ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Friday, August 24, 2012
လွိုင်ကော်က ကရင်နီစာပေသင်တန်း သင်တန်းသား ၇ ဦးသာတက်ရောက်နိုင်
လွိုင်ကော်က ကရင်နီစာပေသင်တန်း သင်တန်းသား ၇ ဦးသာတက်ရောက်နိုင်:
အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးယူပြီး နောက်ပိုင်း ယခု ကရင်နီပြည်တွင်းမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာကြီး ခူထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာပေသင်တန်းကို လိုက်လံ ပို့ချပေးနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ရှားတော့မြို့မှာ စတင်ပို့ချခဲ့တဲ့ သင်တန်းကို လူဦးရေ ၆၀ ကျော် တက်ရောက်ခဲ့ကြပေမဲ့ ယခု သြဂုတ်လ ၉ ရက်နေ့ လွိုင်ကော်မြို့ မင်းစုရပ်မှာ ဖွင့်လှစ်တဲ့ ကရင်နီစာပေ သင်တန်းကိုတော့ လူဦးရေ ၇ ဦးသာ တက်ရောက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
"ဒီက စိတ်ပါဝင်စားတဲ့ လူတော်တော်များများ ရှိပါသေးတယ်၊ သို့သော်လည်းပဲ အဲ့ဒီထဲမှာမှ ကြောက်စိတ်တွေ ရှိသေးတယ်ပေါ့၊ တကယ့် ငါတို့ အတွက် လုံခြုံပါ့မလား ဆိုတဲ့ စိတ်တွေ ရှိနေကြသေးတယ်"
လွိုင်ကော်မြို့၊ မင်းစုရပ်မှာ ကရင်နီစာ သင်ကြားပို့ချပေးနေတဲ့ ကရင်နီစာပေအဖွဲ့မှ အတွင်းရေးမှူး - ၁ ခူထွားရယ် က ပြောပြသွားတာပါ။
ဆရာကြီးထဲဘူးဖဲရဲ့ ကရင်နီစာပေကို ထိုင်း - မြန်မာနယ်စပ်နဲ့ ကရင်နီဒုက္ခသည် စခန်းတွေမှာသာ ဒီစာပေကို သင်ကြားနိုင်ကြပါတယ်။
ဆရာကြီး ခူထဲဘူးဖဲ ရဲ့ ကရင်နီစာပေကို သူပုန်စာ လို့ သတ်မှတ်ခဲ့ ကြတဲ့ အတွက်ကြောင့် ယခင်က ပြည်တွင်းမှာ ဒီစာကို သင်ကြားပို့ချခွင့် မရှိခဲ့ ကြပါဘူး။
အဲ့ဒီအတွက်ကြောင့် တချို့သော ပြည်သူလူထုတွေဟာ မိမိလူမျိုးရဲ့စာပေ အမှန်ကို သင်ယူလေ့လာချင်ပေမယ့် အခွင့်အရေးမရခဲ့ ကြပါဘူး။
ယခုပို့ချနေတဲ့ ကရင်နီစာကို နေရာ၊ ရပ်ကွက်တိုင်းမှာ လူထုတွေအနေနဲ့ လေ့လာချင်ကြပါတယ်။ ဒါပေမယ့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့အကြား ကြိုးပမ်းနေကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် ယုံကြည်မှုမရှိကြသေးတဲ့အတွက် ဒီကရင်နီစာပေ သင်တန်းကိုတက်ဖို့ မ၀ံ့မရဲ ဖြစ်နေကြတယ်လို့ ကိုယ်တိုင်သင်တန်းပို့ချပေးနေတဲ့ ခူထွားရယ်ကပြောပါတယ်။
"လူထုတွေက စိတ်ပါဝင်စားတဲ့ လူတွေ အမြောက်အများ ရှိပါတယ်၊ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဖြစ်လို့ ရှိရင် ကျနော်တို့ ဘယ်လိုနေမလဲ၊ လုံခြုံရေး အရ သူတို့တွေ အဓိက စိုးရိမ်ကြတာပေါ့"
ယခု လွိုင်ကော်မြို့မှာ ပို့ချပေးနေတဲ့ စာပေသင်တန်းကို တစ်လ အကြာပို့ချပေးမယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး နောက်ပိုင်းမှာလည်း ထျေးသမ၊ ကွန်းနား၊ ဒီးမော့ဆို စတဲ့ မြို့နဲ့ ကျေးရွာတွေမှာလည်း သင်တန်းတွေဆက်လက် ပို့ချသွားဖို့ရှိတယ်လို့ဆိုပါတယ်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment