နောက်ဆုံးပေါ် အာဏာရှင် စည်းစိမ်ဖွက်နည်း။ (၁)
Monday, August 6, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.
ဒီတခါတော့
ဘောဂဗေဒဘက် ခြေဦး လှည့်လိုက်ဦးမယ်ဗျာ။ နိုင်ငံတစ်နိုင်ငံ တိုးတက်မှုရဲ့
အခြေခံအချက်က စီးပွားရေးဆိုတာကြီး ဖြစ်နေလေတော့ ဒီဘောဂဗေဒ ဆိုတာကြီးကလည်း
မပါရင် မပြီးပြန်ဘူးဗျို့။
ဘောဂဗေဒအကြောင်း ပြောမယ်ဆိုလို့ မင်းက ဘယ်လောက် နားလည်လို့လဲလို့
မေးလာရင် သိပ်တော့ နားမလည်ဘူးဗျ။ ဒါပေမဲ့ ဝိသမ လောဘဇော အမြတ်ကြီးစား
စီးပွားရေး သောင်းကျန်းသူများကို ဦးတည်ချင်လို့ ဆက်စပ်ပြောရတာပါ။
ဒါပေမဲ့ ဘောဂဗေဒ သဘောတရားထဲက
တစ်ခုဖြစ်တဲ့ “ဝယ်လိုအားများရင် ရောင်းလိုအားနည်း” ဆိုတဲ့
သဘောတရားတစ်ခုကို နားလည်တာနဲ့တင် မြန်မာပြည်ရဲ့ စီးပွားရေးကို အတော်လေး
ခြုံငုံမိတယ်ဆိုပြီး ဘဝင်မြင့်မိတာတော့ ဝန်ခံရမယ်။ စဉ်းစားကြည့်လေ…..
မြန်မာပြည်မှာ ဘယ်တုန်းကများ ရောင်းလိုအား များခဲ့ဖူးလို့လဲ။
မြန်မာပြည်သားများခမျာ ဘယ်ပစ္စည်းမှ ဖောဖောသီသီ သုံးခဲ့ရတာ မရှိပါဘူး။
အခွင့်ထူးခံ လူ့မလိုင် အမြတ်ကြီးစား လက်တစ်ဆုပ်စာ ကုန်သည်တစ်စုက
ဆိုင်ရာကုန်ပစ္စည်း အမျိုးအစားအလိုက် မြန်မာပြည်ရဲ့ တစ်ဦးတည်း
ကိုယ်စားလှယ်ကြီးဘဲ လုပ်နေကြတာမို့ အဲ့ဒီ ကိုယ်စားလှယ်ကြီး တင်သမျှ
ဈေးနဲ့ဘဲ ဝယ်ယူ စားသုံး/သုံးစွဲ နေကြရတာပါ။
မဝယ်လို့လည်း
မရ၊ အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ဖြစ်နေတယ်လေ။ ဒီလိုနဲ့ ဝယ်လိုအားတွေ
များလာရော၊ ဝယ်လိုအားများတော့ ရောင်းလိုအားနဲ၊ ရောင်းလိုအားနဲတဲ့ ဘောဂဗေဒ
အကျိုးတရားက ရှင်းပါတယ်။ ဈေးတွေ တက်ကုန်ရောပေါ့ဗျာ။ သူတို့က ပိတ်ချင်တဲ့
ပစ္စည်းကိုပိတ် ဖွင့်ချင်တဲ့ သူကိုတော့ဖွင့် ဒီလိုလုပ်တာကိုးဗျ။
မြန်မာပြည်က ကုန်ဈေးနှုန်းများ ကျတယ်ဆိုတဲ့ ဝေါဟာရကို မတီထွင်ခဲ့မိသယောင်
တက်ကြီးကို တက်နေတော့တာပါဘဲ။ နိုင်ငံတော် ခေါင်းဆာင်ကြီးတွေက
“ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ” ဆိုပြီး ဖွဲ့စည်းကာ သူတို့ အစည်းအဝေး
တစ်ခါထိုင်လိုက်တိုင်း တစ်ခါ ဈေးတက်နေလေတော့ “ကုန်ဈေးနူန်း
မှန်ကန်မြန်ဆန်ရေး ကော်မတီ” ဆိုပြီး ပြောင်းခေါ်လိုက်ရတာ သတိထားမိ
လိုက်တယ်။
၈၈ အရေးအခင်းတုန်းက
လူတွေရဲ့ မကျေနပ်မှု တချို့လေးက တကယ်ကို သံဝေဂ ရစရာပါ။ ဘာတဲ့ “ဆန်တစ်ပြည်
၁၅ ပြား စိန်လွင် သေမှစား၊ ဆန်တစ်ပြည် ၁၅ ကျပ် စိန်လွင် ခေါင်းကိုဖြတ်”
တဲ့။ ဆန်တစ်ပြည် ၁၅ ကျပ်မို့လို့ လူတွေ ပေါက်ကွဲခဲ့ကြပုံများ၊ အခုတော့
ဆန်တစ်ပြည် ၃၀၀၀ ကျော်ပြီမို့ သန်းရွှေခေါင်းကို ဖြတ်ရပေတော့မယ်။
နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုန်ဈေးနှုန်းများ အဆ ၂၀၀ ကျော် တက်သွားခဲ့ပြီ
ဖြစ်ပါတယ်။ အဲဒါကတော့ နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု
ပြယုဂ်လို့ ပြောရလေမလား။
ဒါကြောင့်
ကျွန်တော်သိတဲ့ “ဝယ်လိုအားများရင် ရောင်းလိုအားနည်း” ဆိုတဲ့
သဘောတရားနဲ့တင် မြန်မာပြည်ရဲ့ စီးပွားရေးကို ခြုံငုံမိပြီ ဖြစ်တယ်လို့
ကိုယ့်ကိုကိုယ် ဘဝင်မြင့် နေရခြင်း ဖြစ်ပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား
တန်းညှိတာတွေ ဘာတွေက စာထဲမှာသာ ရှိတော့တာ၊ လက်တွေ့ မြန်မာပြည်ရဲ့
စီးပွားရေး နယ်ပယ်မှာ အသုံးမဝင်တော့ပါ။
နိဒါန်းပျိုးနေရတာနဲ့တင်
ဆိုလိုရင်း ပျောက်သွားမှာ စိုးရသေးတယ်။ ကျွန်တော် ပြောလိုတာက အခုတလော
မြန်မာပြည် စီးပွားရေးလောကမှာ သိပ်ခေတ်စားနေတဲ့ အစိုးရ
စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ်
လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးနေတယ် ဆိုတာပါ။ ပုဂ္ဂလိကပိုင် လုပ်ငန်းလို့
ကြားရတာနဲ့တင် နားအရသာ ရှိလှပေတယ်။ ကိုယ်မပိုင်ရင်နေ၊ ပုဂ္ဂလိကပိုင်ဆိုတဲ့
စကားလုံးကတင် ကိုယ့်ကို ကိုယ်စားပြုသလို ခံစားရတယ်လေ။
တကယ်လည်း
ပုဂ္ဂလိကပိုင် လုပ်ငန်းများ တွင်ကျယ်လာမှုက နိုင်ငံတစ်ခု တိုးတက်မှုရဲ့ အဓိက
ရေသောက်မြစ်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုဆိုပါတယ်၊ အားပေးပါတယ်၊
သို့ရာတွင်ပေါ့လေ။ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့
ကြေငြာလို့မှ မဆုံးသေး၊ လျာထားချက် ပြည့်သွားပြီ။ အစိုးရ
စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်၊ ကြေငြာလို့မှ
မပြီးသေး၊ ထပ်ကာ ပြောင်းသွားတော့သည်။
အဲ့ဒီ
ပုဂ္ဂလိကပိုင် လုပ်ငန်းများကို လက်မြန်ခြေမြန်နဲ့ ဘယ်သူတွေကများ လက်ဦးမှု
ယူသွားကြပါလိမ့်၊ ရှည်ရှည်ဝေးဝေး စဉ်းစား မနေပါနဲ့၊ ယခု မြန်မာပြည်မှာ
ကျင်းပနေတဲ့ Myanmar National League ဘောလုံးပြိုင်ပွဲက
အသင်းပိုင်ရှင်များလို့သာ မှတ်လိုက်ပါတော့။ (MNL ဘောလုံးပြိုင်ပွဲကြီး
နေ့ချင်း ညချင်း ကြီးထွားလာရခြင်းမှာ မြန်မာပြည်ရဲ့ အားကစားလောကကို
မြေတောင်မြှောက် ပေးတာထက် နိုင်ငံရေး အခင်းအကျင်းရဲ့ တစ်စိတ်တစ်ဒေသ အဖြစ်
မဟာဗျူဟာမြောက် ဖေါ်ဆောင်လိုက်တဲ့ ပြိုင်ပွဲကြီးသာ ဖြစ်ပါကြောင်း
အလျဉ်းသင့်လျှင် ရေးသား တင်ပြပါဦးမည်။ ဤကား စကားချပ်)
နအဖက
ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ချချပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ အဲဒီ ၁၀
ဦးမျှလောက်သော သူဌေးကြီးများကသာ ပြိုင်ဘက်မရှိ အညီအမျှ ခွဲဝေယူနေကြတာ
ဖြစ်ပေတော့တယ်။ ကျွန်တော်ပြောတာကို မယုံရင် ကိုယ်တိုင် လေ့လာကြည့်ပါ။ ယခု
မြန်မာပြည်က အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ ပိုင်ရှင်၊
မြန်မာပြည်ရဲ့ အကြီးဆုံး စားသောက်ကုန် လုပ်ငန်းပိုင်ရှင်၊ မြန်မာပြည်ရဲ့
သွင်းကုန်ထုတ်ကုန် လုပ်ငန်းပိုင်ရှင်၊ ဘယ်သူတွေများပါလိမ့်လို့
ရှည်ရှည်ဝေးဝေး သိပ်ပြီး အတွေးခေါင် မနေပါနဲ့၊ Myanmar National League မှာ
အားလုံး တစ်စုတစ်စည်းထဲ တွေ့နိုင်ပါလိမ့်မယ်။
မြန်မာပြည်ရဲ့
ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ ပိုင်ရှင်များဟာ ဒီ Myanmar
National League ကြီးမှာရှိတဲ့ ကလပ်အသင်း ပိုင်ရှင်များ ဖြစ်ကြပါတယ်။
လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာပြည်ကြီးမှာ ဒီ ၁၀ ဦးလောက်ကဘဲ ပုဂ္ဂလိက
ဖြစ်နေတာကတော့ မနိပ်လှဘူးဗျို့။
စီးပွားရေးသမားမို့
လာဘ်မြင်တာမျိုး မဟုတ်ဘဲ နောက်ဖေးလမ်း လာဘ်မြင်သလိုမျိုးကြီးဗျ။
သူတို့ဟာက ရန်ကုန်ဘူတာကြီးမှာ လက်မှတ် ရောင်းသလိုမျိုး ဖြစ်နေတယ်။
လက်မှတ်ရောင်းချိန်က နံနက် ၇:၀၀ နာရီတဲ့၊ ဒါပေမဲ့ ၇:၀၀ နာရီက မထိုးသေးဘူး
“ကုန်ပြီ” ဆိုတဲ့ စာတမ်းက အစီအရီ ပေါ်နေတော့တယ်။ ဘယ်အချိန် ဘယ်လို
ကုန်အောင် ရောင်းလိုက်သည်မသိ။ အဘယ်မျှ မျက်စိရှင်အောင် ထားထား၊ အဘယ်မျှ
အိပ်ရေးပျက်ခံပြီး လာစောင့်စောင့် လက်မှတ်ရောင်းတာကို အမြဲတမ်းလိုလို
မတွေ့ရ။ “ကုန်ပြီ” ဆိုတဲ့ စာတမ်းက နေရာယူထားပြီးသားကို တွေ့မြင်ကြရတာ
များပါတယ်။
ဘာလို့ ပုဂ္ဂလိက
ချပေးလိုက် သူတို့က လက်ဝါးကြီးအုပ်လိုက် ဖြစ်နေရတာလဲ။ ဒါက ရှင်းပါတယ်။
“ခေတ်သစ် အာဏာရှင် စည်းစိမ်ဖွက်နည်း” ဖြစ်ပါတယ်။ ယခင်ခေတ်ကာလက
အာဏာရှင်များဟာ သူတို့ မတရားယူထားတဲ့ စည်းစိမ်ငွေမဲတွေကို ဆွစ်ဇာလန်နိုင်ငံ
ဘဏ်သို့ အပ်မယ်။ နိုင်ငံတကာမှာ အိမ်တွေ၊ ခြံတွေ ဝယ်မယ်။ အဲ့ဒီလိုနည်းနဲ့
စည်းစိမ်ဖွက်ကြတယ်။
အခု
စစ်အာဏာရှင်တွေကတော့ ဒီလိုနည်းနဲ့ စည်းစိမ်မဖွက်ကြတော့။ ထိုနည်းများက
ဦးနေဝင်း လုပ်ခဲ့တဲ့နည်းတွေ။ စိတ်မချရတော့။ ပြန်လည် သိမ်းဆည်းခံရနိုင်တယ်။
ယခုကြည့်ပါ၊ အီဂျစ်သမ္မတဟောင်း မူဘာရက်၏ ပိုင်ဆိုင်မှုများကို
ဆွစ်ဇာလန်နိုင်ငံက ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ အခုနောက်ဆုံးပေါ်
