ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Saturday, October 13, 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ
Fri, 10/12/2012 - 18:33
Printer-friendly versionSend by email
နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာအီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတ နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ခဲ့ပြီးနောက် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Mr. Yun Kang Hyeon နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် ကိုရီးယားသမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိစဉ် အောက်တိုဘာ(၈)ရက် မွန်းလွဲ(၂)နာရီခွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute ကို သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။ ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ခေတ္တတည်းခိုသည့် ဆိုးလ်မြို့ရှိ Lotteဟိုတယ်၌ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်း ဌာနမှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာ သတင်းထောက် Mr. Kim Yong Deok အား လက်ခံတွေ့ဆုံခဲ့ပြီး ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ ညနေ (၄) နာရီ ခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ Doosuan ကုမ္ပဏီဥက္ကဋ္ဌဌ Mr. Y. M. Park အားLotte ဟိုတယ်၌ပင် လက်ခံ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစု များနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာပညာ သင်များနှင့်တွေ့ဆုံ၍ သြဝါဒစကားပြောကြားခဲ့ပြီး ညပိုင်းတွင် ဆိုးလ်မြို့ကို ဖြတ်သန်း စီးဆင်းနေသော ဟန်မြစ်အတွင်း သီးသန့် သင်္ဘောဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
နိုင်ငံတော်သမ္မတသည် အောက်တိုဘာ(၉)ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ Korea Trade - Investment Promotion Agency (KOTRA) ဌာနချုပ်၌ ကျင်းပသည့် Myanmar Investment Forum သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ခေတ္တတည်းခို သည့် Lotte ဟိုတယ်၌ ကျင်းပသော ကိုရီးယားအသေးစားနှင့် အလတ်စားလုပ်ငန်း (The Korea Federation of Small and Medium Business- KBIZ) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့လည်းကောင်း တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့သည်။
ထို့နောက် ညနေ(၃)နာရီခွဲတွင် ဆိုးလ်မြို့ရှိ အမျိုးသားအာဇာနည်ဗိမာန်( National Cemetery)သို့ သွားရောက်၍ ပန်းခွေချအလေးပြုပြီး ဗိမာန်ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။
ညနေ(၄)နာရီတွင် နိုင်ငံတော်သမ္မတအား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာအီမြောင် ဘတ်က ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်(Blue House)၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး သမ္မတအီမြောင်ဘတ်နှင့် တွေ့ဆုံခဲ့သည်။
ယင်းနောက် ညနေ(၅)နာရီတွင် သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ သည် ကိုရီးယားသမ္မတနိုင်ငံသမ္မတ ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
တွေ့ဆုံရာ၌ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ- ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍဍသစ် ဖွင့်လှစ်နိုင်ခဲ့မှုနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်ခဲ့မှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးများ အပြန်အလှန် သွားရောက်ခြင်းဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် မှုများနှင့် ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေခဲ့မှု၊ မြန်မာနိုင်ငံတွင် Myanmar Development Institute (MDI) ထူထောင်ရေး၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအား၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ရထားပို့ဆောင်ရေး ကဏ္ဍဍဆိုင်ရာ လုပ်ငန်းစီမံချက်များ ဆောင်ရွက်နိုင်ရန် ငွေကြေးနှင့်နည်းပညာ အကူအညီများ ပေးအပ်ရေး၊ စွမ်းအင်ကဏ္ဍဍ ပူးပေါင်းဆောင်ရွက်နေမှုကို အရှိန်အဟုန်မြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍဍ၊ ယဉ်ကျေးမှုကဏ္ဍဍနှင့် ဆောက်လုပ်ရေးကဏ္ဍဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့်အရေးနှင့် ၂ဝ၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အောင်မြင်မှု ရရှိရေးအတွက် အကူအညီပေးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌ သက်ဆိုင်ရာဝန်ကြီး များက နှစ်နိုင်ငံအစိုးရတို့အကြား အကူအညီပေးရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်နှင့် ဝန်ကြီးဌာနနှစ်ခုအကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ညနေ(၆)နာရီခွဲတွင် နိုင်ငံတော်သမ္မတနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား ကိုရီးယားသမ္မတနိုင်ငံသမ္မတက သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ သည်။
နိုင်ငံတော်သမ္မတသည် အောက်တိုဘာ(၁ဝ)ရက်တွင် ဆိုးလ်မြို့မှ ဘူဆန်မြို့သို့ သွားရောက်ခဲ့ပြီး ဘူဆန်မြို့ရှိ STX သင်္ဘောတည်ဆောက်ရေးလုပ်ငန်းနှင့် Pusan New Port International Terminal တို့ကို သွားရောက်ကြည့်ရှု လေ့လာ၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ရန် ဖိတ်ခေါ်ခဲ့သည်။
ယင်းနောက် ညနေပိုင်းတွင် ဆိုးလ်မြို့မှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment