“ကြက်တူရွေး အာခေါင်နီ ကွမ်းကလပ်ကိုချီ”
Monday, August 6, 2012
“ခရိုနီတွေအကြောင်းလည်း
နည်းနည်းပါးပါး ရေးစမ်းပါဦး ဆရာ။” လို့ ချွန်တွန်းလုပ်လာတဲ့အခါ
အမ်းမြို့မှာ အနုပ်စုတ်ဂုတ်စုတ်လူနာတွေနဲ့ လုံးလည်ချာလည်လိုက်နေတဲ့
အစုတ်ပလုပ်ဆရာဝန်ကလေးပီပီ အဲဒီ ခရိုနီဆိုတာကြီးကို ဘာပြောမှန်း
နားမလည်ပါဘူး။ ကြားဖူးလောက်အောင်တောင် ဘုန်းကံက မပါလာတာ ထင်ပါရဲ့။
ဖြစ်သေးပါဘူး။ နုံချာရတဲ့အထဲ နုံအ လှချည့်လား လို့တော့ အပြောမခံနိုင်တာနဲ့
ရန်ကုန်ရောက်တော့ ဗဟုသုတဟင်းလေးအိုးကြီးများဆီ မေးမြန်းဆည်းပူးရတယ်။
လက်စသတ်တော့ သည်လူကြီးတွေ ငါသိတာ ကြာပေါ့။ လက်ညှိုးကြီးများတောင် ငေါက်ကနဲ
ငေါက်ကနဲ ထိုးပြလို့ရသေး။ သူတို့အကြောင်း ကောင်းရာမွန်ရာ
သာယာနာပျော်ဖွယ်ကလေးတွေချည့်ပဲ ရေးပြန်ရင်လည်း မျက်နှာလိုအားရ
မစားရအညှော်ခံ ငတ်ကြီးကျရာ ရောက်ဦးမယ်။ ဒီလိုလုပ်တာ ဘာကောင်းသလဲ။
တော်ရော့လား။
ရေးပြန်တော့ မနာလို ၀န်တိုမိစ္ဆာဖြစ်အားကြီးတယ် ဆိုဦးမယ်။
တစ်ခွန်းတည်းပြောစမ်းပါ အဲဒီလူကြီးတွေ ကောင်းသလား မကောင်းဘူးလားဆိုရင်တော့
ခင်ဗျားဘယ်ဘုရားရှိခိုးသလဲ လို့ ပြန်မေးရမှာပဲ။ ဘယ်ဘုရားပဲ
ရှိခိုးရှိခိုး သူတို့ပြုသောအမှုများကို ကောင်းချီးပေးမယ့်
ဘုရားသခင်မျိုးကတော့ မြေကမ္ဘာမှာရော၊ ကောင်းကင်ဘုံတခွင်ရော၊
စကြာဝဠာတိုက်တစ်သောင်းမှာပါ ပွင့်တော်မမူသေးပါဘူး။ သို့သော်လည်း
အဲဒီခရိုနီဆိုတာကြီးတွေက ကိုယ့်ပြည်တွင်းမှာမှ မဟုတ်ဘူး။ နိုင်ငံတကာမှာ
ပိုတောင် ပေါသေးတယ်။ ခေတ်အဆက်ဆက်လည်း ဘယ်တုန်းကမှ မကင်းခဲ့ဘူး။ ဒါဖြင့်
သူတို့က ဘယ်ဘုရားမှ မရှိခိုးတဲ့ ဘာသာမဲ့တွေမို့လားလို့တော့ မထင်လိုက်နဲ့။
သူတို့အားလုံးအတွက် တစ်ခုတည်းသောကိုးကွယ်ရာကတော့ ပိုက်ဆံပဲ။
အဲဒီပိုက်ဆံအတွက် ချည်းကပ်တဲ့ဗျူဟာကျတော့ အာဏာရယ်၊
အကျင့်ပျက်ခြစားခြင်းရယ်ကို ဝေစားမျှစား ဆရာမွေးတပည့်မွေးမူဝါဒနဲ့
ချဉ်းကပ်ကြတာပေါ့။ အခုလောလောဆယ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကို
ရုတ်သိမ်းရေး၊ ဆိုင်းငံ့ထားရေးကိစ္စတွေဟာ အဲဒီခရိုနီတွေရဲ့ ရန်ကိုကြောက်လို့
သည်လောက် ကြန့်ကြာနေတာပါ။ ကာတွန်းတွေနဲ့ သရုပ်ဖော်သလိုပဲ
ငတ်ပြတ်ဆင်းရဲနေတဲ့ ပြည်သူတွေကို လက်ညှိုးထိုးပြပြီး
အတိုင်းတိုင်းအပြည်ပြည်က အကူအညီ အထောက်အပံ့ မှန်သမျှကို
လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ ပူးပေါင်းလို့၊ လုပ်ပိုင်ခွင့်တွေကို
အလွဲသုံးစားလုပ်လို့ ကိုယ်ကျိုးအတွက် စီးပွားရှာသူတွေကို ခရိုနီလို့
ခေါ်ပါသတဲ့။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အခွင့်ထူးခံလူတန်းစား လို့
ခေါင်းစဉ်တပ်ရင်လည်း မမှားဘူး။
မြန်မာရှင်ဘုရင်တွေ လက်ထက်တုန်းကတော့ မြေပေါ်မြေအောက် ရွှေတွင်းငွေတွင်း
ပယင်းဒုတ္ထာတွေကို ရှင်ဘုရင်ကချည့်ပဲ အကုန်ပိုင်တယ်ဆိုတာတောင်
ရေနံတူးတဲ့နေရာမှာတော့ တွင်းရိုးတွင်းစားများကို မျိုးရိုးစဉ်ဆက်
အပိုင်စား တူးခွင့်ဖော်ခွင့် ပေးသနားထားကြပါတယ်။ တူးတိုင်းလည်း အောင်တာမှ
မဟုတ်ပဲ။ သူ့ကုသိုလ်ကံကပါဦးမှ လို့ အယူရှိကြတယ်။ ပိုက်ဆံတတ်နိုင်လို့
သူတို့စီးပွားရေးနယ်ပယ်ထဲ ၀င်တိုးရင်တောင် ဘုရင်မင်းမြတ် အခွင့်တော်ခံရတဲ့
မျိုးရိုး မဟုတ်ရင် ငွေဘယ်လောက်ရှိရှိ တောင်ပံနီတွင်းစား လို့ပဲ
သမုတ်တယ်။ တွင်းရိုးဖြစ်ဖို့ဆိုတာ အဝေးကြီး။ တွင်းရိုးအစစ်ကြီး
ယူလိုက်တာတောင် တွင်းစားပဲ ဖြစ်တယ်။ ကျောက်မျက်ရတနာနဲ့ ပတ်သက်လာရင်တော့
ဘယ်သူတူးလို့ရရ ဘုရင့်ကိုဆက်သရတာချည့်ပဲ။ ငမောက်ပတ္တမြားကြီးတုန်းကတောင်
တ၀က်ကို ခွဲပြီး ၀ှက်ထားလို့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်
မီးရှို့သတ်ပါသတဲ့။ ကိုယ့်ဆွေမျိုးတွေ ကျောက်အောင်တာတောင်
သူဌေးအိမ်ထမင်းကပ်စားရဖို့ နေနေသာသာ မဆီမဆိုင် မီးလောင်တိုက်
ခွဲတမ်းရကုန်တာပေါ့။ လက်လွတ်ထွက်ပြေးရှာတဲ့ မနန်းကြည်ဆိုတဲ့ အမျိုးသမီးက
တောင်ပေါ်ကနေ မျက်ရည်စက်လက် နဲ့ မိုးကုတ်မြို့ဘက် မျှော်ကြည့်ခဲ့လို့
အဲသည်တောင်ကို နန့်ကြည့်တောင် လို့ ခေါ်ကြပါသတဲ့။ ဟုတ်တာ မဟုတ်တာ အပထား
ပြောစမှတ်တော့ ရှိခဲ့တာပဲ။
ကိုလိုနီခေတ်ကိုရောက်တဲ့အခါမှာတော့ လုပ်ငန်းကြီးတွေ၊ လိုင်စင်တွေကို
အစိုးရမင်းများထံ လျှောက်ထားအသနားခံလို့ လက်သင့်ရာ စားတော်ခေါ်ပြီး
လုပ်ကိုင်ခဲ့ကြပါတယ်။ အထက်တန်းမြန်မာစာမှာ သင်ခဲ့ရတဲ့ အင်းလေလံဆိုတဲ့
ဝတ္ထုတိုကလေးဟာ မှတ်သားစရာလည်းကောင်း၊ သင်ခန်းစာလည်းရတဲ့ အဲသည်ခေတ်က
ခရိုနီတွေအကြောင်း တစွန်းတစ လှစ်ပြထားတဲ့ စာကလေးတစ်ပုဒ်ပါ။ အင်္ဂလန်က
ဘုရင်မကြီးကိုယ်တိုင်က သူကောင်းပြုထားတဲ့ ဆာဘွဲ့ရ ပုဂ္ဂိုလ်တွေတောင်
ပေါ်လာခဲ့သေးတယ်။ သခင်အားရ ကျွန်ပါးဝအမျိုးတွေလို့ ကင်ပွန်းတပ်ပြီး
ဝံသာနုစိတ်ပြင်းထန်တဲ့ မြန်မာတွေကတော့ အားမပေးပဲ ရှုံ့ချခဲ့ပါတယ်။ ဒါတွေက
မနာလိုလို့ သွားပုပ်လေလွင့်ပြောနေတာတွေပါဆိုပြီး ခရိုနီတွေကတော့
မျိုးရိုးစဉ်ဆက်အလိုက် ခေါင်းထောင်မပျက်ခဲ့ပါဘူး။ အင်းသူကြီးလုပ်စားလည်း
ကျောင်းဆောက်လှူလိုက်ရင် ကျောင်းဒကာကြီး ဖြစ်သွားတာပဲ မဟုတ်လား။
သူလှူတဲ့ကျောင်းပေါ်တက်သီတင်းသုံးပြီး ငါးစိမ်းသည်တွေ လက်ရဲဇက်ရဲ
ထုရိုက်ခုတ်ဖြတ်တာ အပယ်လားတဲ့ တရားတော် အကျယ်တ၀င့်ဟောတဲ့ ဘုန်းကြီးရော
ရှိပါ့မလား။ ဒီလိုနဲ့ ခရိုနီတွေရဲ့ ပုံရိပ်ဟာ မြန်မာလူမှုအသိုင်းအ၀ိုင်းမှာ
