လုပ်သားပြဿနာများတွင် အစိုးရ၊ အလုပ်ရှင်၊ လုပ်သားများ သာမက လူမှုအဖွဲ့အစည်းများ ပါဝင်လာ
ဝင်းကိုကိုလတ်နှင့် နိုနိုအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
ရန်ကုန်မြို့စက်ရုံတစ်ရုံတွင် အလုပ်သမားများ အခွင့်အရေး တောင်းဆိုနေကြစဉ်။
ဓာတ်ပုံ-ဘူးသီး
"လုပ်ငန်းခွင် ဆက်ဆံရေးနယ်ပယ် မှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောထားကွဲမှု၊ အငြင်းပွားမှုရှိခြင်း ဟာ သဘာဝဖြစ်ပါတယ်" ဟု ရန်ကုန် တိုင်းဒေသကြီး ၊ အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်မြင့်ကြည်၏ အလုပ်သမားများ၏ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် ပတ်သတ်သည့် ရည်မှန်းချက်မေးခွန်း ကို ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်ရန်၊ အလုပ်သမားအချင်းချင်း ကြား၊ အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံရေးကောင်းမွန်စေရန် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ကိစ္စရပ်များ အတွက် လုပ်ငန်းခွင်မပျက် ဥပဒေအရ တည်ငြိမ်အေးချမ်းစွာဖြေရှင်းနိုင်စေရန် ရည်ရွယ်ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဥပဒေများကို ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြီးဖြစ်သည်ဟု ၎င်းကပြောသည်။
ပြေလည်မှုမရသည့်အငြင်းပွားမှုများ အတွက် မြို့နယ်အဆင့်အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် အလုပ်သမား ရေးရာ ကျွမ်းကျင်သူများအနက်မှ ကိုယ်ကျင့် တရားကောင်းမွန်သည့်ပုဂ္ဂိုလ်များ ပါဝင်သည့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ စသည့် အဖွဲ့အစည်း အဆင့်ဆင့်တို့ဖြင့် ညှိနှိုင်းဖြေရှင်းပေး လျက်ရှိသည်ဟု ၎င်းကပြောသည်။
ယခုကျင်းပနေသည့် လွှတ်တော်တွင် လည်း ပြည့်စုံကောင်းမွန်သည့်လူမှုရေး အကာအကွယ်ပေးမှုရရှိစေရန်အတွက် လူမှုဖူလုံရေး ဥပဒေ၊ အလုပ်သမားများ သင့်တင့်လျောက်ပတ်စွာ နေထိုင်စား သောက်နိုင်လောက်သော အခကြေးငွေ များရရှိစေရေးအတွက် အနည်းဆုံး အခကြေးငွေဥပဒေနှင့် အလုပ်သမား များ၏ အသိပညာ၊ အတတ်ပညာဆိုင်ရာ အရည်အချင်းနှင့် ကျွမ်းကျင်မှုများ တိုးတက် မြင့်မားရေးအတွက် စီစဉ် ဆောင်ရွက်နိုင်မည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ တို့ကို လွှတ်တော်သို့ တင်သွင်းပြီးဖြစ် သည်ဟု ဦးအောင်ကြည်ကပြောသည်။
အလုပ်သမားများ အခွင့်အရေး တောင်းဆိုမှုနှင့်ပတ်သတ်၍ ၂၀၁၁ ခုနှစ် တွင် အမှုပေါင်း ၈၅၁ မှုဖြစ်ပွားခဲ့ပြီး အမှု အားလုံးကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၀န်ထမ်းများပူးပေါင်း၍ ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အလုပ် သမား ၈,၃၃၉ ဦးအတွက် အကျိုးခံစား ခွင့် ကျပ်သန်းပေါင်း ၆၀၉,၀၀၀,၀၀၀ သန်းခန့်၊ အက်ဖ်အီးစီ ၃,၇၅၉၊ အမေရိ ကန်ဒေါ်လာ ၂,၃၇၇ တို့ကို ရရှိစေခဲ့သည် ဟု ၎င်းကပြောသည်။
၂၀၁၂ ခုနှစ်၊ မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ အငြင်းပွားမှုဖြစ်ပွားခဲ့သော စက်ရုံ ၉၀ တွင် အလုပ်သမားဦးရေ ၅၃,၃၉၃ ဦး ရှိသော်လည်း နောက်ဆုံး တွင် အားလုံးပြေလည်မှုရရှိပြီး သဘော တူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
လက်ရှိအခြေအနေအရ အလုပ် သမားများဘက်မှ ကာကွယ်ပေးနိုင် သော ဥပဒေသည် တက်ကြွရှင်သန် ရန် အဆင်သင့်မဖြစ်သေး သည့် အခြေ အနေ၌ အစိုးရအဖွဲ့အစည်းများသာမက လူမှုအဖွဲ့အစည်းများ၏ အပြုသဘော ဆောင်သည့် ကြားဝင်ဖျန်ဖြေမှုများကို ကြိုဆိုသင့်ကြောင်း မြန်မာ့နိုင်ငံအရေး လေ့လာသုံးသပ်သူThe Wave မဂ္ဂဇင်း အယ်ဒီတာ စာရေးဆရာ ဦးကျော်ဝင်းက ပြောသည်။
"အစိုးရသစ်တက်ပြီး တစ်နှစ်အတွင်း မှာ အရေးကြီးတဲ့ ဥပဒေတစ်ခုထွက်လာ ခဲ့တယ်။ အဲဒါ လွတ်လပ်တဲ့အလုပ်သမား အဖွဲ့အစည်း တွေ ဖွဲ့စည်းခွင့်ဥပဒေပေါ့။ ဒါပေမယ့် အဲဒီလိုဖွဲ့စည်းခွင့်ရှိတိုင်း လည်း အလုပ်သမား၊ အလုပ်ရှင် ပဋိပက္ခ က မရှိတော့ဘူးလို့ ပြောလို့ မရဘူး။
ဒီ့ထက်ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံကြီး တွေမှာကိုပဲ အလုပ်ရှင် အလုပ်သမား ပဋိပက္ခကရှိတယ်။ အဲဒီအတွက် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ပြဿနာပေါ်ရင် ဖြေရှင်းဖို့ ခိုင်ခိုင်မာမာ ဥပဒေတစ်ခုလိုတယ်။ "ဥပဒေဘက်ကလည်း အားနည်း ချက်ရှိတယ်။ ဆိုရှယ်လစ်ခေတ်တုန်းက အလုပ်သမား၊ လယ်သမားကို ဦးစားပေး ရတယ်။ အဲဒီတော့ ဥပဒေအရ အလုပ် သမားဘက်ကို ဦးစားပေး ပေမယ့် လက်တွေ့အမှုအခင်းဖြစ်ရင်တော့ အလုပ်ရှင်ဘက်က နိုင်တာများတယ်။ ဘာလို့လဲဆိုတော့ တရားစီရင်ရေး မဏ္ဍိုင်ကလည်း သိပ်မခိုင်ဘူးကိုး။
အဲဒီ တော့ ရှိတဲ့ဥပဒေကို တက်ကြွရှင်သန် လာအောင် မပြင်နိုင်သေးခင်မှာ အလုပ် သမားပဋိပက္ခတွေဖြစ်တယ်။ အစိုးရက လည်း ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် မြန်မာပြည်က ပြောင်းလဲခါစဆို တော့ အစိုးရတစ်ခုတည်းမှာ ၀န်ပိနေမှာ စိုးရတဲ့အတွက် အရပ် ဘက်အဖွဲ့အစည်းတွေ ၀င်ကူလာတာက ယေဘုယျပြော ရင်တော့ ကောင်းပါတယ်"ဟု ဦးကျော် ၀င်းက ပြောသည်။ သို့သော် ပဋိပက္ခ များကို ၀င်ရောက် ဖြေရှင်းသူများအနေဖြင့် မျှခြေရှိသော ဖြေရှင်းမှုများကိုသာ ပြုလုပ်ရန် လိုအပ် ကြောင်း ၎င်းက ပြောသည်။
"အကြမ်းဖျင်းအားဖြင့် ဒီလိုပြဿနာ တွေမှာ အလုပ်သမားဘက်ကို သိပ် ဦးစားပေးလိုက်ရင် အလုပ်သမား ဈေးကွက် တင်းမာမယ်။ အဲဒီလိုဖြစ်နေ ရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဟန့် အတားဖြစ်တယ်။ တစ်ခါ အလုပ်ရှင် ဘက်က တစ်ဖက်သတ်လိုက်ပြန်ရင် လည်း အလုပ်သမားရဲ့ လိုအပ်ချက်ကို ဖြည့်မပေးနိုင်တော့ တိုင်းပြည်မတည်ငြိမ် မှုတွေဖြစ်တတ်တယ်။ အဲဒီကြားထဲမှာ မျှလုပ်ကြ ရမယ်။
"ဒါပေမယ့် တစ်ခါတလေမှာ ရည်ရွယ် ချက်ရှိရှိနဲ့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲနဲ့ပဲ ဖြစ်ဖြစ် ပြဿနာတွေကို ပိုပိုဆိုးဝါးစေတဲ့ ကြားဝင် စွက်ဖက်မှုမျိုး ဆိုရင်တော့ မကောင်းဘူး။ ဒီကနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အနေအထားက သိပ်အကဲဆတ်ပြီး သိပ် သိမ်မွေ့တဲ့ အနေအထား ဖြစ်နေတယ်။ အထိန်းအသိမ်း မကောင်းရင် နှစ် ၅၀ ကြာပြီးမှ ပေါ်လာတဲ့ ရောင်ခြည်လေး ပျောက်သွားနိုင်တယ်" ဟု ဦးကျော်ဝင်းက ပြောသည်။
ကြားဝင်ဖြေရှင်းသော ညှိနှိုင်းပေး သူများအနေဖြင့် နှစ်ဖက်စလုံးအား မထိမခိုက် ပြေလည်သွားစေချင်သည့် ရည်ရွယ်ချက်နှင့် စိတ်ဆန္ဒကိုသာ အလေးထားရန် လိုအပ်ပြီး အရင်းရှင် စနစ်ပုံစံများကို မေ့ထားခဲ့ရန် လိုအပ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။
"ဖြေရှင်းသူတွေအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒကိုသာ နှလုံးသွင်း ဖြေရှင်းသင့်တယ်။ ပြဿနာတွေကို ပြေလည် သွားစေ ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒပေါ့။ ၁၉ ရာစုနဲ့ ၂၁ ရာစုဟာ အကွာကြီးကွာခဲ့ပါပြီ။
အလွန်ကြမ်းရှတဲ့ အရင်းရှင်စနစ်လည်း မဟုတ်တော့တဲ့ အတွက် အလုပ်ရှင်ဘက်ကပဲ လွန်တယ်၊ မှားတယ်ဆိုတဲ့ သမင်နဲ့ကျားပုံစံ အတွေး တွေ မတွေးတော့ဘဲနဲ့ မျှခြေထားဖြေရှင်း ဖို့ လိုတယ်။
ဘာကြောင့်လဲဆိုတော့ ဒီဘက်ခေတ်က တစ်အုပ်စုနဲ့ တစ်အုပ်စု အတိုက်အခံလုပ်ပြီး သွားရမယ့်ခေတ် မဟုတ်တော့ဘူး။ မတူတာတွေ ဘယ် လောက်များများ တူတာရှာပြီး တွဲ လျှောက်ရမှာပဲ"ဟု ၎င်းက ပြောသည်။
မကြာခင်တွင် နိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်တော့မည် ဖြစ်သည့်အတွက် မလာခင် မိမိနိုင်ငံသား အလုပ်သမား များကို ကာကွယ်နိုင်ရန် အတွက် ဥပဒေသို့မဟုတ် အစီအစဉ် တစ်ခုရှိရန် လိုအပ်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
"အလုပ်ရှင်အလုပ်သမား ညှိနှိုင်းရာ မှာ အဆင်မပြေဘဲ သပိတ်တွေက ရက်ရှည်လာခဲ့တယ်။ ကြားဝင်မယ့်လူ မရှိရင် မျောနေမှာစိုးလို့ ၀င်ညှိနှိုင်းပေး ရတဲ့သဘောပါပဲ"ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီးက ဇွန်လအတွင်းက ပြောခဲ့သည်။
"အဖွဲ့ရဲ့ ညှိနှိုင်းဖြေရှင်းမှုတွေကို အလုပ်ရှင်တွေဘက်ကရော၊ အစိုးရ ဘက်ကပါ အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့က စက်ရုံတွင်း မှာ အချင်း ချင်း ဖြေရှင်းလို့ရနိုင်မယ့် အလုပ်သမား သမဂ္ဂတွေ အခြေမခိုင်ခင် ၀င်ကူတဲ့ သဘောပါ။ အခုက စပ်ကူးမပ်ကူးကာလ ဖြစ်နေတာကိုး။ ဒီပြေလည်သွားတဲ့ ပဋိပက္ခတွေက နမူနာတွေ ဖြစ်သွားလိမ့် မယ်။ အလုပ်သမားတွေဟာလည်းပဲ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ရင်း သင်ရလိမ့်မယ်"ဟု ၎င်းက ဆိုသည်။
"အလုပ်သမားသမဂ္ဂတွေ များများ ဖွဲ့စည်းရမယ်။ အလုပ်ရှင်တွေ နားလည် ဖို့ကလည်း အလုပ်သမားသမဂ္ဂဆိုတာ အလုပ်ရှင်ကို ဆန့်ကျင်တာမဟုတ်ဘူး။ စက်ရုံတွင်း ပြဿနာတွေကို လွယ်ကူစွာ ဖြေရှင်းလို့ရအောင် ဖွဲ့တဲ့ လိုအပ်တဲ့ အဖွဲ့အစည်းဆိုတာ နားလည်ရမယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
"တစ်ယောက်နဲ့တစ်ယောက်၊ဆွေးနွေး ဖက်တွေ၊ ဖြေရှင်းဖက်တွေအဖြစ် မြင်ဖို့ လိုပါတယ်။ ဖြေရှင်းသူတွေဟာလည်း မျှမျှတတ ရှိသင့်ပြီး လာဘ်ပေး လာဘ်ယူလည်း ကင်းရှင်းရမယ်။ အခုဖြေရှင်းမှု တွေမှာ ကျွန်တော်တို့ချည်းပဲလည်း ဖြေရှင်းလို့မရဘူး။ ကျွန်တော်တို့က ညှိနှိုင်းအကြံပေးလို့ပဲရမယ်။ အစိုးရ ဘက်က လုပ်ပိုင်ခွင့်ရှိတော့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရတာ ပိုအကျိုးရှိ တယ်"ဟု ဦးကိုကိုကြီးက ပြောသည်။
No comments:
Post a Comment