Wednesday, November 28, 2012

ပဋိပက္ခများ လုံးဝ အဆုံးသတ်ရန်နှင့် နောက် ပြန်မဆုတ်သော ငြိမ်းချမ်းရေး အတွက် စုပေါင်းအားဖြင့် တွန်းအားပေး ဆောင်ရွက်သွားရန် ရှမ်း တိုင်းရင်းသား အဖွဲ့အစည်းများ သဘောတူ


ပဋိပက္ခများ လုံးဝ အဆုံးသတ်ရန်နှင့် နောက် ပြန်မဆုတ်သော ငြိမ်းချမ်းရေး အတွက် စုပေါင်းအားဖြင့် တွန်းအားပေး ဆောင်ရွက်သွားရန် ရှမ်း တိုင်းရင်းသား အဖွဲ့အစည်းများ သဘောတူ  PDF Print
Wednesday, 28 November 2012 19:37
AddThis Social Bookmark Button
thn-28-11-12-6ဆွေးနွေးပွဲအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်များကို တွေ့ရစဉ်


ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၏ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော သုံးရက်ကြာ ဆွေးနွေးပွဲတွင် ပဋိပက္ခများ လုံးဝ အဆုံးသတ်ရန်နှင့် နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးအတွက် စုပေါင်းအားဖြင့် တွန်အားပေး ဆောင်ရွက်သွားရန် သဘောတူညီမှုများ ရရှိခဲ့သည်ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မှ ပြည်သူများ၏ဆန္ဒကို အခြေခံပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ရှမ်းတိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ နည်းလမ်းရှာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်သူများက ယခုအချိန်အခါတွင် ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည့်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိရန် အထူးလိုအပ်နေကြောင်း၊ ထိုပဋိပက္ခများ ဆက်မဖြစ်စေရန် မဖြစ်မနေ လိုအပ်သည့် အခင်းအကျင်းများကို မိမိတို့ ပါဝင်သည့် အနေအထားမှ အလေးအနက်ထား ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့အားလုံး စုပေါင်းအားဖြင့် နောက်ပြန် မဆုတ်သော ငြိမ်းရေးရေးဖြစ်စဉ်ကို နေရာအလိုက်  အဆင့်အလိုက် အကောင်အထည် ဖော်နိုင်သည့် အခြေအနေများ ရောက်အောင် အချင်းချင်း ပံ့ပိုးမှုများ လုပ်၍ အထူးတွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်" ဟု ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

"အောင်မြင်ပါတယ်။ ဒီလိုပဲ ဖြည်းဖြည်းချင်း လုပ်သွားရမှာပါပဲ။ ရှမ်းပြည်နယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး တစ်စုတစ်စည်းတည်း ဖြစ်လာနိုင်တဲ့ အနေအထား ရှိပါတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက Eleven Media Group သို့ ပြောကြားခဲ့သည်။

ဦးခွန်ထွန်းဦးခေါင်းဆောင်သော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် ၂၀၀၄ ခုနှစ်မတိုင်မီ အချိန်ကလည်း ငြိမ်းချမ်းရေးအတွက် ယခုကဲ့သို့ လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ခဲ့သည်။ သို့သော် အစိုးရဘက်မှ လက်မခံသော တုန့်ပြန်မှုများ ကြုံတွေ့ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် နှင့် SSA မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်တို့ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရ သည်။ ထိုနောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ပြန်လည် လွတ်မြောက်ခဲ့ပြီး တစ်နှစ် မပြည့်မီအချိန်၌ ရှမ်းတိုင်းရင်းသားများ၏ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ ဆွေးနွေးပွဲ သုံးရက် လုပ်တဲ့အခါမှာ နံပါတ်တစ်က ဘာ အထစ်အငေါ့မှ မရှိပါဘူး။ နံပါတ်နှစ်က အစိုးရပိုင်းက အကူအညီ အများကြီး ပေးပါတယ်။ ကျေးဇူးတင်ကြောင်း တစ်ဆက်တည်း ပြောလိုပါတယ်။ အပြင်က မိတ်ဆွေတွေလည်း လာနိုင်တယ်။ လာနိုင်အောင်လည်း အစိုးရပိုင်းက အကူအညီပေးပါတယ်။ ဆိုတော့ ကျွန်တော်တို့က ရှမ်းတွေချည်းပဲပေါ့နော်။ ဒီတစ်ပွဲပြီးသွားပြီဆိုရင် နောက်တစ်ဆင့်ကို ကျွန်တော်တို့ ကြိုးစားပါမယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ မေးမြန်းခဲ့သော မေးခွန်းကို SNLD မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ပါသည်။

