Friday, August 24, 2012

ပြောသည့်အတိုင်း မဖြစ်၍ SSA-S ကို ဦးအောင်မင်း အားနာ



ပြောသည့်အတိုင်း မဖြစ်၍ SSA-S ကို ဦးအောင်မင်း အားနာ

Hits: 6,675
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရအကြား သဘောတူညီမှု ရရှိထားသည့် အချက်များကို ဆက်လက် အကောင်အထည် မဖော်ဆောင်ပေးနိုင်သေးသောကြောင့် အားနာမိကြောင်း အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ မေလ ၁၉ ရက်နေ့က သဘောတူညီချက်များ လက်မှတ်ထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်စဉ် (ဓာတ်ပုံ – ဧရာဝတီ)
ပြီးခဲ့သည့်သီတင်းပတ်က နေပြည်တော်တွင် SSA တောင်ပိုင်းမှ ကိုယ်စားလှယ်တချို့နှင့် နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိထားသည့် ကိစ္စရပ်များကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ သဘောတူညီချက် ထဲမှာပါတဲ့ အချက်အလက်တွေအားလုံး ယနေ့အထိ ဘာမှ အကောင်အထည် ဖော်ဆောင်နိုင်တာ မရှိဘူး။ အဲဒီ ကိစ္စတွေကိုလည်း ဦးအောင်မင်းက ချက်ချင်းကြီး လိုအပ်သလို စိတ်တိုင်းကျ အကောင်အထည် မဖော်ဆောင်ပေးနိုင်သေးတာကို သူအနေနဲ့ အားနားတဲ့အကြောင်း ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး အောင်သိန်း ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးသည် ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးတို့အပြင် တခြား သက်ဆိုင်ရာ ၀န်ကြီးတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းမှ တင်ပြချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မပျက်ပြားစေရန် အတူ ပူးပေါင်း ဆောင်ရွက်သွားရမည်ဟု ဦးအောင်မင်းက ပြောကြားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရနှင့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် နှစ်ဖက် တပ်ဖွဲ့ဝင်များ ငြိမ်းချမ်းရေးလမ်းစဉ်ကို နားမလည်ခြင်းကြောင့် ဖြစ်ကြောင်း ဦးအောင်မင်းက ရှင်းပြခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ယင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။
ယင်း ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၁၂ ချက် ရရှိထားပြီး အစိုးရဘက်မှ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
အလားတူပင် မကြာသေးမီကလည်း ဦးအောင်မင်းက ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ ဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြခဲ့သည်။
မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို သိလိုကြောင်း မေးခွန်းနှင့် စပ်ဆက်၍ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
  1. ဦးအောင်းမင်း လျှောက်ပြောနေတယ်။ အစိုးရသစ်တက်လာပြီးတော့ ပြောင်းလဲပြီဆို၊ အရင်နဲ့မတူတော့ဘူးဆို၊ လွယ်လွယ်လေးလျှောက်ပြောမနေတယ်။ ဦးအောင်မင်းနောက်မှာ ဘုရင်ရှိတယ်၊ သတိထား။ စစ်အစိုးရခေတ်အဆက်ဆက်ကလည်း အဲလို လွယ်လွယ်လေးပဲပြောခဲ့ကြာတာပါ။ ပြောသည့်အတိုင်း မဖြစ်တော့လည်း SSA-S ကို ဦးအောင်မင်း အားနာပါ။ ကိုယ့်အမှားကို ဝန်ခံလိုက်စမ်းပါ။ ဝန်ကြီးလုပ်ပြီတော့ ရှက်မနေစမ်းပါနဲ့။
  2. အဖွဲ့တခု ကိုဖွဲ့ တယောက်ကို ခေါင်းဆောင်တင် ပြီးတော့ အဲဒီခေါင်းဆောင် ကို လုပ်ပိုင်ခွင့် တွေ ရာနှုံးပြည့် ပေးမထား…အားအားရှိ နောက်ကို ပြန်ပြန် မေးနေရမှ တော့ ဘယ်လိုလုပ်ပြီး အလုပ်တွေပြီး မှာတုံး…သွားလိုက် လာလိုက် စကားပြောလိုက် နဲ့ဘဲ ကမ္ဘာကြီး လည်နေတာ အပတ် ၁ သိန်း ပြည့်တော့မယ်…..
