Friday, August 17, 2012

တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်းနှင့်ပတ်သက်၍...


တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်းနှင့်ပတ်သက်၍...

ဦးကျော်အေး
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင် ရေးအတွက် ထုတ်ပြန်ကြေညာထားတဲ့ 'တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်း' နဲ့ပတ်သက် လို့ ပြောချင်တာလေးတွေ မပြောမီ ဒီအကြောင်းအရာနဲ့ပတ်သက် တဲ့ နောက်ခံသမိုင်းကြောင်းကို ပြောလို ပါတယ်။
ဒီဥပဒေကြမ်းက ၁၉၂၆ ခုနှစ် မှာ ပြဋ္ဌာန်းခဲ့တဲ့ အာဏာတည်ဆဲ The Contempt of Courts Act ကို ရုပ်သိမ်း ပြီး အစားထိုးပြဋ္ဌာန်း မယ့် ဥပဒေကြမ်း ဖြစ်ပါတယ်။
တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ ပတ်သက်လို့ ဒီဥပဒေထက်စောတဲ့ ဥပဒေပြဋ္ဌာန်းချက်နှစ်ရပ် ရှိပါသေး တယ်။ ၁၈၆၀ မှာ ပြဋ္ဌာန်းခဲ့တဲ့ The Penal Code(ရာဇသတ်ကြီး) ပုဒ်မ ၂၂၈ နှင့် ၁၈၉၈ မှာ ပြဋ္ဌာန်းခဲ့တဲ့ The Criminal Procedure Code(ရာဇ၀တ် ကျင့်ထုံး ဥပဒေ) ပုဒ်မ ၄၈၀ တို့ ဖြစ်ပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၂၂၈ ရဲ့ ခေါင်းစီး (အမည်) မှာတော့ 'တရားရုံး မထီမဲ့မြင် ပြုမှု'လို့ ဖော်ပြမထားဘူး။
'ပြည်သူ့ ၀န်ထမ်းများ၏ ဥပဒေအရ အာဏာကို မထီလေးစားပြုခြင်း' ဆိုတဲ့ အခန်း ၁၀ မှာလည်း ထည့်သွင်းထားခြင်းမရှိဘဲ 'မမှန်သက်သေခံမှုနှင့် ဖြောင့်မှန်စွာ တရားစီရင်ရေးကိုဆန့်ကျင်သော ပြစ်မှု များ' ဆိုတဲ့ အခန်း ၁၁ မှာပဲ ထည့်သွင်း ထားပါတယ်။
ဒါပေမယ့် အဲဒီပုဒ်မပါ ပြဋ္ဌာန်းချက်အရ တရားစီရင်မှု ဆောင် ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းကို 'တမင် စော်ကားလျှင်'၊ သို့မဟုတ် '၀င်ရောက် နှောင့်ယှက်လျှင်' ရိုးရိုး(အလုပ်မဲ့) ထောင် ဒဏ်ဖြစ်စေ၊ ကျပ် ၁,၀၀၀ ထိ ငွေဒဏ် ဖြစ်စေ ပြစ်ဒဏ်ပေးခြင်းခံရမှာဖြစ်ပါ တယ်။
ဒါကြောင့် ဒီပုဒ်မဟာလည်းတရား ရုံးမထီမဲ့မြင်ပြုမှုတစ်မျိုးလို့ ဆိုရပါမယ်။
နောက်တစ်မျိုးက ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၈၀ မှာပါတဲ့ ပြဋ္ဌာန်းချက် ပါ။