ချောင်းငယ်ရေ၊ မြစ်ငယ်ရေ၊ ပင်လယ်ရေ နဲ့ ဆေးစရာမလိုပဲ
ပိုက်ဆံတွေအိပ်ထဲပြည့်နေရင် အလိုလို သန့်စင်သွားတဲ့ အယူဝါဒကို တစတစ
ပြောင်းလဲလာပါတယ်။
ကိုလိုနီခေတ်ကလွန်လို့ မြန်မာတွေကိုယ်တိုင် အာဏာရလာတဲ့ခေတ်မှာတော့
ခရိုနီတွေ ရွှေခေတ်လို့ ပြောရမယ် ထင်ပါတယ်။ ဦးနု ၀န်ကြီးချုပ်ဖြစ်တဲ့အခါ
သူ့အိမ်မှာရှိတဲ့ပစ္စည်း ငါးပြားတစေ့မကျန် မှတ်တမ်းတင်ပါ။ သူဝန်ကြီးချုပ်
သက်တမ်းစေ့လို့ နှုတ်ထွက်တဲ့အခါ ငါးပြားတစ်စေ့ပိုနေခဲ့ရင် သူ့ကို
လာဘ်စားမှုနဲ့ ဖမ်းပါ လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့
အဖိုးအဖွားများခေတ်တုန်းက နေ့ချင်းညချင်း တိုက်တာအိမ်မြေတွေနဲ့
ကြွယ်ဝသွားတဲ့ လိုင်စင်သူဌေး တွေ အားလုံးဟာ ဦးနုရဲ့ မိတ်ဆွေ သင်္ဂဟ
အ၀န်းအ၀ိုင်းထဲကပဲဆိုတာ ကလေးဘ၀ကတည်းက မျက်ဝါးထင်ထင် မြင်ဖူးထားပါတယ်။
ငွေများရင် တရားနိုင်တဲ့ခေတ် လို့ ကိုယ်တွေ့ကြုံဖူးသူတွေက နင့်နင့်နဲနဲ
ဇာတ်ကြောင်းပြန်ပြတဲ့ ပုံပြင်တွေလည်း ကြားခဲ့ဖူးပါတယ်။ အရင်တုန်းကတော့
ကလေးပီပီ သူတို့ဘာကိုပြောချင်မှန်းမသိပဲ လူကြီးစကားဝိုင်းဘေး
နားစွန်နားဖျားကြားထားတဲ့ စကားတွေဟာ အခုမှပဲ ပြန်တွေးကြည့်ဖြစ်ပါတော့တယ်။
ဦးနေ၀င်းခေတ်ကို ရောက်တဲ့အခါမှာတော့ သူဌေးတွေ သင်္ဘောမှောက်တဲ့ခေတ်ကို
ရောက်လာပါတယ်။ ဗုံလုံတလှည့် ငါးပျံတလှည့်ပေါ့ဗျာ။ ဥက္ကဋ္ဌ နှင့် သားမြေးများ
ကောင်းစားသော ခေတ်ကို ကိုယ်တိုင်မှီလိုက်ပါသေးတယ်။ ပြည်သူ့ဆိုင်ခွဲတမ်း
နဲ့ ဆန်တန်းစီဝယ်စားရတဲ့ခေတ်တုန်းက အရပ်ထဲမှာ ဘုန်းကြီးရဟန်းထက်
ရိုရိုသေသေ တလေးတစား ခရီးဦးကြို နှုတ်ခွန်းဆက်ရသောသူတွေကို အခုထက်ထိ
မှတ်မိနေပါသေးတယ်။ ဒေါက်တာဇီဗားဂိုးဇာတ်ကား ကြည့်ရတဲ့အခါ အေးစက်နေတဲ့
လူမမယ် သားငယ်ကလေး အနွေးဓါတ်ပေးဖို့ ကိုယ့်အိမ်ခြံစည်းရိုးက
ထင်းကလေးနှစ်ချောင်း (အဲသည်အချိန်မှာတော့ ပြည်သူပိုင်သိမ်းထားတဲ့
ဘုံရိပ်သာဖြစ်နေပြီ) ကို မသိအောင် ယူမိတဲ့ အပြစ်အတွက် ခုံရုံးတင်
တရားစွဲတာ ပြထားတော့ မျက်စိထဲမှာ ကိုယ့်တိုင်းပြည်ကြီးပဲ
ပြေးပြေးမြင်မိပါတော့တယ်။
မဆလခေတ်မှာ ပြည်သူပိုင်စံနစ်နဲ့မို့ ခရိုနီတွေ
ပျောက်ကွယ်ညှိုးမှိန်သွားရမယ့်အစား သူ့နည်းသူ့ဟန်နဲ့ ခေတ်စံနစ်ကို
လျှော်ညီစွာ ပြန်လည်ပေါ်ထွက်လို့လာပါတယ်။ ပြည်တွင်းစီးပွားရေး
လုပ်ငန်းအငယ်စားကလေးတွေ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကလေးတွေကို
ဆိုရှယ်လစ်စီးပွားရေးစံနစ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အကန့်အသတ်များစွာနဲ့
ခွင့်ပြုလုပ်ကိုင်ကြပါတယ်။ သို့သော် အများသူငါ ရလေ့မရှိတဲ့
အထူးအခွင့်အရေးကလေးတွေကို ဌာနဆိုင်ရာနဲ့ နီးစပ်ရာ ခရိုနီ