"ရှမ်းပြည်နယ်ထဲမှာ ပြည်နယ်အဆင့် ကြိုးစားပါမယ်။ တစ်ခြား တိုင်းရင်းသားတွေ ဖြစ်တဲ့ ချင်းတို့၊ မွန်တို့ အဲဒီအဖွဲ့တွေကိုလည်း ကျွန်တော်တို့လို လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ၂၀၀၄၊ ၂၀၀၅ တုန်းက ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ လက်မခံဘူး။ ဖမ်းဆီးတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အစိုးရလည်း အပြောင်းအလဲ ဖြစ်သွားပြီ။ ပွင့်လင်းမြင်သာမှု ဖြစ်တဲ့ အခြေအနေကိုလည်း ရောက်လာပြီဆိုတော့ ဒီဖိုရမ်ကို အောင်အောင်မြင်မြင် လုပ်နိုင်ပြီလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဟိုဘက်တစ်ဆင့်ကို တော့ အများကြီး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု  ဦးစိုင်းညွန့်လွင်က ဆက်လက် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အဆင့် ဆွေးနွေးပွဲကို အစိုးရ၏ Peace Center နှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဆွေးနွေးပွဲ စတင်မီ လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်းသိရသည်။ ထို့အပြင် ယခု ဆွေးနွေးပွဲ၌ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်သော အမြင်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဖက်ဒရယ်နဲ့ ပတ်သက်လို့ သဘောထားတွေတော့ အမျိုးမျိုးပေါ့လေ။ ဒါပေမယ့် သီးခြား ဆုံးဖြတ်ချက်တော့ မရှိပါဘူး။ အရင် အားလုံး တောင်းဆိုတဲ့ ပုံစံအတိုင်းပေါ့လေ။  ဆန္ဒ သဘောထားတွေ ကောက်ယူတဲ့ အခါမှာ အများစုက သဘောကျပြီးတော့ ဒါကိုပဲ ဆက်ကိုင်စွဲသွားဖို့   ပြောကြားထားကြပါတယ်"ဟု ဦးစိုင်းညွန့်လွင်က ပြောကြားခဲ့သည်။

