Friday, August 24, 2012

သတ္တုတွင်းဝန်ကြီးဌာနမှ The voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့်စွဲဆိုထားမှုအား စွဲချက်တင်သင့် မတင်သင့်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် တရားရုံးမှ အဆုံးအဖြတ်ပေးမည်




သတ္တုတွင်းဝန်ကြီးဌာနမှ The voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့်စွဲဆိုထားမှုအား စွဲချက်တင်သင့် မတင်သင့်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် တရားရုံးမှ အဆုံးအဖြတ်ပေးမည် 

Thursday, 23 August 2012 14:48
သြဂုတ်လ ၂၃ ရက်နေ့ ရုံးချိန်းသို့ လာရောက်သတင်းယူနေသော သတင်းထောက်များအား တွေ့ရစဉ်
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွပ်စွဲထားမှုအား စွဲချင်တင်သင့် မတင်သင့် စက်တင်ဘာလ ၆ ရက်နေ့တွင် တရားရုံးမှ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံး၌ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်သောရုံးချိန်းမှ သိရသည်။
သြဂုတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်သော ရုံးချိန်းမှာ စွပ်စွဲချက်တင်သင့် မတင်သင့်အား နှစ်ဖက်ရှေ့နေများမှ တရားရုံးသို့ လျှောက်လဲခဲ့ခြင်းဖြစ်သည်။
တရားလို သတ္တုတွင်းဝန်ကြီးဌာနမှ လိုက်ပါဆောင်ရွက်နေသော ရှေ့နေဖြစ်သူက တရားလိုပြသက်သေများ စစ်ဆေးအပြီး၌ အိုင်ဗန်ဟိုးကုမ္ပဏီမှ သတ္တုတွင်းဝန်ကြီးဌာနသို့ ငွေလွှဲပြောင်းပေးရာတွင် နိုင်ငံခြားငွေမှ မြန်မာငွေသို့ ငွေကြေးခေါင်းစဉ်သာ ပြောင်းခဲ့ခြင်းဖြစ်ပြီး ငွေကြေး အလွှဲသုံးစားမှု ပြုလုပ်ထားခြင်း မရှိပါကြောင်း ထို့ကြောင့် ၀န်ကြီးဌာန၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့် ရေးသားဖော်ပြမှုများပြုလုပ်ခဲ့သည့် The Voice  ဂျာနယ်အပေါ် စွဲချက်တင်သင့်ပါကြောင်း လျှောက်လဲချက်ပေးခဲ့သည်။
The Voice ဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးဝင်းရွှေက  စွဲချက်တင်ရန် မသင့်ပါကြောင်း၊ The Voice ဂျာနယ်က သတင်းဖေါ်ပြရာတွင် ပြည်သူလူထုနှင့် နိုင်ငံတော်ကိုယ်စား စတုတ္ထုမဏ္ဍိုင်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်၍ ၀န်ကြီး ဌာနကို သော်လည်းကောင်း၊ ဌာနရှိ ၀န်ထမ်းများကိုသော်လည်းကောင်း သာစေ နာစေလိုသော ရည်ရွယ်ချက် အလျင်းမရှိသည့်အတွက် စွပ်စွဲသကဲ့သို့ ပြစ်မှုပုဒ်မ ၅၀၀ ကျူးလွန်ခြင်း အလျင်းမရှိခဲ့ပါကြောင်း၊ သတင်းဖော်ပြရာတွင်လည်းသတင်း ရေးသားသူ The Voice ဂျာနယ်၏ ထင်မြင်ယူဆချက် မပါဝင်ကြောင်း၊ ခိုင်လုံသော အထောက်အထား တိကျသော သတင်းအချက်အလက်နှင့် ယုံကြည်စိတ်ချရသော သတင်းအရင်းမြစ်များထံမှ ရယူရေးသားဖော်ပြခြင်းဖြစ်ပါကြောင်းစသည်ဖြင့် လျှောက်လဲချက်ပေးခဲ့သည်။   
''ပုဒ်မ ၅၀၀ နဲ့ အပြစ်မပေးနိုင်တဲ့ပုဒ်မ ၄၉၉ အရ ကင်းလွှတ်ချက် ၁၀ ချက်မှာ ကင်းလွှတ်ချက်အမှတ်စဉ် ၁ နဲ့ ၁၀ ကို ကိုးကားပြီးတော့ လျှောက်လဲချက် တင်ထားပါတယ်''ဟု တရားလွှတ်တော် ရှေ့နေဦးဝင်းရွှေမှ ပြောသည်။
ထိုကဲ့သို့ တရားလွှတ်တော်ရှေ့နေဦးဝင်းရွှေ၏  စွပ်ချက်တင်ရန် မသင့်ကြောင်းနှင့် ပုဒ်မ ၄၉၉ အရ ကင်းလွှတ်ခွင့်ပေးရန် လျှောက်လဲချက်ကို တရားလိုရှေ့နေဖြစ်သူက ကင်းလွှတ်ခွင့် မပေးသင့်ကြောင်း၊ စာပေစီစစ်ဆေးရေး ကြီးကြပ်ဗဟိုအဖွဲ့၏ စည်းမျဉ်းစည်းကမ်းအချို့နှင့် လည်းကိုက်ညီမှုမရှိသဖြင့် စွပ်ချက်တင်သင့်ပါကြောင်း ပြန်လည်လျှောက်လဲချက်တင်ခဲ့သည်။

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူအမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုကို ဒဂုံမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြားနာစစ်ဆေးခဲ့သည့်ရုံးချိန်းမှ သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀  ဖြင့် စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice ဂျာနယ်ဘက်မှ လျှောက်ထားမှုကို  ဒဂုံမြို့နယ်တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့်အမိန့် ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ သတင်းကို မျက်နှာဖုံးသတင်းအနေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
သတင်း၏ ပထမပိုဒ်၌ ပြန်ကြားရေး ၀န်ကြီးဌာနအပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများ၏ ကျပ်သိန်းပေါင်းထောင်ချီသော ငွေကြေးအလွဲသုံးစားပြုမှုများနှင့် ငွေစာရင်းမမှန်မကန်ဖော်ပြမှုများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက  ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
သြဂုတ်လ ၂၃ ရက်နေ့ရုံးချိန်းကို နံနက် ၁၀ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ၁၁ နာရီတွင်ပြီးဆုံးခဲ့ကာ သတင်းမီဒီယာအများအပြား လာရောက်သတင်းယူခဲ့ပြီး သတင်းထောက်အချို့မှလည်း 'မီဒီယာဖိနှိပ်မှုရပ်'စာသားများ ၀တ်ဆင်ထားသော အင်္ကျီများ ၀တ်ထားခဲ့ကြောင်းလည်း သိရသည်။

Comments 

+1 #3 Public Servant 2012-08-23 22:19
မှားသွားလို့ ခရိုင်အဆင့်ထိပါ
 
+1 #2 Public Servant 2012-08-23 22:18
မပြုတ်ခင်လေး ၀ါးလိုက်ကြပါ။ မကြာခင် ဗဟိုကနေ တိုင်းအဆင့်အထိ အားလုံး ဖြုတ်ပစ်တော့မှာပါ။
 
+7 #1 pyonecho54 2012-08-23 15:18
So funny! money transaction from USD to Kyats only! Everyone aware the GAP (1 USD = 6 Kyats)! Isn't it corruption by Mining Ministry? Why didn't BanHoe make a payment directly to Minstry in USD? LOL
No wonder! this Lawyer who representing ministry dare to say that no corruption even though there is USD to Kyats transaction which he himself clearly mentioned in this article!
Just a joke to Myanmar Judges!
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။