Sunday, November 11, 2012

မြေငလျင်နောက် ဆက်တွဲ သတင်း များ


မြေငလျင်နောက် ဆက်တွဲ သတင်း များ 

ငလျင်ဒဏ်ကြောင့် ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား ပျက်စီးသွားပုံ ဓာတ်ပုံ - မျိုးမင်းဦး
7 Day News Journal, 11 November 2012  —-
မြေငလျင်နောက်ဆက်တွဲသတင်း(၉)-
မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကုသခံယူနေသူများမှာ ကျောက်မြောင်းမြို့နယ် ဆေးခန်းတွင်
၁၄ဦး၊ ရွှေဘိုမြို့နယ်ဆေးရုံ တွင် ၁၁ဦး၊ စုစုပေါင်း၂၅ဦးရှိနေကြောင်း ကျောက်မြောင်းရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ကနဦးရရှိသော သတင်းများအရ ရတနာသိင်္ဃတံတားပြိုကျရာမှ တစ်ဦးသေဆုံးပြီး ကျန်ရှိသူများမှာ ရွှေဘိုမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး၊ ကျောက်မြောင်း မှ ဒေသခံအမျိုးသမီးတစ်ဦးမှာလည်း အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သည့် အတွက် လောလောဆယ် သေဆုံး သူ ၂ဦးရှိပြီဖြစ်ကြောင်း သတင်းပေးပို့သည်။
ဓာတ်ပုံ - မျိုးမင်းဦး
မြေငလျင်နောက်ဆက်တွဲသတင်း(၁၀)-
ရွှေဘိုဆေးရုံသို့ ဒဏ်ရာရရှိပြီး ရောက်ရှိလာသူ ၁၃ဦးရှိလာပြီဖြစ်ပြီး၊ ရတနာသိင်္ဃတံတားပြိုကျ၍ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်၍ မန္တလေးဆေးရုံသို့ ပို့ဆောင်ကုသစေလျက်ရှိကြောင်း ရွှေဘိုဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တည်ဆောက်ဆဲအထက်ပါတံတားပြိုကျမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး၊ ငါးဦးမှာရေထဲပြုတ်ကျကာ ပျောက်ဆုံးလျက်ရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
မြေငလျင် နောက်ဆက်တွဲသတင်း(၁၁)-
ယနေ့ငလျင်ကြောင့် စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရားပြိုကျခဲ့သည်ဟု ဒေသခံ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်လွင်ကပြောသည်။ ထို့အပြင် ရွှေကူကြီး
အ.မ.က စာသင်ကျောင်း တစ်ထပ်ဆောင် ပင်မဆောင်တစ်ခုပြိုကျခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်၍ ထိခိုက်မူမရှိပေ။ “ကျန်တာကတော့အုတ်တံတိုင်းတွေပြိုတယ်။ ထိခိုက်တာတော့ နည်းပါတယ်” ဟု ၄င်းကပြောသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၂)-
ယနေ့ငလျင်ကြောင့် မိုးကုတ်မြို့၊ ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုံသီတာကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားတစ်ဆူ ပြိုကျရာမှ ဘုရား(၃)ဆူ
ပေါ်ထွက်လာခဲ့သည်ဟု မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဒေါ်နန်းကြည်တောင် အ၀င်ဝမှ စေတီတစ်ဆူ ထီးတော်အောက်စိုက်သွားခြင်း၊ ကင်းကျေးရွာ၊ ကင်း အ.ထ.က ခွဲကျောင်းမှ ပုလဲဆောင် ကျောင်းနံရံပြိုကျခြင်း
တို့ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မိခြင်း မရှိဟုရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ကျရဲအရာထမ်းတစ်ဦးက ဖြေကြားသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၃)-
မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆက်လက်စာရင်းကောက်ယူနေဆဲ
ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ငလျင်အန္တရာယ်သင့်ရာနေရာများသို့ ကနဦးကယ်ဆယ်ရေးများလုပ်ကိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
ကူညီကယ်ဆယ်ရေးအဖွဲ့များက အိမ်ခြေ ၂၀၀ စာထောက်ပံ့ရေး ပစ္စည်းများဖြင့် ကျောက်မြောင်းမြို့သို့သွားနေပြီဖြစ်ကြောင်းလည်း
အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ဓာတ်ပုံ - မျိုးမင်းဦး
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၄)-
မြေငလျင်ကြောင့် စဥ့်ကူးမြို့နယ်တွင် ၅ ဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိကြောင်း မန္တလေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြေငလျင်ဒဏ်ခံရသောမြို့များတွင် သပိတ်ကျင်းမြို့နယ်မှာ အခြေအနေအဆိုးဆုံးဟု သိရပြီး၊ သေဆုံးဒဏ်ရာရသူစာရင်းကို မသိရှိရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ယခုအခါ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဆောင်သော အဖွဲ့ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်များသို့ ကယ်ဆယ်ရေးပစ္စည်းများဖြင့် သွားရောက်နေကြောင်းသိရသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၅)-
မြေငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်း သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ရွှေဘိုမြို့အနီးယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် နာရီပိုင်းအတွင်း အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးယခုကဲ့သို့ သွားရောက်မှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၆)-
ယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီး ငလျင်ကြီးလှုပ်ပြီးနောက် နောက်ဆက်တွဲမြေငလျင်ငယ် (After Shock) တစ်ခု ၅း၂၅ မိနစ်ဝန်းကျင်တွင် လှုပ်ခတ်ခဲ့ကြောင်း ရွှေဘိုနှင့် မန္တလေးမြို့ရှိ သတင်းထောက်များက သတင်းပေးပို့သည်။ ဒေသခံများ၏ အဆိုအရ နောက်ဆက်တွဲ မြေငလျင် လေးကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်းလည်း ပြောသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၇)-
ယနေ့နံနက် ၇ နာရီ ၄၂ မိနစ် ၃၈ စက္ကန့်တွင် ရွှေဘိုမြို့ဝန်းကျင်ကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယနေ့ညနေ ၅ နာရီခန့်အထိ သေဆုံးသူ ခြောက်ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရရှိသူ (၄၈) ဦးနှင့် ပျောက်ဆုံးသူ ခြောက်ဦး ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ချက်များအရ သိရသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတားပြိုကျ၍ (၁၅) ဦး ဒဏ်ရာရကာ ငါးဦးပျောက်ဆုံးနေကြောင်း ဒဏ်ရာ ရသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့တွင်လည်း လူငါးဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ အရေအတွက်သည် ယနေ့ ညနေ ၄ နာရီ အချိန်အထိ ရရှိထားသော စာရင်းများဖြစ်ပြီး အသေအပျောက်နှင့် ဒဏ်ရာရရှိသူများအား ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
နိုင်ငံပိုင် ရုပ်သံလိုင်းများ၏ အဆိုအရ သပိတ်ကျဉ်းမြို့နယ်တွင် အိမ်ခြေ ၁၀၀ ခန့်ထိခိုက်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိသွား ကြောင်းထုတ်ပြန်သွားသည်။
ဓာတ်ပုံ - မျိုးမင်းဦး