  3. မင်းအောင်လှိုင်တပ်ကိုဦးသိန်းစိန်တစ်ကယ်ပိုင်သလား? မင်းအောင်လှိုင်ကရောတစ်ကယ်ဘဲ
    ဦးသိန်းစိန်နဲ့အတူတူဒီမိုကရေစီလမ်းကြောင်းကိုသွားချင်စိတ်ရှိလို့လား? ဒီမေးခွန်းတွေ
    ကိုဘဲမေးချင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့စစ်တပ်ရဲ့လုပ်ရပ်ကဒီလိုမေးချင်စရာဖြစ်နေ
    လို့ပါဘဲ။မင်းအောင်လှိုင်ကသန်းရွှေနောက်လိုက်ဆိုတာကတော့ပြောစရာမလိုအသေချာပါဘဲ။
    ဘာဖြစ်လို့လဲဆိုတော့ဗြောင်လိမ်တဲ့ပုံကအတူတူမို့လို့ပါသိသိကြီးနဲ့ပြည်သူတွေနဲ့ နိုင်ငံခြားသ
    တင်းထောက်တွေကိုလိမ်နေတာပါ။ရပ်တန်းကရပ်ကြပါတော့လို့ပြောချင်ပါတယ်ပြည်သူတွေ
    လည်းစိတ်ဆင်းရဲရလွန်းလို့မခံနိုင်တော့ရင်အလုံးစုံပျက်သုန်းရေးကိုဦးတည်သွားတော့မှာပါ။
    အဲ့ဒီအခါကြရင်ဒေါ်အောင်ဆန်းစုကြည်နဲံ၈၈ မျိုးဆက်တွေလည်းထိန်းမပေးနိုင်တော့ပါဘူး။
    လက်နက်ရှိတိုင်းနိုင်မယ်တော့မထင်ကြပါနဲ့ပြည်သူတွေလည်းလက်နက်ရှိအောင်ကြိုးစားလာ
    ကြပါလိမ့်မယ်။ပြီးတော့ရှင်တို့ပေါ်ကိုတစ်ကယ်သစ္စာစောင့်သိတဲ့လူဘယ်နှစ်ယောက်များရှိ
    မယ်ထင်လဲ။
  4. စိန်အောင်မင်း
    ကဲအောင်မင်းရေ.
    စိန်အောင်မင်းလိုပဲငိုချင်းပါချလိုက်တော့
    လူလိမ်တွေကြားထဲဝင်မပါတာကောင်းတယ်
    ကိုယ့်သမိုင်းကိုယ်သတ်သလိုဖြစ်နေပီ.မြန်မြန်သာနုတ်ထွက်စာတင်ပါတော့
    ငသန်းရွှေနောက်ကကြိုးကိုင်နေတဲ့ဒီပွဲစဉ်ထဲဝင်မပါ ပါနဲ့တော့.
