တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက် လျက်ရှိ ရေဘေးအန္တရယ်ထိ ရောက်ခြင်းမရှိသေးသော်လည်း ရေ၀င်ရောက်တတ်သော အနိမ့်ပိုင်းနေရာမှ ပြည်သူအချို့ အခက်အခဲဖြစ်ပေါ်နေ |
|
|
Friday, 10 August 2012 14:37 |
''အခုရေ၀င်တဲ့ အနိမ့်ပိုင်းမှာနေတဲ့ သူတွေကသာမာန်လက်လုပ်လက်စား ဆင်းရဲသားတွေများတယ် သူတို့နေတဲ့အိမ်တွေက မိုးလုံလေလုံ မရှိတဲ့အပြင် ရေက အောက်ခြေကတက်လာတော့ တော်တော်ဒုက္ခရောက်နေကြရတယ်၊ ကြုံရာကျဘမ်း တစ်နေ့လုပ်တစ်နေ့စား သမားတွေ အတွက် အခုလို ရေ၀င်နေပုံနဲ့ ကလေးတွေ ရေနစ်ရမယ့် အန္တရယ်စိုးရိမ်လို့ အလုပ်ရှာမထွက်နိုင်တဲ့သူတွေ ရေရှည်မှာ မလွယ်ဘူး၊ဒီကြားထဲတစ်နေရာနဲ့တစ်နေရာ သွားလာဖို့အတွက် လှေတို့ဝါးဖောင်တို့ လုပ်ဖို့ လုံးဝမတတ်နိုင်တဲ့သူတွေဆိုရင် လှေခ၊ ၀ါးဖောင်ခပေးပြီး သွားလာနေကြရ ပါတယ်''ဟု တောင်ငူမြို့ ၁၀ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောပါသည်။ တောင်ငူခရိုင်အတွင်း အနိမ့်ပိုင်းကျေးရွာများ၊ ရပ်ကွက်များသည် ဇူလိုင် ၂၅ ရက်နေ့မှစတင်ကာ ရေများဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မြစ်ရေသည် သိသာစွာ ကျခြင်းတက်ခြင်းမရှိပဲ သြဂုတ်လ ၉ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၆၀၉ စင်တီမီတာသို့ ရောက်ရှိလာပြီး တောင်ငူမြို့၏ စိုးရိမ်ရေအမှတ် အထက် ၉ စင်တီမီတာ မြင့်တက်လျက်ရှိသည်။ ထို့အပြင် နောက်ထပ် ၄၈ နာရီအတွင်း တောင်ငူမြို့ စိုးရိမ်ရေအမှတ်၏ အထက်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်းနှင့် စိုးရိမ်ရေအမှတ် ရောက်ရှိလာပြီဖြစ်သဖြင့် အနိမ့် ပိုင်းရေ၀င်ရောက်နေသော ပြည်သူများ သတိထားကြရန် လိုအပ်ကြောင်း တောင်ငူခရိုင် မိုးဇလဦးစီးဌာနဦးစီးမှူး ဦးမျိုးမြင့်အောင်မှ ပြောကြားသည်။ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် ၆၁၉ စင်တီမီတာသို့ ထပ်မံမြင့်တက်လာပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ၁၉ စင်တီမီတာ မြင့်တက်လျက်ရှိကြောင်းလည်း သိရှိရသည်။ |
No comments:
Post a Comment