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၈)-
စဥ့်ကူးမြို့နယ်တွင် ဘုန်းကြီးကျောင်း(၈)ကျောင်း အိမ်(၁၅)လုံး ပြည်ခိုင်ဖြိုးရုံး မြို့နယ်ရဲစခန်းတို့၏ အုတ်တံတိုင်းများပြိုကျပျက်စီးခဲ့သည်။ ပြိုကျပျက်စီးမှုကြောင့် လူ (၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိသည်။ သေဆုံးသူမှာ အူလယ်ရွာမှ အဘဦးရှိန်သား အသက်(၂၅)နှစ်အရွယ်
ကျော်ခိုင်စိုးဖြစ်ပြီး ရွှေတွင်းတွင် မြေပိသေဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ်ဦးစီးဌာန သတင်းရရှိသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၉)-
မိုးဇလက ယနေ့ညနေ ၅း၄၅ နာရီ ထုတ်ပြန်သော မြေငလျင်သတင်း
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်နောက်ဆက်တွဲ (၂၀)
ငလျင်ဒဏ်ကြောင့် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ ပျက်စီးသွားသောအိမ်နှင့် ငလျင်အက်ကြောင်းများကို တွေ့ရစဉ် ဓာတ်ပုံ - မျိုးမင်းဦး
ငလျင်ဒဏ်သင့် ပြည်သူများ နေအိမ်အတွင်း ပြန်လည်နေထိုင်ရန် အခက်အခဲကြုံ
ရွှေဘို၊ နိုဝင်ဘာ – ၁၁
ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲဒေသအနီးတစ်ဝိုက် နွယ်ငြိမ်းကျေးရွာ၊ မလားကျေးရွာ၊ မခေါက်ကျေးရွာတို့တွင် နိုဝင်ဘာလ(၁၁)ရက်က ငလျင်ဒဏ်ကြာင့် နေအိမ်များပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည့်နောက်ပိုင်း နေအိမ်များအတွင်းပြန်လည်နေထိုင်ရန်အခက်အခဲကြုံတွေ့နေရကြောင်းအဆိုပါကျေးရွာ သေခံများပြောကြာ
းသည်။
“ဒီလိုအဖြစ်အပျက်မျိုးလွန်ခဲ့တဲ့နှစ်ပေါင်း(၆၀)ကျော်တုန်းက ပုဂံငလျင်လှုပ်ချိန်ကတစ်ကြိမ်ကြုံတွေ့ခဲ့ရဖူး
တယ်။အဲဒီအချိန်တုန်းက အသံတွေပေးပြီးတုန်ခါတယ် ဒီ့ထက်လည်းပြင်းထန်တယ်။တိုက်တာအဆောက်အဦး
တွေသိပ်မရှိသေးလို့ အပျက်အစီးတိုက်တာအဆောက်အအုံ ကြီးကြီးမားမားမရှိသေးဘူး။လူနေအိမ်တွေအားလုံး
နီးပါးပြားပြီးပျက်စီးသွားတယ်။အခုလည်းအိမ်တွေပျက်စီးမှုပိုများတယ်။မြေလွှာအက်ကြောင်းကြီးတွေလည်းပိုကြီးတယ်” ဟု မလားကျေးရွာဒေသခံ(အသက် ၇၄နှစ်အရွယ်)အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးကပြောသည်။