  5. ဦးအောင်မင်း ဒီကနေရှေ့လျှောက် SSA လိုပဲတောင်းပန်ရအုံးမဲ့ အဖွဲ့တွေ အများကြီးရှိသေးတယ်နော်။ကာလုံကိုနိုင်အောင်မဖိနိုင်သမျှကာလပါတ်လုံး အပြစ်ရပ်တောင်ကြာရှည်တည်မှာမဟုပ်ပါဖူး၊ငြိမ်းချမ်းရေးဆိုတာဝေလာဝေးပါ၊နိုင်ငံရေးစာပွဲ ၀ိုင်းပေါ်ရောက်ဖို့ပိုတောင်ဝေးသေး။
    စောင်းဆရာကြီးစောင်းပညာလာသင်တဲ့တပည့်တွေကိုပြောသလို”စောင်းကျင့့် စောင်းကြံအဟောင်းတွေ အယင်ဖျောက်ပြစ်ပြီးမှ မင်းကိုစောင်းပညာစသင်ပေးမယ်”ဆိုသလို ရှေးအယင်ထဲကဖြစ်နေတဲ့ အာဏာရှင်တဦးတယောက်အောက်မှာရှိနေတဲ့ ကာချုပ်တွေကိုမကိုင်နိုင်သမျှ သူတို့လမ်းကြောင်းကိုမစွန့်လွှတ်သရွေ့၊ငြိမ်းချမ်းရေးလမ်းစမမြင်ပါကြောင်း၊အပြစ်ရပ်ကနေ BGFသို့ BGF ကနေသူ့လက်နှက်နဲ့သူ့လက်နဲ့ ငါ့တပ်ဖြစ်ရေး၊ကာလအတန်ကြာတဲ့အခါ အစွယ်ရှိတဲ့ BGF ကို လားပင်စင်ပေးသလို။ပစ်ပြီးတောင်စောင်းကနေကန်ချ အစီအစဉ်ကြီးကို၊ဆက်လက်အကောင်အထည်ဖေါ်နိုင်ဖို့ နဲ့ လောလောဆယ်အခြေအနေထိမ်းနိုင်ဖို့နိုင်ငံတကာအမြင်ကောင်းဖို့တွေလုပ်ပြယင်း အချိန်ဆွဲ၊တဖက်ကလဲ သမတနဲ့လွှတ်တော်ဥက္ကဌက နိုင်ငံရေးအခြေအနေတွေရအောင်ထိန်းယင်း၊နိုင်ငံတကာ ထောက်ပံ့မှုတွေရအောင်ယူ၊ပြည်တွင်းအတိုက်အခံတွေနဲ့ ဒေါ်စုကို လျှောက်သာ အောင် လမ်းကျဉ်းလေးဖန်တီး ကျလဲကျလောက်ပါပေတယ်ရှင်၊ပညာရှိတိုင်းပြေးကြည့်စရာမလိုပဲ မျက်လုံးလေးတချက်လှစ်ပြီးလှမ်းကြည့်ယုံဖြင့်အားလုံးနားလည်ကြပါတယ်။ အဖြေကမတွက်ခင်ကသိပြီးသားကြီးပဲလေ။(သမိုင်းအသစ်ပြန်ရေးကြပါအုံး)
  6. ကိုအောင်ထက်
    လူမှန်ရင် ပြောတည့်အတိုင်းလုပ်ပါ ထွီ မင်းအောင်လိုင်တရားခံဘဲ
  7. The Burmese rulers might think the ethnic armed groups doesn’t know what are they doing. And they might still believe that they are smarter than anyone. The answer is in near soon. Deceivers, liars are alway miss the important final station.
  8. ဆလိုင်း
    ဒေါ် အောင်ဆန်းစုကြည်ကိုသာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဌပေးလိုက်ပါ။ ဒါမှမဟုတ် ဒေါ် အောင်းဆန်းစုကြည်ကို သမတသာ ပေးလိုက်ပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြောနေစရာတောင်မလိုဘူး။ ချက်ချင်း ငြိမ်းချမ်းရေးရမှာပါ။
  9. ဧရာဝတီကြီးရယ်….သတင်းတွေ လျောက်လျောက်မရေးပါနဲ့ အချက်အလက် အခိုင်အမာရှိမှာတင် ပါ …သတင်းဌာန တစ်ခုလုံးရဲ့  မရှိမဲ့ရှိမဲ့ သိက္ခာလေးတွေကျနေအုံးမယ်…စစ်တပ်တစ် ခုခု ရဲ့ ဥပဒေ ဟာ သတင်းအမှားထုတ်ဖော် မိရင်ပြစ် ဒဏ်တအားကြီးပါတယ်…….

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။