ထိုင်းက မီးဖိုချောင်၊ မြန်မာက ဥယျာဉ်ခြံဟု ထိုင်းကုန်သွယ်ဥက္ကဋ္ဌဆို
နယူးဒေလီ (မဇ္ဈိမ) . ၂၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂ — ထိုင်းနိုင်ငံအား မီးဖိုချာင် အဖြစ် တင်စားပြီး မြန်မာနိုင်ငံအား ထိုမီးဖိုချောင်အတွက် သီးနှံထွက်ရာ ဥယျာဉ်ခြံတခုအဖြစ် တင်စားကာ ထိုင်း ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ အိုလာန် ချိုင်ပရာဝပ် Olarn Chaiprawat က ပြောဆိုလိုက်သည်။
ဘန်ကောက်မြို့တွင် ကျင်းပသော စီးပွားရေးနှီးနှောဖလှယ်ပွဲတွင် ထိုင်းဝန်ကြီးချုပ် ယင်လက်၏ အကြံပေးပုဂ္ဂိုလ် လည်း ဖြစ်သော အိုလာန် က မြန်မာနိုင်ငံ၏ အလျှံပယ်ဖြစ်သော ပင်လယ်စာများ၊ ဆန်စပါး၊ စားအုန်းနှင့် ရာဘာ တို့အတွက် ကျေးဇူးတင်ရှိကြောင်း လည်း ပြောဆိုသွားသည်ဟု ထိုင်းသတင်းအေဂျင်စီ (TNA)တွင် ဖော်ပြပါရှိသည်။
ထိုင်းနိုင်ငံအနေဖြင့် အနောက်နှင့် တောင်အာရှသို့ ပို့ဆောင်ရန် မြန်မာနိုင်ငံတွင် ပြုပြင်ပြီး အစားအစာများ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည်ဟုလည်း ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံမှာ မကြာမီတွင် တောင်အာရှနှင့် အာဆီယံနိုင်ငံများအကြား တံခါးမကြီးသဖွယ်ဖြစ် လာပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်နှင့် မာလ်ဒိုက်ဖ်တို့နှင့် စီးပွားရေးဈေးကွက် ဆက်ပွင့်လာမည် ဟုလည်း အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ ညွှန်ကြားရေးမှူး အက္ကာဆီရိ Akkasiri က ဆိုသည်။
အဆိုပါ တောင်အာရှနိုင်ငံများတွင် စားသုံးသူဦးရေ သန်းပေါင်း ၁.၆ ထောင် ရှိ၍ အာဆီယံ ၁ဝ နိုင်ငံရှိ လူဦးရေထက်နှစ်ဆ ပိုများသည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment