စပရက်လီသို့ တရုတ် ငါးဖမ်းသင်္ဘောအုပ်စုရောက်
(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းစစ်ဌာနချုပ်မှ ဇူလိုင်လ ၂၄ ရက်နေ့ က ထုတ်ပြန်သောပုံတွင် တရုတ်စစ်သင်္ဘော-၉၃၄ ကို တရုတ်တို့ ထိန်းချုပ်ထားသော ဆူဘီ ကျောက်တန်းအနီး ကျောက်ချထားပုံ ဖြစ်သည်။ ယင်းနေရာသည် အငြင်းပွားနေသော စပရက်လီကျွန်းစု ရှိ ဖိလစ်ပိုင်ထိန်းချုပ်ထားသော ပက်အာဆာကျွန်း၏ အနောက် မြောက်ဘက် ရေမိုင် ၁၅ မိုင်အကွာတွင်ရှိသည်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ငါးဖမ်းသင်္ဘော အစင်း ၃၀ ပါဝင်သည့် သင်္ဘောအုပ်စုသည် တရုတ် နိုင်ငံ ဟိုင်နန်ပြည်နယ်မှ ဇူလိုင်လ ၁၂ ရက်နေ့က ထွက်လာခဲ့ရာ ရောင်ရှု ကျောက်တန်းအနီးသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ကြောင်း ရှင်ဟွာသတင်း ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ရေနံကြွယ်ဝသည်ဟု ဆိုရမည့် စပရက်လီကျွန်းများသို့ တရုတ်ငါးဖမ်း သင်္ဘောများသည် ပုံမှန်သွားရောက် လေ့ရှိကြသည်။ သမိုင်းကြောင်း ကို အခြေခံပြီး ဤကျွန်းစုသည် တရုတ်ပိုင် ဟု တရုတ်နိုင်ငံက ပြော သည်။ သတင်းများအရ ဟိုင်နန်ပြည်နယ်မှ လာသည့် ငါးဖမ်းသင်္ဘောများတွင် အကြီးမားဆုံး ငါးဖမ်းသင်္ဘောအုပ်စုဟု ဆိုသည်။
ဤ ငါးဖမ်းသင်္ဘောအုပ်စုထဲတွင် တန်ချိန် ၃,၀၀၀ ရှိ ထောက်ပံ့သင်္ဘော တစ်စင်းနှင့် သင်္ဘောများအား အကာ အကွယ်ပေးရန် ကင်းထောက်သင်္ဘော တစ်စင်းတို့ပါဝင်ကြောင်း သိရသည်။ ထိုငါးဖမ်းသင်္ဘော အုပ်စုသည် လာမည့် ငါးရက်မှ ၁၀ ရက်အတွင်း ဒေသတွင်း၌ ငါးဖမ်းနေမည်ဟု သိရသည်။
စပရက်လီကျွန်းစုရှိ ပင်လယ်ရေတိမ် ၌ လေးရက်ကြာ သောင်တင်သွားသည့် တရုတ်ရေတပ်သင်္ဘောငယ် တစ်စင်း အား ဇူလိုင်လ ၁၅ ရက်က ကယ်ထုတ် ခဲ့ပြီးနောက် ဤငါးဖမ်းသင်္ဘောအုပ်စု ရောက်ရှိလာခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်ကို အချုပ် အခြာ အာဏာ အခွင့်အရေးများအရ ပိုင်ဆိုင်ကြောင်း တရုတ်အစိုးရက ပြောထားသည်။ ဤ တောင်တရုတ် ပင်လယ်အောက်၌ ကြီးမား သည့် ရေနံ နှင့် ဓာတ်ငွေ့သိုက်များရှိသည်ဟု ယူဆ ထားကြသည်။
တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ကလည်း တောင်တရုတ်ပင်လယ် အစိတ်အပိုင်းအချို့အား ပိုင်ဆိုင် ကြောင်း ပြောကြသည်။ ဤဒေသတွင် စပရက်လီကျွန်းစု သည် အကြီးဆုံးကျွန်းစုဖြစ်သည်။ ပိုင်ဆိုင်မှုကို ပြိုင်ဘက်နိုင်ငံများ ရှိသည့် အတွက် စစ်ရေးအရ ပေါက်ကွဲလု အခြေအနေကြောင့် လွန်ခဲ့သည့်နှစ်မှ စပြီး တင်းမာမှုများ ပိုလာခဲ့သည်။
ထိုဒေသတစ်ဝိုက်တွင် တရုတ်နိုင်ငံ အစိုးရသည် ငါးဖမ်းသမားများကို အနှောင့်အယှက်ပေးသည့်အပြင် သံတမန်နည်းများသုံးပြီး အနိုင်ကျင့် ကြောင်း ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့က မကျေမနပ် ကန့်ကွက် ပြောဆိုကြသည်။ နောက်အကျဆုံးဥပမာကို ပြရလျှင် တောင်တရုတ်ပင်လယ် ကိစ္စကြောင့် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယား နိုင်ငံ၌ ပြီးဆုံးခဲ့သည့် နှစ်စဉ် အရှေ့ တောင်အာရှ ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ က ပြောသည်။
ယခင်က တောင်တရုတ်ပင်လယ် တွင်းရှိ စကားဘာရိုးစည်းတိမ်ကိစ္စတွင် တရုတ်နှင့် လိပ်ခဲတည်းလည်း အခြေ အနေနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်၌ အာဆီယံအဖွဲ့ဝင်များအား ဖိလစ်ပိုင် အစိုးရက ရည်ညွှန်းစေလိုသော်လည်း ညီလာခံ၏ အိမ်ရှင်နိုင်ငံနှင့် တရုတ်နိုင်ငံ ၏မဟာမိတ်ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံက ပိတ်ပင်ခဲ့သည်။
No comments:
Post a Comment