“မလားကျေးရွာမှာ အိမ်ခြေ(၁၆၂)အိမ်၊လူဦးရေ(၆၆၈)ဦးနေထိုင်ပါတယ်။ကျောက်မြောင်းမြို့နယ်ခွဲအနီးတစ်
ဝိုက် ပျက်စီးဆုံးရှုံးမှုအများဆုံးကျေးရွာလို့ပြောလို့ရတယ်။တိုက်တာအဆောက်အအုံ ခြောက်လုံး၊ပျဉ်ထောင်၊ကပ်ကာ
နေအိမ်(၁၁)လုံးက လုံးဝပြားသွားတယ်။လူတွေအားလုံးကတော့ ဘောလုံးကွင်းထဲမှာနေကြတယ်။အိမ်ထဲမှာမနေ
ရဲဘူး” ဟု မလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းထွန်းကပြောသည်။

“အိုးထွက်တဲ့နွယ်ငြိမ်းမှာ ငလျင်ကြောင့်အိုးတွေကွဲကုန်လို့သောက်စရာရေအိုးတောင်မရှိတော့ဘူး။
နေစရာအိမ်ကလည်းလဲပြိုသွားတော့ နေရေးထိုင်ရေးအခက်အခဲတွေဖြစ်နေပြီ။အစစအရာရာအခက်အခဲတော့
ရှိတာပေါ့” ဟု မလားကျေးရွာတွင် နေအိမ်လဲပြိုသွားသူတစ်ဦးကပြောသည်။

နိုဝင်ဘာလ(၁၁)ရက်နေ့နံနက်(၇)နာရီ(၄၅)မိနစ်အချိန် ငလျင်လှုပ်ခတ်ပြီးသည့်နောက်ပိုင်း
နေ့လယ် (၂)နာရီခွဲတွင် တစ်ကြိမ် ညနေ(၅)နာရီ မိနစ်(၂၀)တွင်တစ်ကြိမ် အင်အားအသင့်အတင့်ရှိ နောက်ဆက်တွဲမြေငလျင်များ
ထပ်မံလှုပ်ခဲ့သဖြင့် ဒေသခံများစိုရိမ်စိတ်ဖြင့် လမ်းမကြီးများ ဘောလုံးကွင်းများနှင့် ကွင်းပြင်များတွင် ခတ္တ
နေထိုင်လျက်ရှိသည်။

အဆိုပါ နောက်ဆက်တွဲ မြေငလျင်မှာ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၈ ရှိကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။