Friday, August 17, 2012

မိုးများခြင်းကြောင့် စပါးအထွက် လျော့နိုင်


မိုးများခြင်းကြောင့် စပါးအထွက် လျော့နိုင် 

မြတ်မေဇင်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
ယခုနှစ်မိုးရာသီတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ မိုးရွာသွန်း မှုမှာ ပုံမှန်ထက် သိသာစွာကျော်လွန် များပြားလာခြင်းကြောင့် အောက်မြန်မာ ပြည်ဒေသရှိ စပါးအဓိကထွက်ရှိရာ ဒေသများဖြစ်သော ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ရေလွှမ်းမှု များ ပိုမိုကြုံတွေ့လာရသည့်အတွက် လာမည့် မိုးစပါးအထွက်နှုန်းမှာ ကျဆင်းနိုင်ကြောင်း ဆန်ကုန်သည်များ က ခန့်မှန်းသည်။
"ပဲခူးမှာ ရေအတော်ကြီးတယ်။ လူနေအိမ်တွေပါ နစ်ကုန်တယ်။ ဧရာဝတီတိုင်းဘက်မှာလည်း မိုးကြီး တာတင်မကဘူး၊ မြစ်ရေလည်း လျှံ တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာတော့ မိုးမရလို့ ဘာမှစိုက်လို့ အဆင်မပြေဘူး။ ဒီနှစ်ရာသီဥတု မမှန်ဘူး။ လာမယ့်မိုးစပါး မှာ အထွက်နှုန်းထိခိုက်နိုင်တယ်။ ဒါကြောင့် ဒီနှစ် အရန်ဆန်ထားရှိမှု ပမာဏကို ထုတ်ပြန်တာတွေ မလုပ်တော့ဘူး" ဟု '၀ါးခယ်မ ဆန်အထူးပြု ကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
အရန်ဆန် ၀ယ်ယူရေးအတွက် နိုင်ငံတော်က မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခါ တာဝန် ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင် များအသင်းက ဦးဆောင်၍ ယခုနှစ် အတွင်း ၂၅ မှတ်ဆန် (အကျိုးအကြေ ၂၅ ရာခိုင်နှုန်းရှိ) များအား အရန်ဆန်အဖြစ် ၀ယ်ယူခဲ့ရာ မိုးစပါးတန်ချိန် ၁၃ သိန်း ကျော်ကို တင်း ၁၀၀ လျှင် ကျပ် ၃၃၀,၀၀၀ ဖြင့် ဇန်န၀ါရီလမှ မတ်လဆန်းအထိ ၀ယ်ယူခဲ့ပြီး နွေစပါး ၂၆,၃၈၁ တန်ကို တင်း ၁၀၀ လျှင် ကျပ် ၃၂၀,၀၀၀ ဈေးနှုန်း ဖြင့် မတ်လမှ မေလအထိ အသီးသီး ၀ယ်ယူသိုလှောင်ခဲ့သည်။ အဆိုပါ ၀ယ်ယူသိုလှောင်ထားသော အရန်ဆန်များအား တစ်ရာသီသာ သိုလှောင်ထားရှိပြီး ဆန်စပါးလုပ်ငန်းရှင် များအသင်းက ဦးဆောင်ကာ ဈေးကွက် ရှာဖွေရောင်းချပေးမည် ဖြစ်သည်။
"အရန်ဆန်ကို အကြာကြီးကိုင်မထား ပါဘူး။ စပါးပေါ်တာနဲ့ ဈေးကောင်းရ ရင် ရောင်းမှာပါ" ဟု မြန်မာနိုင်ငံဆန် စပါးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။ ယခုနှစ်တွင် အဆိုပါအရန်ဆန်တန် ချိန်ပမာဏကို ထုတ်ဖော်ခြင်းမပြုဘဲ ပြည်တွင်းဆန် ဈေးနှုန်းတည်ငြိမ်ရေး အတွက် လိုအပ်ပါက အသုံးပြုမည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှုး ဦးရဲမင်းအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့၌ မိုးရေချိန်များခြင်းကြောင့် လယ်ဧကအချို့ပျက်စီးသွားကြောင်း ဒေသခံများ ကပြောသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။