အသိုင်းအ၀ိုင်းတွေမှာ လက်ဝါးချင်းရိုက်ပြီး ရှဥ့်လည်းလျှောက်ကြ
ပျားလည်းစွဲကြ ကျန်တာ ဘယ်သူမှ မသိစေနဲ့ဆိုတာမျိုး
လုပ်နိုင်ကိုင်နိုင်တဲ့သူတွေဟာ ပြိုင်ဘက်လုပ်ငန်းရှင်တွေကို သမင်ဆယ်လှမ်း
ကျားတစ်လှမ်းနှုန်းနဲ့ အောင်မြင်မှုတွေ ဝေေ၀ဆာဆာ ရကုန်ကြပါတယ်။
ဥပမာဆိုကြပါစို့ တိုးတက်ဖွံ့ဖြိုးလာတဲ့ မြို့ပြစီမံချက်တွေအရ
လက်ကားပွဲရုံတွေကို တရုတ်တန်းမှာ ခွင့်မပြုတော့ဘူး။ အကုန်လုံး
ဘုရင့်နောင်ပွဲရုံတန်းကို ပြောင်းကြ လို့ အမိန့်ထွက်လာတဲ့အခါ အကုန်လုံး
မဖြစ်မနေ ပြောင်းကြရွှေ့ကြ ဒုက္ခပင်လယ်ဝေနေတုန်း ဒူးကလေးနှန့်ရင်း
ဈေးရောင်းမပျက်တဲ့၊ အနီးအနားက ယှဉ်ရောင်းမယ့်ဆိုင် မရှိတော့လို့
ဝက်ဝက်ကွဲရောင်းကောင်း ချမ်းသာ စီးပွားဖြစ်သွားတဲ့သူတွေ တွေ့ခဲ့ဖူးပါတယ်။
ကားပစ္စည်းဆိုင်တွေ ရွှေ့တော့လည်း သည်အတိုင်းပဲ။ အစိုးရဆီက အမိန့်စာတစ်ခု
ထွက်တိုင်းထွက်တိုင်း ချမ်းသာသွားတဲ့သူတွေ နည်းမှ မနည်းခဲ့တာ။
အတိတ်ဘ၀က လှူခဲ့တန်းခဲ့တဲ့ ကုသိုလ်ကံနည်းခဲ့လို့ သည်ဘ၀မှာ လူတန်းမစေ့
ချမ်းချမ်းသာသာ မနေနိုင်ရတဲ့ကြားထဲ သူများတကာ သူ့ကုသိုလ်နဲ့သူ
ချမ်းသာကြွယ်ဝလာတာကို မုဒိတာ မပွားပဲ အဘိဇ္ဇာတွေပွားနေမိတဲ့အတွက်
သည်သူငယ်ကလေးတော့ နောက်ဘ၀ နောက်ဘ၀တွေမှာ သည့်ထက်သည် ဆင်းရဲနွမ်းပါးရဦးမယ်
ထင်ပါရဲ့။ ရွှေဆိတ်ရုပ်တွေ မြေကမပေါက်ပဲ၊ လက်ပန်းပေါက်ခပ်လိုက်ရင်
ရွှေမိုးငွေမိုးမရွာပဲ၊ ဇောတိက၊ ဇဋိလ၊ ကာကောဏ္ဍ၊ မေဏ္ဍက သူဌေးကြီးတွေလောက်
ကြွယ်ဝတဲ့သူတွေ မြန်မာပြည်မှာ ပေါများလာတာကိုလည်း အများသူငါ
ကုသိုလ်ဒါနပြုချင်တဲ့ သဒ္ဒါစိတ်တွေ ယိုဖိတ်လာစေခြင်းငှာ
တစ်ဦးချင်းတစ်ယောက်ချင်း မိတ်ဆက်မပေးတော့ပါဘူး။ အဲသည်
သူဌေးကြီးတစ်ယောက်တိုင်း တစ်ယောက်တိုင်းကို မိတ်ဆက်ပေးတဲ့အခါ သူ့ရဲ့
ကျောထောက်နောက်ခံက ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာ ပြောစရာမလိုအောင်ကို
ပွင့်ပွင့်လင်းလင်း လူတကာသိဖြစ်ကုန်ပါပြီ။ ဘယ်သူတွေ စောင်မလို့ ဘယ်နေရာမှာ
ထောင်ကြွသွားတာလည်း မခိုင်လုံတဲ့ ကောလာဟလတွေမို့ စကားထဲထည့်မပြောချင်ပါ။
သူများပြောလို့ သိရတဲ့ဘ၀ကများ ကိုယ်ပြောမှ သူများသိရမှာကြလို့။
သူဌေးသင်္ဘောမှောက်တာ ကိုယ့်အရာ မဟုတ်တဲ့အတွက် သူတောင်းစားပီပီ
ကိုယ့်ခွက်ပျောက်ရတဲ့အကြောင်းပဲ ကိုယ် ပြောပါတော့မယ်။
၂၀၀၆ ခုနှစ် လောက်ကိုင်ကို မပြောင်းရခင်အချိန်အထိ အလုပ်သမားဆေးရုံမှာ
ပထမလက်ထောက်ဆရာဝန်အဖြစ် အလုပ်လုပ်နေခဲ့ပါတယ်။ အဲသည်တုန်းက
ကိုယ်နဲ့တာဝန်ကျတဲ့ အလုပ်သင်ဆရာဝန်ကလေးတွေခမျာ ညဘက် အရေးပေါ်လူနာလာရင်
ကိုယ့်ဆီချက်ချင်းဆက်သွယ်ဖို့အရေး ဖုန်းသုံးလေးလုံးလောက်
တစ်ခုမဟုတ်တစ်ခုခေါ်ပြီးမှ အဆက်အသွယ်ရပါတယ်။ ညကြီးအချိန်မတော်ဆိုရင်
အိမ်အပေါ်ထပ်က မိသားစုကို အရမ်းအားနာရပါတယ်။ သူတို့အလုပ်လည်း မဟုတ်ပဲ
အိပ်ကောင်းတုန်း ဆင်းဆင်းခေါ်ပေးရလို့ပါ။ ဟန်းဖုန်းဆိုတာ ကိုယ့်အရာမှ
မဟုတ်တာ။ ဌာနမှူးလုပ်တဲ့ ကိုယ့်ဆရာကြီးတောင် အသည်းအစားထိုးခွဲတာ
အောင်မြင်တော့မှ တစ်လုံးလောက် ၀ယ်ခွင့်ရတယ်။ ကိုယ့်ဘာသာ ၀ယ်ကိုင်ဖို့ဆိုတာ
အိပ်မက်တောင် မမက်ဘူး။ ဆေးရုံမှာ ဆရာကြီးတွေ ခွဲစိတ်နေတုန်း
သူတို့ဖုန်းတွေ မြည်လာရင် ကိုယ့်မှာ ဒုက္ခကိုရောက်လို့။ လုပ်ကြပါဦး။
ဘယ်ခလုပ်ကိုနှိပ်ပြီး ကိုင်ရမှာတုန်း နဲ့။ လောက်ကိုင်ကို
ရောက်တဲ့အခါမှာတော့ ဆေးရုံက အလုပ်သမားတွေမှာ ဟန်းဖုန်းကိုယ်စီနဲ့ဗျ။
လမ်းဘေးက အမှိုက်သိမ်းတဲ့သူလည်း လည်ပင်းဆွဲထားတာ။ ပထမဆုံးခွဲပေးတဲ့လူနာက
သူ့ဆာဂျင်မှာ ဖုန်းမရှိဘူးလို့ သိသွားတော့ သနားသွားပြီး “ရော့ ငါ့ဟာ
ယူလိုက်တော့” လို့ စွန့်ကျဲသွားတယ်။ ဘူတန်က ပြန်ကာနီးမှာ လောက်ကိုင်မှာ
အသစ်ဝယ်လာတဲ့ ဟန်းဆက်ကလေးပျက်သွားလို့ မပြန်ခင်သုံးလို့ရအောင် မြန်မာငွေ
သုံးသောင်းလောက်ပဲ တန်တဲ့ဟာကလေး ကိုင်တော့ အလုပ်သမားလေးတစ်ယောက်က “Sir,
Shame on you.” လို့ ပြောတယ်။ ဆရာဝန်ဖြစ်နေပြီး အဲလို အပေါစားကြီး
မကိုင်ပါနဲ့ လို့ဆိုတယ်။ တော်ပါသေးရဲ့ ကိုယ်ပြန်လာတဲ့အခါ
ဆယ့်ငါးသိန်းတန်ဖုန်းကဒ်အစား၊ ငါးသိန်းတန်ဖုန်းကဒ်တွေ ပေါ်နေပြီမို့
ဝမ်းသာအားရ ၀ယ်ဖြစ်သွားတယ်။ ဒါပေမယ့် စောစောက ရှက်ဖွယ် ရှက်ဖွယ်
အကဲ့ရဲ့ခံရတဲ့ ဟန်းဆက်မျိုးကို တစ်သိန်းကျော်ပေးဝယ်ရတယ်။ ဟောအခု
နှစ်သိန်းဖုန်းပေါ်လာပြီ။ လက်ထဲကဟာကြီးက ပိုကောင်းလို့လည်း မဟုတ်ဘူး။
လိုင်းပိုမိတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်တောင် ညာလို့မရဘူး။ အင်တာနက်လည်း
သုံးလို့မရဘူး။ သုံးချင်တစ်လုံး ထပ်ဝယ်လိုက်ပေါ့တဲ့။ သိပ်မကြာခင်
တစ်သိန်းဖုန်း၊ ငါးသောင်းဖုန်းတွေလည်း လာဦးမတဲ့။ အစကတည်းက
သူများနိုင်ငံတွေမှာ အောက်ခြေလူတန်းစားသုံးတဲ့ဟာတွေကို ကိုယ့်ဆီမှာတော့
ကောင်းကင်ကကျလာတဲ့ ဘိလပ်ရည်ပုလင်းဖုံးကလေးလို အလုအယက်
ရွှေနဲ့စက်လို့ဝယ်ရတယ်။ ကြံများကြိတ်သလို ပြည်သူတွေအိပ်ထဲက ရှိစုမဲ့စု
ပိုက်ဆံကလေးတွေကို သူဌေးတွေ အိပ်ထဲမရောက်ရောက်အောင် အပြန်ပြန်အလှန်လှန်
တစ်စက်မကျန် ညှစ်ယူတယ်။ ဒါက ကိုယ်က ဖုန်းလောက်ပဲ သုံးနိုင်တဲ့
ငါးသိန်းတန်အစားလောက်မို့ပါ။ (ဒါတောင် နိုင်ငံခြားမှာ အလုပ်လုပ်ပြီး
စုဆောင်းလာခဲ့တာလေးနဲ့မှ ၀ယ်နိုင်တာနော်။ လခနဲ့များတော့ ဝေးသေး)
ကားစီးနိုင်တဲ့အစားတွေ ဘယ်လိုရောင်းဝယ် စီးမောင်းနေကြသလဲ တွေးသာ
ကြည့်ပါတော့။ ခုလောက်ဆိုရင် ခရိုနီဆိုတာ ဘာလုပ်တဲ့သူတွေလဲ ခပ်ရေးရေး
သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဟင် ဘာမှလည်း မဆိုင်ပဲနဲ့ လို့ ဆိုသူတွေအတွက်
နောက်တစ်မျိုး ရှင်းရသေးတာပ။ အဲဒီအကြောင်းကို ရေးချင်လို့ ခရိုနီတွေကို
ရမယ်ရှာရပါတယ်ဗျ။
လယ်သမားကြီးတွေခမျာ သူတို့လယ်ယာမြေတွေ မတရားသိမ်းပိုက်ခံကြရတဲ့အတွက်
လယ်ထွန်စက်ဘီးအောက် ပက်လက်ထိုးဝင်ပြီး ဆန္ဒပြကြပါသတဲ့။ ဘယ်သူတွေက
သိမ်းတာလဲ။ နိုင်ငံတော်က သိမ်းတာလေ။ ဒါဆိုလည်း ခိုင်လုံတဲ့ အကြောင်း
တစုံတရာ မရှိပဲ ဘယ်သိမ်းပါ့မလဲ။ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစိးပွားအတွက်
သိမ်းတာ ဖြစ်ပါလိမ့်မယ်။ ကျုပ်တို့အမ်းမြို့မှာလည်း
လေယာဉ်ကွင်းကြီးတည်ဆောက်တဲ့အခါ လူနေအိမ်ခြေတွေကို ဖယ်ရရွှေ့ရတဲ့အတွက်
သည်လိုပဲ နစ်နာကြတာပေါ့။ မြို့သစ်မှာ မြေကွက် ပြန်ပေးသားပဲ။
သွားရေးလာရေးခက်ခဲတဲ့အရပ်မှာ လေယာဉ်ကွင်းကြီး ပြီးသွားတဲ့အခါ အများကြီး
စည်ပင်ဖွံ့ဖြိုးလာမယ် မဟုတ်ဘူးလား။ အခုလည်း နေပြည်တော် ပျဉ်းမနား
လယ်ဝေးတ၀ိုက်က လယ်မြေတွေကို သိမ်းယူတယ်ဆိုတာ နိုင်ငံတကာအဆင့်မီ
ဟော်တယ်ကြီးတွေ၊ အဆင့်မြင့်အိမ်ယာကြီးတွေ၊ စီမံကိန်းလုပ်ငန်းကြီးတွေအတွက်
သိမ်းယူတာ မဟုတ်လား။ သာဓုခေါ်ပြီး ရေစက်ချလိုက်ကြတာပေါ့။ ဒီထိတော့
လက်မခံလည်း လက်ခံရမှာပဲ။ ဘာတတ်နိုင်တာလိုက်လို့။ ခက်တာက ဘာမှ
မကြာလိုက်သေးဘူး။ အဲသည်လယ်ကွက်ကြီးတွေကို ပိုင်းပိုင်းပြီး
ပြန်ရောင်းလိုက်တာ အမေရိကန်ပြည်ထောင်စုမှာတောင် အဲသလောက် မြင့်မားတဲ့
အိမ်ခြံမြေဈေးနှုန်းမရှိဘူးတဲ့။ နိုင်ငံတော်က ရောင်းတာလား။ ဟင့်အင်း
ကံထရိုက်ရတဲ့ သူဌေးကြီးက ရောင်းတာလေ။ ကဲ ဘာပြောချင်သေးလဲ။
အလကားသိမ်းထားတဲ့မြေတွေကို တစ်ပေပတ်လည် သိန်းရာပေါင်းများစွာနဲ့
တွက်ရောင်းတဲ့သူဌေးကြီးရဲ့ သမာအာဇီဝ ကို နတ်လူသာဓုမခေါ်နိုင်ကြတာ
ကိုယ့်ထက်သာ မနာလိုတဲ့သူတွေပေါ့နော်။ လူတွေကိုက ခက်ပါတယ်။ အဲဒါကြောင့်
မတိုးတက်တာ။
ဘယ်ကိစ္စမဆို တဘက်တည်းက ကြည့်မြင်နေသမျှ တဘက်သတ်အမြင်ပဲ ရမှာပေါ့။
တခြားတဘက်ကနေ သုံးသပ်ဦးစို့။ လူတွေရဲ့ လောဘဆိုတာ အတောမသတ်နိုင်ပါဘူး။
လူ့အလို နတ်မလိုက်နိုင် လို့တောင် ဆိုကြတယ်။ နစ်နာကြေး လျှော်ကြေးတွေ
ပေးတဲ့အခါ ပေးနေတာတွေ ရှိပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန် တရားနည်းလမ်းကျကျ
ဟုတ်ပါ့မလား။ ကိုယ်တွေ့ပဲ ပြောကြတာပေါ့နော်။ ကျောက်ဖြူကနေ ကူမင်းအထိ
ဓါတ်ငွေ့ပိုက်လိုင်းကြီး သွယ်တဲ့အခါ ဥယျာဉ်ခြံမြေတွေ၊ လယ်ယာမြေတွေကို
ဖြတ်သွားရတဲ့အတွက် သိမ်းယူလိုက်ရတဲ့အတွက် ထိုက်သင့်တဲ့ လျှော်ကြေးငွေတွေကို