စည်းစိမ်ဖွက်နည်းကတော့ ငွေကို အရှင်ထားခြင်း ဖြစ်တယ်။ ဥပမာ - ဦးတေဇရဲ့ Air
Bagan လေကြောင်းပို့ဆောင်ရေးတဲ့၊ ဒါပေမဲ့ Air Bagan ရဲ့ လေယာဉ်
တဝက်ကျော်ကျော်လောက်ကို ဦးသန်းရွှေသမီးက ပိုင်ဆိုင်တယ်။ ဦးတေဇက တရားဝင်
လုပ်ငန်းရှင်သာ ဖြစ်တယ်။ အခွန်ဆောင်တယ်။ ဝင်ငွေအားလုံး ငွေဖြူဖြစ်တယ်။
အကြောင်းတစုံတရာကြောင့် ဦးသန်းရွှေကို အဂတိလိုက်စားမှုနဲ့ တရားစွဲ၊ လူကိုသာ
ထောင်ထဲ ပို့လို့ရမယ်။ ဦးတေဇ၏ Air Bagan ကိုတော့ ထိမ်းလို့ မရ။ အားလုံးက
တရားဝင် လည်ပတ်နေတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ မပိုင်ဘူးလား။
အလားတူ
မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေးတိုင်းရဲ့
လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သမီးတွေ ရှယ်ယာ ပါပြီးသား။
ဤသို့ ဤပုံ မြန်မာစစ်ဗိုလ်ချုပ်များက ကွက်ကျော်မြင် ဂွင်ကျော်
ရိုက်ထားတတ်ကြတယ်။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့
မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြတယ်။ ပိုပြီး
စိုးရိမ်စရာ ကောင်းတာက အခြေအနေ အပြောင်းအလဲကြောင့် စစ်အစိုးရ
ပြုတ်ကျလျှင်တောင်မှ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင်
စီးပွားရေးလုပ်ငန်းများ မရှိတော့တဲ့ အခြေအနေပင်။ ပြောရလျှင် ပုဂ္ဂလိက
အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပင်။
အလွန်တရာ
ကလိန်စေ့ ငြမ်းဆင်နိုင်သော လှည့်ကွက်ပင် ဖြစ်ပါတယ်။။ သူတို့
ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ
ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။
(သိုးထိန်း)။
မှတ်ချက် (စည်းလုံးခြင်းသည်အင်အားဝက်ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်)
MYANMAR-POLITICS-US-SANCTIONS
Myanmar tycoon Tay Za (C) raises a toast along with unidentified
officials during the third anniversary of his Air Bagan company in
Yangon, 05 November 2007. Tay Za denounced US sanctions against his
airline and other firms which he said would only hurt the people of the
impoverished Southeast Asian nation. US President George W. Bush last
month ordered sanctions against seven companies with ties to Myanmar's
ruling junta. AFP PHOTO/ Khin Maung WIN (Photo credit should read KHIN
MAUNG WIN/AFP/Getty Images) AFP/Getty Images
ဘကြီးသက်
No comments:
Post a Comment