ဒီပုဒ်မမှာတော့ အထက်မှာဖော်ပြခဲ့ တဲ့ ရာဇသတ်ပုဒ်မ ၂၂၈ နှင့် ပြည်သူ့ ၀န်ထမ်းတစ်ဦးရဲ့ အာဏာကိုဖီဆန်တဲ့ အခြားပြစ်မှု လေးမျိုး ကို တစ်စုံတစ်ဦးက တရားမတရားရုံး၊ ရာဇ၀တ်တရားရုံး၊ သို့ မဟုတ် အခွန်တရားရုံး တစ်ရုံးရုံးရှေ့ မှောက်မှာ ကျူးလွန်လျှင် ဘယ်လို အရေး ယူရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းကိုပါ ထည့်သွင်းဖော်ပြထားတဲ့ ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။
ဖော်ပြပါ ပြစ်မှုတစ်မျိုးမျိုး ကို ဖော်ပြပါတရားရုံးတစ်ရုံးရုံးရှေ့ မှောက်မှာ ပြစ်မှုကျူးလွန်တဲ့သူကို တရား သူကြီးက ချုပ်နှောင်ထားခွင့် ရှိတယ်။
၎င်းတရားသူကြီး တရားခွင်ကမထမီ (မဆင်းမီ)မှာ ထိုသူကို အရေးယူသင့် တယ်လို့ ထင်မြင်ယူဆလျှင် ကျပ် ၂၀၀ ထက်မပိုတဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်။
ငွေဒဏ်မဆောင်လျှင် တစ်လထက်မပို တဲ့ ရိုးရိုး(အလုပ်မဲ့) ထောင်ဒဏ်ကိုချမှတ် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
တရားခံဟာ ပြစ်မှုကို ဘယ်လိုကျူးလွန် တယ်၊ တရားခံက ဘယ်လိုပြောတယ်ဆို တာကိုလည်း အမှုတွဲမှာ မှတ်တမ်းတင် ထားရမှာ ဖြစ်ပါတယ်။
တစ်ခုသတိပြုရ မှာကတော့ အဲဒီတရားသူကြီးက တရား ခွင်က ဆင်းသွား (ထသွား)ပြီးပြီဆိုရင် တော့ အဲဒီနောက်ပိုင်းမှာ စောစောက တရားခံအမှုကို 'ငါကိုယ်တိုင် စစ်ဆေး မယ်'ဆိုပြီး အမှုဖွင့် အရေးယူလို့မရတော့ ဘူး။
ပြစ်မှုကျူးလွန်သူကို ဒဏ်ငွေ ကျပ် ၂၀၀ ထက်ပိုပြီး ချမှတ်သင့်တယ်။
ဒါမှ မဟုတ် ထောင်ဒဏ်ချမှတ်သင့်တယ်လို့ ထင်မြင်ယူဆလျှင် အဲဒီတရားခံကို အာမခံဖြင့်ဖြစ်စေ၊ အာမခံမပေးနိုင်လျှင် အချုပ်ဖြင့် ဖြစ်စေ စီရင်ပိုင်ခွင့်ရှိတဲ့ အခြား တရားသူကြီးထံ အမှုတွဲကို လွှဲအပ်ပေးပို့ ရမှာ ဖြစ်ပါတယ်။
အမှုဖွင့်တဲ့ တရား သူကြီးက တရားလိုပြုလုပ်ပြီး တရားခံကို တရားစွဲဆိုတဲ့သဘော ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ပြစ်မှုတွေက တရားရုံးရှေ့မှောက်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေလို့ ဆိုနိုင်ပါတယ်။
တရားရုံးကို မထီမဲ့မြင်ပြုမှုအတွက် ပြဋ္ဌာန်းထားတဲ့ နောက်ဥပဒေတစ်ခုကတော့ The Contempt of Courts Act ဖြစ်ပါ တယ်။
တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေ ကြမ်းရဲ့ ပုဒ်မ ၁၅ (အပိုဒ် ၁၅ )မှာ "The Contempt of Courts Act 1926 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက် သည်" လို့ဆိုတဲ့ ဥပဒေပဲဖြစ်ပါတယ်။
