Wednesday, November 28, 2012

အတည်ပြု ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးခြင်း မပြုသော လွှတ်တော်ဆိုင်ရာ ဥပဒေ (၂) နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း


အတည်ပြု ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးခြင်း မပြုသော လွှတ်တော်ဆိုင်ရာ ဥပဒေ (၂) နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း 


 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၁ဝ/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်
အတည်ပြု ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးခြင်း မပြုသော လွှတ်တော်ဆိုင်ရာ ဥပဒေ (၂) နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
၁။     ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ်  ၁၂/၂ဝ၁ဝ ဖြင့် ပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ အား ရုပ်သိမ်း၍ ၂ဝ၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကို ၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၂၃) ဖြင့် ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။ အလားတူ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁၃/၂ဝ၁ဝ ဖြင့် ပြဋ္ဌာန်းထားသော အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ အား ရုပ်သိမ်း၍ ၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကို ၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၂၄) ဖြင့် ၂၆-၁၁-၂ဝ၁၁ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

၂။ အဆိုပါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း (၂) ခုအား ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ရေး နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးနိုင်ရန် ၂၃-၃-၂ဝ၁၂ ရက်တွင် ပေးပို့ခဲ့သော်လည်း ပြင်ဆင်ချက်ဖြင့် ပြဋ္ဌာန်းနိုင်မည့် အချက်အချို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်ရန် လိုအပ် သကဲ့သို့ နိုင်ငံတော် အချုပ်အခြာ၏ ခက်မသုံးဖြာတို့ အပြန်အလှန် ထိန်းကျောင်းမှုပြုရန် ဟူသော အဓိကကျသည့် ဒီမိုကရေစီ ကျင့်စဉ်နှင့် ညီညွတ်ရန် လိုအပ်သဖြင့် အချက် (၁ဝ) ချက် သဘောထား မှတ်ချက်ပြု၍ နိုင်ငံတော်သမ္မတက ပြန်လည် ပေးပို့ခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အချက် (၂) ချက်ကိုသာ ပြင်ဆင်ခဲ့ပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁ဝ၆ ပုဒ်မခွဲ (ခ) အရ (၂၃-၁၁-၂ဝ၁၂) ရက်တွင် ထပ်မံပေးပို့ခဲ့သည်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန် လိုအပ်ခြင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့် ညီညွတ်ရန် လိုအပ်ခြင်းတို့ကြောင့် အတည်ပြု ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတ အနေဖြင့် လက်မှတ် ရေးထိုးခြင်း မပြုကြောင်းကို သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၆/၂ဝ၁၂) ဖြင့် (၂၄-၁၁-၂ဝ၁၂) ရက်တွင် အများပြည်သူသို့ ရှင်းလင်းတင်ပြပြီး ဖြစ်သည်။

၃။ ဥပဒေပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော ဥပဒေကြမ်းအား အတည်ပြု ပြဋ္ဌာန်းနိုင်ရေး နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁ဝ၅ အရ ပေးပို့လာပါက၊ နိုင်ငံတော်သမ္မတ အနေဖြင့် သဘောထား မှတ်ချက်ပြု၍ (၁၄)ရက်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁ဝ၅၊ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်သမ္မတက ပေးပို့သော သဘောထား မှတ်ချက်များအား ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးပြီး နိုင်ငံတော်သမ္မတက အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် ထပ်မံ ပေးပို့နိုင်ကြောင်း၊ နိုင်ငံတော်သမ္မတက သဘောတူညီမှု မရှိ၍ (၇)ရက်အတွင်း လက်မှတ်ရေးထိုးခြင်း မပြုလျှင် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီး သကဲ့သို့ ဥပဒေဖြစ်လာကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁ဝ၆၊ ပုဒ်မခွဲ(ဂ)တွင် ပြဋ္ဌာန်းထားသည်။

၎။ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့သော အထက်ဖော်ပြပါ ၂ဝ၁၂ ခုနှစ် ဥပဒေ အမှတ် (၂၃) နှင့် ဥပဒေအမှတ် (၂၄) တို့သည် နိုင်ငံတော်သမ္မတက အတည်ပြု လက်မှတ်ရေးထိုးခြင်း မပြုသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁ဝ၆၊ ပုဒ်မခွဲ(ဂ) ပါ ပြဋ္ဌာန်းချက်အရ ဥပဒေဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။