Friday, August 17, 2012

တိုင်ကြားစာနှင့် အသနားခံစာများတွင် အစိုးရနှင့် ပြည်သူ ပတ်သက်မှုကိစ္စ အများဆုံးဖြစ်




တိုင်ကြားစာနှင့် အသနားခံစာများတွင် အစိုးရနှင့် ပြည်သူ ပတ်သက်မှုကိစ္စ အများဆုံးဖြစ်

ဝင်းကိုကိုလတ်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
အမျိုးသားလွှတ်တော်၌ ဖွဲ့စည်းထား သည့် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီကို စတင် ဖွဲ့စည်းသည့် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ မှ ယခုနှစ်၊ မေလအထိ တိုင်ကြားသည့် အမှုတွဲပေါင်း ၁,၆၉၃ တွဲ လက်ခံရရှိခဲ့ပြီး အများစုမှာအစိုးရနှင့် ပြည်သူပတ်သက် မှုများဖြစ်ပြီး တရားရုံးအမှုကိစ္စရပ်များ၊ လယ်ယာမြေကိစ္စရပ်များသည် ဒုတိယ နှင့် တတိယအများဆုံးဟု ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"တစ်လမှာ ပျမ်းမျှ ၁၈၈ စောင်ခန့် နဲ့ တစ်ရက်မှာ ခြောက်စောင်နှုန်း ဖြေ ရှင်းဆောင်ရွက်ပေးနေရပါတယ်" ဟု ကော်မတီဝင်တစ်ဦးက ယခုလ ၁၃ ရက် က အမျိုးသားလွှတ်တော်၌ တင်သွင်း ဖတ်ကြားခဲ့သည်။ လက်ခံရရှိသည့် စာများအနက် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ ၁,၀၃၉ စောင်ကို စိစစ်ဖြေရှင်းတင်ပြဆောင် ရွက်ခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အမှုတွဲ ၄၄၆ တွဲ၊ ပြည်ထောင် စု တရားလွှတ်တော်ချုပ်သို့ ၁၈ တွဲ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တစ်တွဲ၊ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ ရှစ်တွဲ၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် များထံ တစ်တွဲတို့ကို ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင် ရွက်နိုင်ရန် ပေးပို့ခဲ့သည်ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများမှ ၅၅ တွဲ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ ခြောက်တွဲ၊ ပြည် ထောင်စု ဥပဒေချုပ်ရုံးမှ တစ်တွဲ စုစု ပေါင်း ၆၂ တွဲ၏ ပြန်ကြားစာများကို ပြန်လည်လက်ခံရရှိခဲ့သည်ဟုဆိုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အမျိုးသားလွှတ်တော်က လွှဲပြောင်း ပေးခဲ့သည့်တိုင်ကြားစာ၊ အသနားခံစာ အမှုတွဲများအား အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ အချိန်နှင့် တစ်ပြေးညီပြန်ကြားပေး ရန် လိုအပ်ကြောင်း တွေ့ရှိသည်ဟု ဆိုသည်။
"ပြည်ထောင်စုအစိုးရအဖွဲ့က ကော် မတီရဲ့ နှိုးဆော်စာအရ အမှုတွဲ ၃၈ တွဲ ပြန်ကြားလာခဲ့ပါတယ်"ဟု ၎င်း တာဝန်ရှိသူက ပြောသည်။ "ဖြေရှင်းဆောင်ရွက်မှုအခြေအနေ တွေကို ပြန်ကြားရာမှာလည်း တိုင်စာ၊ အသနားခံစာ တစ်ခုချင်းအပေါ် အသေးစိတ် တိတိကျကျ ဖော်ပြရှင်းလင်း ပြန်ကြားသင့်ကြောင်း သုံးသပ်တွေ့ရှိ ရပါသည်"ဟု ဖော်ပြထားသည်။
တိုင်ကြားခံရမှုအများဆုံးဖြစ်သည့် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူဆောင် ရွက်နေသည့် တာဝန်ရှိသူအဆင့်ဆင့်တို့ ၏ အခန်းကဏ္ဍ သည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အကောင်အထည်ဖော်ရာတွင် လွန်စွာ အရေးကြီးကြောင်း စိစစ်တွေ့ရှိရ သည် ဟု ဆိုသည်။
ဒုတိယတိုင်ကြားခံရမှုအများဆုံးဖြစ် သည့် တရားစီရင်ရေးကဏ္ဍအနေဖြင့် လည်း တရားမျှတစွာ မှန်ကန်သည့် တရားစီရင်ရေးဖြစ်ရန် လိုအပ်ကြောင်း စိ စစ်တွေ့ရှိသည်ဟု ၎င်းကပြောသည်။
လယ်ယာမြေနှင့်ပတ်သက်၍ တိုင် ကြား၊ အသနားခံစာတင်ရာတွင်လည်း ယခင်အစိုးရလက်ထက်မှ အကြောင်း ခြင်းရာကိစ္စများကို တိုင်ကြား၊ အသနား ခံနေကြသည်ကို တွေ့ရှိရသည်။
နိုင်ငံ တော် စီမံကိန်းများ၊ စက်ရုံအလုပ်များ၊ တပ်ရင်းတပ်ဖွဲ့များ တည်ဆောက်ရေး နှင့် စက်မှုဇုန်၊ ဟိုတယ်ဇုန်များအတွက် မြေ ယာများသိမ်းယူရာတွင် လိုအပ်သည် ထက်ပိုမိုသိမ်းယူခြင်းများ၊ မြေယာများ သိမ်းယူပြီးနောက် မူလပိုင်ရှင်များကို သီးစားချထား လုပ်ကိုင်စေခြင်းများ ကြောင့် ပြဿနာများအများဆုံး ဖြစ် ပေါ်နေသည်ဟု သိရသည်။
"နောင်မှာ တာဝန်ရှိသူအဆင့်ဆင့် တို့က ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနဲ့အညီ အလေး ထား ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ် တယ်လို့ သုံးသပ်လိုပါတယ်"ဟု ၎င်းက ပြောသည်။
ယင်းစာများတွင် ယခင်အစိုးရလက် ထက်က အကြောင်းခြင်းရာများသာမက လက်ရှိအစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သောကိစ္စရပ် များ တိုင်ကြားမှုများလည်း ပါဝင်သည်ဟု သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။