Sunday, July 29, 2012

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က မြန်မာ့ခရီးသွားလုပ်ငန်းကို သတိပေး ပြောကြား

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က မြန်မာ့ခရီးသွားလုပ်ငန်းကို သတိပေး ပြောကြား

ယုယုမော်
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

နိုင်ငံခြားသားများကို ကူညီစောင့်ရှောက်ရန်တိုက်တွန်းထားသည့်
ဆိုင်းဘုတ်တစ်ခုကို ချောင်းသာကမ်းခြေတွင်တွေ့ရစဉ်။
ဓာတ်ပုံ - ဆန်းဦး
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုသည် အခြား အိမ်နီးချင်း နိုင်ငံ များထက် သိသိသာသာခြေတစ်လှမ်း နောက်ကျ နေသည့်အတွက် ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သောစီမံကိန်းများ၊ လှုပ်ရှားဆောင်ရွက်မှုများကို အချိန်တို အတွင်း ပြီးမြောက်အောင် ဆောက်ရွက် သွားရန်လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့အစည်း (UNWTO) ၏အကြံပေးပုဂ္ဂိုလ် Mr Hans Carl Jacobsen က ရန်ကုန်မြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော Myanmar Strategic Planning on Tourism Workshop တွင် မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
"စီမံကိန်းတွေ ရေးဆွဲဖို့အဆင့်ဆင့် အချိန်တွေပေးရမယ်။ ပြီးရင် အဲဒီ စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက်ထပ်ပြီး အချိန်ပေးရဦးမယ်။ အဲဒီလိုတွေ တစ်ဆင့်ပြီးတစ်ဆင့်အချိန် ပေးရမယ် ဆိုရင် သူများတွေထက် ပိုနောက် ကျနေဦးမယ်။ ရေရှည်ကို စဉ်းစား တယ် ဆိုပေမယ့် အဲဒီစဉ်းစားမှုက အချိန် အများကြီး မကြာသင့်ဘူး" ဟု ၎င်းက သုံးသပ် ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသည် အရေအတွက် အများအပြားလာရောက် ရန်ကိုသာ ဦးစားမပေးသင့်ကြောင်း လည်း ၎င်းက ပြောသည်။
"ခရီးသည်ဝင်ရောက်မှု ၃၅ ရာခိုင်နှုန်း တိုးတက်လာခြင်းမှာ ကောင်းသည်ဟု ဆိုပေမယ့် ခရီးသည်များများ လာရောက်ဖို့ပဲ အဓိက မထားသင့်ဘူး။ ကိုယ်ဝန်ဆောင်မှုပေးနိုင်တဲ့ ပမာဏကိုပဲ ထိထိရောက် ရောက် ၀န်ဆောင်မှု ပေးဖို့လိုတယ်။ ဒါကြောင့် အရေအတွက် ထက် အရည်အချင်းကောင်းနဲ့ ၀န်ဆောင်မှုပေးဖို့ စဉ်းစားသင့်တယ်" ဟု ၎င်းက ပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာနဲ့ အမြတ် များများရဖို့ အဓိကပဲ။ ကျွန်တော်တို့ ပိုက်ဆံများများရဖို့ လိုတယ်ဆိုပေမယ့် အဲ့ဒီခရီးသွားလုပ်ငန်းကရတဲ့ အကျိုး အမြတ်တွေအကုန်လုံးက ဒီနိုင်ငံက လူတွေပဲ ခံစားစံစားဖို့ လိုတယ်။ တခြား ဘယ်သူ့အတွက်မှမဟုတ်ဘဲ ဒီနိုင်ငံ ဒီပြည်သူတွေပဲရဖို့ လိုအပ်တယ်"ဟု Mr Hans Carl Jacobsen က ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီး သည်ဝင်ရောက်မှု တိုးတက်မြင့်မားလာ စေရေးဆောင်ရွက်ခြင်းထက် ထိုသို့ မြင့်တက်လာသည့် အလျောက် နိုင်ငံ အပေါ် သက်ရောက်လာမည့် ကောင်းကျိုး ဆိုးကျိုးများကို ကြိုတင်တွက်ဆကာကွယ်ထားမှုက အရေးအကြီးဆုံး ဖြစ်သည်ဟု UNWTO ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Mr Xu Jing ကလည်း အလုပ်ရုံဆွေးနွေးပွဲတွင် သတိပေးပြော ကြားသည်။
"မြန်မာနိုင်ငံကို နိုင်ငံတကာက စိတ်ဝင်တစား လာရောက်နေကြပြီ။ အခုအချိန်က မြန်မာနိုင်ငံကဏ္ဍတိုင်းအတွက် အချိန်ကောင်းတစ်ခု ရောက်နေတယ်။ ဒါဟာမြန်မာနိုင်ငံအတွက် သတင်းကောင်း ဆိုပေမယ့် အဲဒီတစ်မုဟုတ်ချင်းမြင့်တက်လာတဲ့ ခရီးသည်ဝင်ရောက်မှု နှုန်းက ရလာမယ့် ဆိုးကျိုးတွေကိုလည်း နိုင်နိုင်နင်းနင်းနဲ့ကိုင်တွယ်နိုင်တဲ့ အဆင့်ဖြစ်အောင် လုပ်ဖို့လိုတယ်" ဟု ၎င်းက ပြောကြား သည်။
ယခုကဲ့သို့ ဆိုးကျိုးများဖြစ်မလာစေရန် မြန်မာ့ခရီးသွားလုပ်ငန်းကို အခြေခံအချက်သုံးချက်ဖြင့် စဉ်းစားဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။
"မြန်မာ့ခရီးသွားလုပ်ငန်းက ဘယ်လို ဈေးကွက်အမျိုးအစားနဲ့ သင့်တော်သလဲ။ ဒါမှမဟုတ် ဘယ်လိုဈေးကွက်မျိုးရှိသင့်သလဲ။ နောက်တစ်ခုက ဒီနိုင်ငံမှာ ဘယ်လို သဘာဝအရင်းအမြစ်တွေရှိပြီး ဘာတွေကို အဓိကထားဝန်ဆောင်မှုပေးသင့်သလဲ။ နောက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး ခရီးသည်တွေကို ဘယ်လိုဝန်ဆောင်မှုပေးမလဲဆိုပါပဲ" ဟု Mr Xu Jing က အကြံပေး ပြောကြားခဲ့သည်။
ယခုကဲ့သို့ UNWTO နှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနအပါအ၀င် ပုဂ္ဂလိကကဏ္ဍများ စုံစုံလင်လင်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းသည် မေလက အဆိုပါအဖွဲ့ အစည်းမှ အတွင်းရေးမှူး လာရောက်ပြီး နောက်ပိုင်း ရလဒ်ကောင်း တစ်ခုဖြစ်ကြောင်း Mr Xu Jing က ဆိုသည်။
မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ အကြံပေး ပုဂ္ဂိုလ်ဒေါ်ကြည်ကြည်အေးကလည်း ယခုကဲ့သို့ ကမ္ဘာ့ ခရီးသွား လုပ်ငန်းအဖွဲ့ (UNWTO) မှ ပထမဆုံးအကြိမ်လာ ရောက်၍ ခရီးသွားလုပ်ငန်းအပေါ် သုံးသပ်ချက်များကို အမျိုးသား စီမံကိန်း ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။