နစ်နာသူတောင်သူလယ်သမားများအား သက်ဆိုင်ရာ ကုမ္ပဏီတွေက စိစစ်ပြီး
ပေးပါသတဲ့။ မြိတ်ဘက် ထားဝယ်ဘက်မှာ အလားတူ ကြုံဖူးလို့ မြိန်သွားတဲ့သူတွေက
သည်ဘက်မှာလည်း ပိုက်လိုင်းဖြတ်မယ့် မြေတွေကို ဈေးကောင်းပေးပြီး
လိုက်ဝယ်ကြ၊ မတန်တဆလျှော်ကြေးတွေ တောင်းကြတဲ့ ဈေးကွက်ကြီးကြောင့်
ကျောက်ဖြူကမြေဈေးတွေလည်း ၀င်ဒါမီယာနီးပါး လိုက်လာပါလေရော။
စိုက်ခင်းရှင်တွေကို အပင်အရေအတွက်နဲ့ လျော်ကြေးပေးတာမို့
မြေယာအငြင်းပွားတဲ့ ပြဿနာတွေအပြင်မှာ လာမစစ်ခင်တစ်ရက်လောက်မှ
ပင်ထောင်ကိုင်းကူး တူးကာဆွကာ မတ်တတ်ထောင်ထားတဲ့အပင်တွေကို
လက်ညှိုးထိုးလျော်ခိုင်းတာတွေလည်း မကြာခနပါပဲ။ တကယ်တမ်းနစ်နာသူ
တောင်သူအစစ်တွေကတော့ အဲဒါမျိုးတွေလည်း နားမလည်၊ စကားရေလည်အောင်လည်း
မပြောတတ် မဆိုတတ်တဲ့အတွက် ဘာခံစားခွင့်မှ မရကြပါဘူး။ နောက်တစ်ချက်က
အဲလိုမျိုး စီမံကိန်းလုပ်ငန်းကြီးတွေမှာ နစ်နာသူဒေသခံတွေအတွက်
နိုင်ငံတော်ကဖြစ်စေ၊ အကြီးအကဲများကဖြစ်စေ၊ တစုံတရာသော
အကူအညီပေးလေ့ရှိပါတယ်။ ဥပမာ ရွှေ့ပေးရတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို
ရပ်ကွက်အသစ်မှာ မူလအခြေအနေအတိုင်း အိမ်တစ်လုံးပြန်ဖြစ်လာဖို့ ငွေကြေးအင်အား
လူအင်အား အကူအညီပေးရပါကြောင်း ငွေစာရင်းရှင်းတမ်းနဲ့
အထက်ကိုတင်ပြသော်ငြားလည်း တကယ်တမ်းမှာ တစ်အိမ်ထောင် ငွေငါးထောင်နဲ့
မနက်ဖြန် မမြင်ချင်ဘူး စကားတစ်ခွန်းနဲ့ ပြောင်းခဲ့ရသူတွေချည့်ပါပဲ။
အာစရိကြီးများ စိတ်မရှည်ပုံက သူများတကာ အိမ်သစ်တောင် ဆောက်လို့မပြီးသေးဘူး။
ပါဂျဲရိုးတွေ လေးငါးစီးဝယ်စီးပြတော့ သီချင်းနားထောင်လေ့မရှိတဲ့
ဘုန်းဘုန်းကတောင် “ပုလဲလေးတွေဆိုတာ ကမာကောင်ကလေးတွေရဲ့မျက်ရည်ပဲခင်
ဒါကြောင့်သာပင် လည်မှာ မဆွဲစမ်းပါနဲ့ခင်။” လို့ တရားထဲ
ထည့်ဟောချင်လာလောက်အောင်ပါပဲတဲ့။ (ဒါကြောင့်လည်း ဒီဘုန်းဘုန်း
ကျုပ်နဲ့ပေါင်းလို့ရတာ ထင်ပ)
အရင်တုန်းကတော့ ကြွေးတင်ရင် ရှင်ဘုရင်ဆပ်လိမ့်မယ် လို့
ဆိုရိုးစကားရှိပါတယ်။ လောလောဆယ်မှာတော့ အရင်ရှင်ဘုရင်ရဲ့အကြွေး
နောက်ရှင်ဘုရင် လာမတောင်းကြေး ဆိုတာမျိုးကလည်း ပြောကြပြန်သကိုလေ။
ဒီလိုကြေးသာဆိုရင်ဖြင့် ကျုပ်လည်းပဲ ငါးနှစ်တခါ
ငွေလိုက်ချေးလို့ချည့်နေမှနဲ့တူရဲ့။ တကယ်တော့ ဘယ်သူတွေပဲ ချမ်းသာချမ်းသာ
ကိုယ့်မစားရသော်ငြား ၀မ်းသာပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့စည်းစိမ်တွေ
တိုးသထက်တိုးအောင် ကိုယ်တွေက ဖွတ်ကျောပြာစု အငတ်ခံအသေခံရမယ်ဆိုရင်တော့
ဟုတ်သေးပါဘူးနော့။ ဒါနဲ့ပဲ ကိုယ့်မရှိသော်ငြား တိုင်းပြည်ရှိ
ကိုယ်ချမ်းသာသလိုပဲပေါ့ လို့ သဘောထားကြီးကြီးထားပြီး မုဒိတာပွားနိုင်အောင်
ကြိုးစားနားလည်ပေးလိုက်တဲ့အခါ အဆင်ပြေသွားပါတယ်။ ခရိုနီတွေ ဘယ်လိုပဲ
ကျိကျိတက်ချမ်းသာချမ်းသာ၊ သူတို့ဘ၀ဟာ လက်နဲ့ထိသမျှ ရွှေဖြစ်စေ ဆုပန်ထားတဲ့
ဘုရင်ကြီးနဲ့ပဲ တူပါတယ်။ သူတို့နဲ့ထိစပ်သမျှ အရာအားလုံးဟာ
ငိုက်ဆံငွေကြေးအတွက်သာ အပေးအယူသဘောကိုဆောင်တယ်။ အပြုံးလေးတစ်ပွင့်၊
နှုတ်ချိုစကားကလေး တစ်ခွန်းတောင် စိတ်ရင်းစေတနာနဲ့ မရနိုင်တော့ဘူး။ ဘာမဆို
ငွေပေးဝယ်ရတယ်။ အလကား ဘာမှ မရတော့ဘူး။ ရခဲ့ရင်လည်း သူတို့က အဖိုးတန်တယ်
မထင်တော့ဘူး။ ဒီလိုနဲ့ ငွေပေးဝယ်လို့ရတဲ့ အရာတွေ အားလုံး ပြည့်စုံလာတဲ့တနေ့
သူ့ဆီမှာ ငွေနဲ့ဝယ်လို့မရတာတွေ တစ်ရွေးသားမှ မကျန်တော့ဘူး လို့
နားလည်လာလိမ့်မယ်။ မယားတွေ မရေမတွက်နိုင်အောင် ရချင် ရပါလိမ့်မယ်။
မေတ္တာစစ်နဲ့ချစ်တဲ့သူ တစ်ယောက် မပါနိုင်တော့ဘူး။ စားကောင်းသောက်ဖွယ်တွေ
လိုလေသေးမရှိ နေ့ညမရွေး ရနိုင်သော်ငြား ချိုမြိန်ရောင့်ရဲမှုတွေကိုတော့
ခံစားနိုင်မှာ မဟုတ်တော့ဘူး။ ပြည်သူတွေရဲ့ မျက်ရည်စက်လက်ငိုသံတွေကို
မျက်ကွယ်ပြုလိုက်တဲ့အချိန်မှာ စိတ်ထဲကမပါပဲ ဟန်ဆောင်ရယ်မောသံတွေနဲ့
ပျော်မွေ့ချင်ယောင်ဆောင်ရတော့မယ်။ ဒီ့ထက်ဆိုးတာကတော့ မယ်ဘုရားထွေးလိုက်တဲ့
ဝါးဖတ်တော် ကွမ်းနုညက်ကိုလည်း မရွံမရှာ လက်နှစ်ဘက်နဲ့ခံယူလို့
မြိန်ရေယှက်ရေ ၀ါးမြိုသယောင်ပြုရမယ်။ ရွှေကိုယ်တော်တွေ
ပန်တော်ကျစွန့်လိုက်ရင်လည်း မက်မက်စက်စက် စုံဖက်ပေါင်းသင်းရလိမ့်မယ်။
အကာတွေမှန်သမျှ ပြည့်စုံလာတဲ့တနေ့မှာ အနှစ်တွေမှန်သမျှလည်း ဘာမှ
ကျန်တော့မှာ မဟုတ်ဘူး။ သပျစ်သီးမစားဖူးပေမယ့်လည်း ကြည့်ရတာ
ချဉ်မယ့်ပုံကြီးပါကွယ်။ နှုတ်ခမ်းနာနဲ့လည်း တည့်ချင်မှ တည့်မှာပေါ့။
ကိုယ်စားနေကျ မုန့်ပျားသလက်ကလေးစား၊ ကောက်ရိုးပုံတိုးအိပ်တာပဲ ကောင်းပါတယ်။
မရှိတော့ မရှိဘူးပေါ့။ မကြောင့်ကျရတာ အေးချမ်းတယ်။
ရှင်ဘုရင်နဲ့ပေါင်းပြီး လူထုမျက်ရည်ချောင်းစီးအောင် လုပ်မယ့်သူကလည်း
လုပ်ပါစေလေ။ ဆင်းရဲသားနဲ့ပေါင်းပြီး အချင်းချင်း
မျက်ရည်သုတ်ပေးမယ့်သူရှိနေရင် တော်သေးတာပေါ့။ ခရိုနီလည်း နီပါစေ။
အာဏာရှင်လည်း ရှင်ပါစေ။ “ကြက်တူရွေး အာခေါင်နီ ကွမ်းကလပ်ကိုချီ။ မချီပါနဲ့
ကိုကြက်တော ဘကြီးလာမှ ပြော။ နင့်ဘကြီး ငါမကြောက် ဆေးတံကြီးနဲ့ခေါက်” တဲ့။
ဘကြီးရော ကြက်တောရော တစ်သဘောတည်းမို့ ပြောလည်း ဆေးတံနဲ့အခေါက်ခံရရုံ
ရှိတာပ။ ကဲ တိတ်တော့ တိတ်တော့။ မငိုပါနဲ့။ ပျော်ပျော်ပါးပါး
သောက်စားကခုန်ကြပါစို့။ ပျော်သလားဟေ့ မောင်တို့ရေ့… ။ ပျော်တယ်ဟေ့ ...
ပျော်တယ်ဟေ့။ ပျော်သလားဟေ့ မောင်တို့ရေ့...။ ပျော်တယ်ဟေ့ … ပျော်တယ်ဟေ့။
ဘကြီးသက်
No comments:
Post a Comment