ဒီ ဥပဒေကတော့ တရားရုံးပြင်ပမှာဖြစ်တဲ့ ပြစ်မှုနှင့်သက်ဆိုင်တဲ့ဥပဒေ ဖြစ်ပါ တယ်။
ကြုံကြိုက်တုန်း တစ်ဆက်တည်း ပြောရမည်ဆိုလျှင် အဲဒီဥပဒေရဲ့ ခေါင်းစီး(အမည်)မှာ '1926' လို့ မပါပါ ဘူး။
ဥပဒေအမည်ကို ရည်ညွှန်းရာမှာ မူလပြဋ္ဌာန်းတဲ့အမည်အတိုင်း အတိ အကျဖော်ပြသင့်တယ်။
ဒါကြောင့် " The Contempt of Courts Act(India ActNo. 12 of 1926) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်" လို့ ဖော်ပြရမှာဖြစ် ပါတယ်၊ ထားလိုက်ပါတော့။
The Contempt of Courts Act မှာ "တရားရုံးမထီမဲ့မြင်ပြုမှု (Contempt of Court)" ဆိုတဲ့စကားရပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် (definition) မပါဘူး။
"တရား လွှတ်တော်အား မထီမဲ့မြင်ပြုမှုများကို တရားလွှတ်တော်ကိုယ်တိုင်က စစ်ဆေး စီရင်ပိုင်ခွင့်နှင့် အခွင့်အာဏာများရှိသည့်နည်း တူ ၎င်း၏လက်အောက်ခံ တရားရုံးများအား မထီမဲ့မြင်ပြုမှုများကို လည်း တူညီသောလုပ်ထုံးလုပ်နည်းများ အတိုင်း ထိုတရားရုံးများ နှင့် အလားတူ စီရင်ပိုင်ခွင့်ရှိစေရမည်" လို့သာ ပုဒ်မ ၂ မှာ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် ရာဇသတ်ကြီးဥပဒေအရ ပြစ်ဒဏ်ချမှတ် နိုင်တဲ့ တရားရုံးမထီမဲ့မြင်ပြုမှုတစ်ရပ်ရပ် ဖြစ်မယ်ဆိုလျှင်တော့ တရားလွှတ်တော် က အရေးယူမှာမဟုတ်ဘူးလို့လည်း ဆက်လက်ပြဋ္ဌာန်းထားတယ်။
ဆိုလိုတာ က ရာဇသတ်ကြီးဥပဒေ၊ အခန်း ၁၀ နှင့် ၁၁ တို့ပါ မထီမဲ့မြင်ပြုမှုများကိုတော့ တရားလွှတ်တော်က အရေးယူမှာ မဟုတ်ပါ ဘူး။
ဒါ့ပြင် တရားရုံးကို မထီ မဲ့မြင်ပြုမှုဖြင့် တရားလွှတ်တော်က အရေးယူတဲ့အမှုများမှာ ခြောက်လအထိ ရိုးရိုး(အလုပ်မဲ့) ထောင်ဒဏ်၊ သို့မဟုတ် ကျပ် ၂,၀၀၀ အထိ ငွေဒဏ်၊ သို့မဟုတ် ၎င်းပြစ်ဒဏ် နှစ်ရပ်စလုံးကို ချမှတ်နိုင် တယ်လို့ ပုဒ်မ ၃ မှာ ပြဋ္ဌာန်းထားပြီး တရားရုံးက ကျေနပ်လောက်အောင် တရားခံက တောင်းပန်မယ်ဆိုလျှင်တော့ တရားခံကိုလွှတ်ပေးနိုင်တယ်၊သို့မဟုတ် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးနိုင်တယ်လို့ ခြွင်းချက်ပြုထားတဲ့အပြင် "အခြားဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ တရားရုံးကို မထီမဲ့မြင် ပြုမှုအတွက် ဤပုဒ်မတွင် သတ်မှတ်ထားသည့် ပြစ်ဒဏ်ထက်ပိုပြီး တရားလွှတ်တော်က မချမှတ်ရ"လို့ ပြဋ္ဌာန်းထားပါတယ်။
