ရှေ့ဆက် တွေ့ဆုံပွဲတွေကို Peace Centre မှာသာ တွေ့ဆုံကြရန် ဦးအောင်မင်း ပန်ကြားခဲ့
ရွှေဟင်္သာသတင်းဌာန. ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- ယမာန်နေ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ အလွတ် သဘောအရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော် မီတီ ဒုဥက္ကဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် အနာဂတ် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အချက် (၄) ချက် တောင်းဆိုခဲ့ကြောင်း စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဆိုပါသည်။
“အဆိုပြု ထားတာကတော့ နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ရယ်။ ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲ ရေးကို ကြေညာ ပေးဖို့ရယ်၊၊ တခါ အပစ်မရပ်ရသေးတဲ့ ဒေသမှာ နှစ်ဖက်စလုံးကို စောင့်ကြည့်မည့်အဖွဲ့ ထားရှိဖို့ရယ်။ နံပါတ် ၄ ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။” ဟုဆိုပါသည်။
အလွတ်သဘော ဆွေးနွေး ခဲ့သူများမှာ အစိုးရဖက်မှ ဦးအောင်မင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၆) ဦးနှင့် UNFC ဖက်မှ ဒုဥက္ကဌ အေဖွယ်တို့ ခေါင်းဆောင်သော ကိုယ်စားလှယ် (၉) ဦး တို့က ညနေ (၄) နာရီမှ (၅) နာရီ အထိ ဆွေးနွေး ခဲ့ကြပါသည်။
ထို့အပြင် နိုင်ငံရေး ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ၌ သွားရောက် ဆွေးနွေးရန် ကိစ္စအပေါ် အစိုးရ၏ သဘောထားကို မေးမြန်း ခဲ့သလို ရခိုင် ပြည်နယ် အရေး၌ အစိုးရ ကိုင်တွယ်မှု အနေအထား များကိုလည်း မေးမြန်း ခဲ့ပါသည်။ KIO နှင့် ဖြစ်ပွားနေသော စစ်ပွဲ အတွက် ပူးပေါင်း အဖြေရှာကြရန်နှင့် UNFC ၏ လမ်းပြမြေပုံ တို့ကို ဆွေးနွေးခဲ့ပါသည်။
UNFC အနေနှင့် အစိုးရ တပ်ဖွဲ့များသည် KIO တပ်ဖွဲ့ကို ဝိုင်ထားသည့် အသွင်ဖြင့် ဖိအား ပေးနေသည့် အတွက် KIO ဘက်မှ ခုခံစစ်ဖြင့် ကာကွယ်ပြီး တိုက်နေရကြောင်း ဤသို့ကြောင့် အစိုးရ ဘက်မှ ဆုတ်ပေးမည် ဆိုပါက KIOနှင့် ငြိမ်းချမ်းရေး ရရှိနိုင် သည်ဟု တင်ပြခဲ့ပါသည်။ ဦးအောင်မင်းကမူ–
“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရယူဖို့ ဆိုတာ ကျနော်တို့ ကြိုစားပေး နေပါတယ်။ ကချင်တစ်ဖွဲ့ထဲဘဲ ကျန်တော့တယ်။ ဒါကိုလဲ ကြိုးစား လုပ်ဆောင်နေတုန်းပါ။ အခြေအနေက တိုးတက်မှုတွေ ရှိပါတယ်။ ကချင်အရေးကို UNFC ဖက်က ပူးပေါင်း ဆောင်ရွက်ရင် ဒါကကောင်းတဲ့ နည်းလမ်း”ဟု ဦးအောင်မင်းက ပြောပါသည်။
ဦးအောင်မင်းသည် နောက်ထပ် တွေ့ဆုံပွဲများကို ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာအတွင်း၌ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကြရန် ဆန္ဒရှိကြောင်း ဆိုပါသည်။ မည်သည့် အချိန်တွင် ထပ်မံ တွေ့ဆုံမည်ကို မပြောသော်လည်း ဒီဇင်ဘာ မကုန်မီ တွေ့ဆုံရန် ရှိ နိုင်ကြောင်း UNFC ဖက်က ဆိုပါသည်။
Written by ရွှေဟင်္သာသတင်းဌာန
No comments:
Post a Comment