"ဖက်ဒရယ်ကတော့ ရှမ်းပြည်ကနေ မွေးဖွားလာတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဖက်ဒရယ်မူအတိုင်း သွားမယ်ဆိုတာတော့ ခင်ဗျားတို့ သိပြီးသားပါ။ ဖက်ဒရယ်မူကို ပြောဖို့ဆိုတာ ကျွန်တော်တို့က စကတည်းက ၁၉၉၀ ရွေးကောက်ပွဲ ၀င်ကတည်းက  SNLD ရဲ့ ရပ်တည်မှုပဲ။ ဖက်ဒရယ်မူ ရမှ၊ အိုဘားမား လာတုန်းကလည်း ပြောတယ်။ မစ္စကလင်တန် လာတုန်းကလည်း ပြောတယ်။ မြန်မာပြည်မှာ သေနတ်သံ မကြားချင်တော့ဘူး။ ငြိမ်းချမ်းရေး ဖြစ်ချင်တယ် ဆိုလို့ရှိရင် စစ်မှန်တဲ့ ဖက်ဒရယ်တစ်ခု ဖွဲ့စည်းပုံတစ်ခုကို ဖန်တီးပေးပါ။ ဒါမှသာလျှင် ငြိမ်းချမ်းရေး ခိုင်မြဲမယ်”ဟု ဦးခွန်ထွန်းဦးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း အဓိက လက်နက်ကိုင်အဖွဲ့အစည်းလေးရပ်ရှိပြီး ထိုအဖွဲ့အစည်းများမှာ ၀၊ မိုင်းလား၊ RCSS နှင့် SSA တို့ ဖြစ်ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲ အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းလေးရပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှမ်းပြည်နယ်တွင် ပြည်သူ့စစ်ကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းငယ် (၆၀) ကျော်ရှိနေကြောင်း သိရပါသည်။ လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့အစည်းများ၏ နယ်မြေအပိုင်းအခြားနှင့် ပတ်သက်၍ မည်သည့် ပြဿနာမျှ မရှိကြောင်း SSA မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်က ပြောသည်။ တော်လှန်ရေးအတွက် ပူပေါင်းလုပ်ဆောင်မှုများရှိပြီး ဆက်လက် လုပ်ဆောင်သွားရန်လည်း ရှိကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်က ပြောပါသည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး တစ်နှစ်မပြည့်မီ အချိန်တွင် အကြိမ်(၄၀) မက တပ်မတော်စစ်ကြောင်းများ၏ လာရောက်တိုက်ခြင်းကို ခံခဲ့ရသည်ဟု RCSS မှ ဗိုလ်မှူးချုပ် စ၀်ပေါင်ခေးက သတင်းထောက်များကို အတည်ပြု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီ ၃ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အခြေစိုက် ရှမ်းလူမှု အခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူ ပညာရှင် ၁၇ ဦးအပါအ၀င် စုစုပေါင်း ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
 

Comments 

 
0 #3 tzkygn 2012-11-29 10:17
Quote:
အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး တစ်နှစ်မပြည့်မီ အချိန်တွင် အကြိမ်(၄၀) မက တပ်မတော်စစ်ကြောင်းများ၏ လာရောက်တိုက်ခြင်းကို ခံခဲ့ရသည်ဟု RCSS မှ ဗိုလ်မှူးချုပ် စ၀်ပေါင်ခေးက သတင်းထောက်များကို အတည်ပြု ပြောကြားခဲ့သည်။

ဘာအဓိပ္ပါယ်ကြီးတုန်း ?
 
 
+12 #2 Shweyoelatt 2012-11-28 22:19
Quoting AwJuu:
မြန်မာပြည်မှာ သေနတ်သံ မကြားချင်တော့ဘူး။ ငြိမ်းချမ်းရေး ဖြစ်ချင်တယ် ဆိုလို့ရှိရင် စစ်မှန်တဲ့ ဖက်ဒရယ်တစ်ခု ဖွဲ့စည်းပုံတစ်ခုကို ဖန်တီးပေးပါ။ ဒါမှသာလျှင် ငြိမ်းချမ်းရေး ခိုင်မြဲမယ်။

ထောက်ခံပါတယ်... (ELEVEN ရေ... ဖက်ဒရယ်မူအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေး ရေးပါဦးဗျာ... မျှော်နေမယ်...)


AWJuu ကို ထပ်ဆင့်ထောက်ခံပါတယ်။ (follow ပေါ့နော) ဖက်ဒရယ်မူအကြောင်း အများပိုမို ကျယ်ကျယ်သိအောင် ပြောပြပေးပါ။
EMG ကို ကြိုတင် ကျေးဇူးတင်လျက်...
 
 
+21 #1 AwJuu 2012-11-28 20:18
မြန်မာပြည်မှာ သေနတ်သံ မကြားချင်တော့ဘူး။ ငြိမ်းချမ်းရေး ဖြစ်ချင်တယ် ဆိုလို့ရှိရင် စစ်မှန်တဲ့ ဖက်ဒရယ်တစ်ခု ဖွဲ့စည်းပုံတစ်ခုကို ဖန်တီးပေးပါ။ ဒါမှသာလျှင် ငြိမ်းချမ်းရေး ခိုင်မြဲမယ်။

ထောက်ခံပါတယ်... (ELEVEN ရေ... ဖက်ဒရယ်မူအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေး ရေးပါဦးဗျာ... မျှော်နေမယ်...)
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။