အထက်မှာ တည်ဆဲဥပဒေပြဋ္ဌာန်း ချက်တွေကို ဖော်ပြရတာက တရားရုံး မထီမဲ့မြင်ပြုမှုနှင့်ပတ်သက်လို့ လက်ရှိ အခြေအနေနှင့် တည်ဆဲဥပဒေရဲ့ ပျော့ ကွက်၊ ဟာကွက်တွေကိုသိရှိပြီး အသစ် ပြဋ္ဌာန်းမည့် ဥပဒေကို အားနည်းချက်၊ ချို့ယွင်းချက် နည်းနိုင်သမျှနည်းအောင် ရေးဆွဲပြဋ္ဌာန်းနိုင်စေရေးအတွက် ဖြစ် ပါတယ်။
ဒါကြောင့် အခုဖြန့်ဝေထားတဲ့ 'တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေကြမ်း နှင့်ပတ်သက်လို့' ထောက်ပြလိုတဲ့ အချက် အချို့ကို ဖော်ပြ လိုက်ပါတယ်။
ဥပဒေကြမ်းမှာ 'တရားရုံး' ဆိုတဲ့ စကား ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုချက်မပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၃ နှင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၅၂ တို့မှာ တရားရုံးအမျိုးအစားများ နှင့် အဆင့်အတန်းများကို ဖော်ပြထား တယ်။
အဲဒီအထဲမှာ 'စစ်ဘက်ဆိုင်ရာ တရားရုံးများ'၊ 'နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး'နှင့် 'ဥပဒေ အရ တည်ထောင်သော အခြားတရားရုံး များ' ဆိုတာတွေလည်း ပါရှိတယ်။
လက်ရှိ ဥပဒေများအရ အခွန်တရားရုံး (Revenue Court) ဆိုတာ ရှိတယ်။ အခွန်အယူခံရုံးဆိုတာလည်း ရှိသေး တယ်။
ဒီတော့ ယခုပြဋ္ဌာန်းမယ့်ဥပဒေ ဟာ အဲဒီတရားရုံးအမျိုးအစားအားလုံး နှင့် သက်ဆိုင်ခြင်းရှိမရှိ စဉ်းစားဖို့လိုမှာ ဖြစ်ပါတယ်။
ဥပဒေကြမ်းပုဒ်မ ၃ နှင့် ပုဒ်မ ၅ တို့မှာပါရှိတဲ့ 'မိမိလက်အောက်ခံ တရားရုံး' ဆိုတဲ့ စကားရပ်အရဆိုလျှင် တော့ ယခုပြောခဲ့တဲ့ တရားရုံးတွေမပါဘူး လို့ အဓိပ္ပာယ်ဆောင်နေပြန်တယ်။
ဥပဒေရေးဆွဲသူတွေက အဲဒီလိုပဲ ရည် ရွယ်ပါသလား။ စဉ်းစားဖို့ဖြစ်ပါတယ်။
လက်ရှိဥပဒေတွေမှာ 'တရားရုံး မထီ မဲ့မြင်ပြုမှု' ဆိုတဲ့စကားရပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် တိတိကျကျမပါရှိလို့ စီရင်ထုံး များမှာ အဓိပ္ပာယ် ဖွင့်ဆိုထားချက်တွေကို တွေ့ရတယ်။
ယခုဥပဒေကြမ်းမှာ အဲဒီ စကားရပ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ပြထားခြင်းဟာ လက်ရှိဥပဒေများရဲ့ ဟာကွက်တစ်ခုကို ဖြည့်စွက်ပေးတာဖြစ် လို့ သင့်မြတ်ပါတယ်။
ဒါပေမယ့် 'တရား မဆိုင်ရာမထီမဲ့မြင်ပြုမှု' နှင့် 'ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု' ဆိုပြီး ခွဲခြားဖိုတော့ မသင့် ဘူး၊ မလိုအပ်ဘူးလို့ထင်တယ်။
တရားရုံး ရဲ့ အမိန့်၊ ဆင့်ဆိုချက်တွေကို မလိုက်နာ လျှင် အရေးယူဆောင်ရွက်နိုင်တဲ့ နည်း လမ်းတွေကို တရားမကျင့်ထုံးဥပဒေနှင့် သက်ဆိုင်ရာဥပဒေတွမှာ ဒဏ်ခတ်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိပြီးဖြစ်လို့ လုံလောက် ပြီလို့ ထင်ပါတယ်။
ဥပဒေကြမ်းပုဒ်မ ၆ မှာ 'တရားမ ဆိုင်ရာ မထီမဲ့မြင်ပြုမှုကို တရားမ အထွေထွေမှု ဖွင့်လှစ်ဆောင်ရွက်ပြီး၊ ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကို ပြစ်မှု ဆိုင်ရာ အထွေထွေမှုအဖြစ် ဖွင့်လှစ် ဆောင်ရွက်ရမယ်' ဆိုတာနှင့်ပတ်သက် လို့လည်း အထက်မှာသုံးသပ်ဖော်ပြပြီး ဖြစ်သလို မလိုအပ်ဘူးလို့ထင်ပါတယ်။
ယခင်စီရင်ထုံးတွေကို စိစစ်ကြည့်မည် ဆိုလျှင်တော့ တရားရုံးမထီမဲ့မြင်ပြုမှု တွေမှာ ပြစ်မှုဆိုင်ရာအထွေထွေမှုနှင့် တရားမ အထွေ ထွေမှုအဖြစ် ဖွင့်လှစ် ဆောင်ရွက်တယ်လို့ သိရတယ် (စာရေး သူမှာ စီရင်ထုံးစာအုပ်တွေအစုံအလင် မရှိလို့ အတိအကျမပြောနိုင်တာပါ)။
အမှန်မှာတော့ ရာဇ၀တ်မှုမှာဖြစ်ဖြစ် တရားမမှုမှာဖြစ်ဖြစ် တရားရုံးကို မထီ မဲ့မြင်ပြုတဲ့အတွက် ပြစ်ဒဏ်ပေးတယ် ဆိုမှတော့ ပြစ်မှု အဖြစ်ပဲ သတ်မှတ်လိုက် လျှင် မဖြစ်နိုင်ဘူးလား၊ ဥပဒေပြဋ္ဌာန်းပေး လျှင် ဖြစ်နိုင်တာပဲလေ။
တရားရုံးကို မထီ မဲ့မြင်ပြုမှုတွေကို ရာဇသတ်ကြီးနှင့် ကျင့်ထုံးဥပဒေတွေမှာ ထည့်သွင်းထားတာ ကိုလည်း ထောက်ထားနိုင်ပါတယ်။
ဥပဒေကြမ်းအခန်း ၃ မှာ ပါရှိတဲ့ 'ကင်းလွတ်ချက်များ' ဆိုတဲ့ ပြဋ္ဌာန်းချက် တွေကတော့ ပုဒ်မ ၂ မှာပါတဲ့ တရားရုံး မထီမဲ့မြင်ပြုမှုများ အဖြစ် သတ်မှတ်ထား တဲ့ 'ပြုလုပ်မှု' (ခေအ) တွေကို ပြန်လည် ပျက်ပြယ်စေတဲ့ တစ်နည်းအားဖြင့် ပြစ်မှု ကျူးလွန်သူတွေကို ပြန်လည်လွတ် မြောက်စေတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်မဖြစ် ဆိုတာကို အသေအချာစဉ်းစားဖို့ လိုပါ လိမ့်မယ်။
အဓိပ္ပာယ်ကောက်ယူမှုတွေ ကျယ်ပြန့်ရှုပ်ထွေးပြီး စီရင်ထုံးတွေ အများကြီး (အတောမသတ်) ထွက်ပေါ် လာဖို့ အခြေအနေရှိမယ်လို့ ယူဆပါ တယ်။
ဒီကင်းလွတ်ချက်ဆိုတာတွေက အထူးသဖြင့် သတင်းသမားတွေကို ရည် ရွယ်ပုံရပါတယ်။
(သတင်းသမားတွေ ကို အလွန်အမင်း လွတ်လပ်ခွင့်ပေးပြန် လျှင်လည်း ပြည်သူတွေရဲ့ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေး တွေ ဆုံးရှုံးကုန်ပြန်ရော။
ဗြိတိသျှဘုရင်မကြီး က 'I wish you could go away' (မင်းတို့တစ်တွေ ထွက်သွားကြစေချင် တယ်ကွယ်) လို့ paparazzi သတင်း သမားတွေကို ပြောဖူးတာ သတိရမိ သေး။)
မူသဘောအနေနှင့်ပြောလိုတာ ကတော့ တရားရုံးကစစ်ဆေးဆဲ၊ စစ်ဆေးဆုံးဖြတ်ပြီး မှုခင်းတစ်ရပ်နှင့် ပတ်သက်လို့ အမှုဖြစ်စဉ် အချက်အလက် တွေကို အမှုတွဲမှာပါရှိတဲ့အတိုင်း (ဖြည့် စွက်ခြင်းမပြုဘဲ) သတင်းအဖြစ်ရေးသား ဖော်ပြခွင့် ရှိသင့်တယ်။ ပြစ်မှုအဖြစ် မသတ်မှတ်သင့်ဘူး။
ဒီထက်ကျော်လွန် ပြီးတော့ မိမိထင်မြင်ချက်အရ အမှား အမှန်ဝေဖန်ခြင်း၊ တရားရုံးရဲ့ဆောင် ရွက်ချက်၊ ဆုံးဖြတ်ချက် မှားသည်၊ မှန် သည်ဟူ၍ ဝေဖန်ခြင်း၊ တရားသူကြီးရဲ့ ဂုဏ်သိက္ခာ၊ တရားရုံးရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင် ရေးသားဖော်ပြခြင်းတို့ကို တော့ ပြစ်ဒဏ်ထိုက်သင့်စေသင့်တယ်လို့ မြင်ပါတယ်။
အဲဒီမူဘောင်အတွင်းဝင် အောင် ဥပဒေပြဋ္ဌာန်းချက်တွေကို ရေးသားဖို့လိုမှာဖြစ်ပါတယ်။ ဥပဒေကြမ်းပုဒ်မ ၄ နှင့် ၅ တို့မှာ တရား ရုံး မထီမဲ့မြင်ပြုမှုကို အရေးယူနည်း (၀ါ) တိုင်ကြားနည်းတွေကို ဖော်ပြထားတယ်။
ပုဒ်မ ၄ အရ ၊ တရားလွှတ်တော်ချုပ်ကို မထီမဲ့မြင်ပြုမှုကို တရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူတစ်ဦးက တိုင်ကြားလျှောက် ထားရမယ် လို့ ဆိုတယ်။
သူ့သဘောနှင့် သူတော့ ဘယ်လျှောက်ထားမလဲဗျာ၊ အထက်ကခိုင်းလို့သာ တာဝန်အရ လုပ်ရ မယ့်သဘောပါ။ ယခင်က စီရင်ထုံးတွေ ကို လေ့လာကြည့်မယ်ဆိုလျှင်တော့ တိုင်ကြားသူတွေဟာ ပုဂ္ဂလိကပြည်သူ တွေ (ဆန့်ကျင်ဘက်အမှုသည်တွေ) များ ပါတယ်။
တချို့ကိစ္စတွေမှာ အစိုးရရှေ့နေ ချုပ်က /အစိုးရ၀န်ထမ်းက /သက်ဆိုင် ရာ တရားသူကြီးကိုယ်တိုင်က တရားလို အဖြစ် တိုင်ကြားမှု တွေကိုလည်း တွေ့ရပါ တယ်။
တစ်ခုစဉ်းစားမိတာကတော့ တရားလွှတ်တော်ချုပ်၊ သို့မဟုတ် တရား လွှတ်တော်ရဲ့ ညွှန်ကြားချက်အရ တိုင် ကြားတယ်ဆိုမှတော့ဗျာ ဒီတရားခံရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားရမလဲလို့ စဉ်းစားကြည့်ဖို့ပါ။
ဒီဘက်ခေတ် စီရင် ထုံးတစ်ခုမှာ တရားရုံးချုပ်တရားသူကြီး တွေ (တရားရေးဝန်ထမ်းတွေ၊) လာဘ် စားတယ်ဆိုပြီး (အများပြည်သူ သိရှိ အောင် ရေးသားဖော်ပြတာမဟုတ်ဘဲ) တရားသူကြီးချုပ်ထံ တိုင်ကြားတဲ့ အမှုသည်တစ်ဦး ထောင်ကျသွားတာ ဖတ်လိုက်ရသဗျ။ ဒီကိစ္စမျိုးလေးတွေ ကိုလည်း မျှမျှတတဖြစ်အောင် စဉ်းစားဖို့ လိုမှာပါ။
ဒီလိုတိုင်ကြားမှုမျိုးကို ရာဇသတ်ကြီးပုဒ်မ ၁၈၂ အရ 'မမှန် သတင်းပေးမှု'၊ ဒါမှမဟုတ် အခြားပုဒ်မ တစ်ခုခုဖြင့် အရေးယူလို့မဖြစ်နိုင် ဘူး လားလို့လည်း တွေးကြည့်မိပါတယ်။
ဒီလိုစဉ်းစားရင်းနှင့် အင်္ဂလိပ်ခေတ်က စီရင်ထုံးတစ်ခု (The Advocate General, Burma v. Maung Chit Maung and One - 1940 RLR.188) ကို သတိရမိတယ်။ မောင်ချစ်မောင် ဆိုတာ ဂျာနယ်ကျော်ဦးချစ်မောင် ဖြစ်မှာ ပါ။ အဲဒီစီရင်ထုံးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတာဖြစ်လို့ မြန်မာဘာသာ ပြန်ဆိုပြီး ဖော်ပြလိုက်ပါတယ်။
"တရားစီရင်ရေးလုပ်ငန်း ဆောင် ရွက်နေသော တရားရုံးများ၊ တရားသူကြီး များကို မထီမဲ့မြင်ပြုပြီး ပြောဆိုရေးသား သည့်အတွက် 'တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေ' အရ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးသည့်ရည်ရွယ်ချက်မှာ ထပ်မံ ဝေဖန်တိုက်ခိုက်ခြင်း မခံရစေ ရေး အတွက် တရားရုံးကို ကာကွယ်ပေးရန် မဟုတ်သကဲ့သို့ တရားသူကြီးကိုလည်း ပုဂ္ဂလိကအနေဖြင့် အကာအကွယ်ပေးရန် မဟုတ်ပေ။
တရားရုံး၏အာဏာကို သေးသိမ်ယုတ်လျော့စေရန် နှောင့်ယှက် မှုပြုလုပ်ပါက မိမိတို့၏ အကျိုးစီးပွား ထိခိုက်ခြင်းခံရမည့် အများ ပြည်သူ၊ အထူးသဖြင့် မိမိဆန္ဒအလျောက်ဖြစ်စေ၊ မလွဲမရှောင်သာ၍ဖြစ်စေ တရားရုံး၏စီရင်ဆုံးဖြတ်မှုကို ခံယူကြရရှာသူများကို အကာအကွယ်ပေးရန်ဖြစ်ပေသည်။"
ဝေါဟာရအသုံးအနှုန်းနှင့် ၀ါကျ အရေးအသားတွေနဲ့ ပတ်သက်လို့ ပြောစရာရှိသေးပေမယ့် ဆောင်းပါး ရှည်သွားပြီဖြစ်လို့ ဒီလောက် နှင့်ပဲ ရပ်ပါတော့မယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။