ခါပဲနှိပ်ရလို့ အစိမ်းရောင်ကို
 
+63 #8 myint thein 2012-11-17 10:24
သမ္မတကြီး အိုဘားမားသက်တော်ရာကျော်ရှည်ပါစေ။ အမေရိကန်မြန်မာ ချစ်ကြည်ရေးနှင့် ဒီမိုကရေစီ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ဖွံ့ဖြိုးအဓွန့်ရှည်ပါစေ။
ဒီနေ့ဘဲ TV သတင်းထဲမှာ ကြားလိုက်တယ်။ အမေရိကန်သည် မြန်မာက အမေရိကန်ကိုတင်ပို့တဲ့ ပို့ကုန်များကန့်သတ်ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီဆိုဘဲ။ ထို့ကြောင့် မြန်မာ ပြည်က ထွက်ကုန်ပစ္စည်း များ အမေရိကန် ဈေးကွက်သို့ ကောင်ကောင်းမွန်မွန်တင်ပို့နိုင်ပြီဖြစ်ပါသည်။ ဒါဟာ မြန်မာ့ စီးပွား ရေးတိုးတက်ကောင်းမွန်အောင် ကူညီပံ့ပိုးလိုက်ခြင်းဖြစ်ပါသည်။ တရုတ်ကြီး သေလုမတတ် ရချင်တဲ့ ဈေးကွက်၊ တရုတ်ကြီး က အမေရိကန်ကို ခြေသလုံးဖက်ကာတမျိုး၊ ဖင်တုံကြီး ဖက်ကာတဖုံ၊ မရမက ဖားပြီး ရယူရတဲ့ ဈေးကွက်မျိုးကို သမ္မတကြီးအိုဘားမားနဲ့ Secretary of State Hillary Clinton က မြန်မာရဲ့ ဒီမိုကရေစီကို ထောက်ခံ အတည်ပြု အားပေးကူညီတဲ့အနေနဲ့ ဖွင့်ပေးလိုက်ပါပြီ။ ဒီဈေးကွက်ဟာ စီးပွားရေးမှာ အရေးအကြီးဆုံးဈေးကွက်ဖြစ်ပါတယ်။ မြန်မာတော့ ထီပေါက်တာထက် အဆပေါင်းများစွာ ကံကောင်းသွားပါပြီ။ အမေရိကန်ဝမ်းစွေ့၊ အမေရိကန်ဝမ်းစွေ့၊ အိုဘားမား ဝမ်းစွေ့၊ အိုဘားမား ဝမ်းစွေ့၊ ဝမ်းစွေ့၊ ဝမ်းစွေ့၊ ဝမ်းဝမ်းစွေ့။
မှတ်ချက်။ ဝမ်းစွေ့= 万岁!(တရုတ်စာဖြစ်၏) = long live! =အဓွန့်ရှည်ပါစေ။ သက်တော် တစ်သောင်းကျော်ရှည်ပါစေ။
 
+52 #7 linthet 2012-11-17 09:46
လုံခြုံရေးကို ပြည်သူတွေကပါ ၀ိုင်းဝန်း ပံ့ပို့စေချင်တယ်...
တစ်ခုခု ဖြစ်လို့မရဘူး... ကမ္ဘာမှာ မြန်မာ မျက်နှာ ပြစရာ မရှိဖြစ်မှာစိုးတယ်... တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုပီး လုပ်မယ့်သူတွေ ရှိမှာစိုးတယ်...
 
+41 #6 U Thant 2012-11-17 07:03
:roll: Please support both president !Long live President U Thein Sein !
Long live President Obama !
 
+108 #5 tslzawzaw4th@gmail.com 2012-11-16 21:52
လေဆိပ်ထိ သွားကြိုလို့ရ၇င် ပြည်သူတို့အားလုံးသွားကြိုကြပါ။ အိုဘားမား က မြန်မာတွေအတွက် တစ်ခုခုတော့ ကူညီလိမ့်မယ် တ၇ုတ်တော့ သူ့အကျိုး၇မှ ပြန်ပေးတာ။စီးပွားေ၇း ပိတ်ဆို့မှု ကလည်း အိုဘားမား လက်မှတ်ထိုးပေးလို့ နို့မို့ဆိုရင်....
 
+38 #4 kinglakeshore 2012-11-16 19:58
YouTube ကပဲကြည့်တော့မယ်... :sigh:
 
+67 #3 myanmayatanar 2012-11-16 19:48
တက်ခွင့်ရရင် တက်ချင်တယ်။
 
+112 #2 kohighlander 2012-11-16 18:52
ထို့ပြင် ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိသည်။
ဘယ်အချိန် ဘယ်သူတွေတက်လို့ရမလဲဆိုတာ သိရင် share ပေးကြပါဦး။
ဘယ်သူမဆိုတက်လို့ရတယ်ဆိုရင် တက်ချင်လို့ပါ။
 
+65 #1 kohighlander 2012-11-16 18:51
ထို့ပြင် ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိသည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။