Tuesday, December 4, 2012

KIA တပ်သားများကို ဝှက်ထားသည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေး


KIA တပ်သားများကို ဝှက်ထားသည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေး 

စစ်ဘေးသင့် ရွာသူရွာသားများ နားခိုရာ တဲအိမ် (Photo:BBC)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၄ ရက်နေ့ ဒီဇင်ဘာ ၂၀၁၂ —-  သျှမ်းပြည်မြောက်ပိုင်း ကြူကုတ်-ပန်ဆိုင်းမြို့နယ်အတွင်း KIA တပ်နှင့် အစိုးရစစ်တပ်တို့ကြား တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိရာ ရွာသားများအား ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများရှိနေကြောင်း သိရှိရပါသည်။

“KIA နဲ့ ဗမာတပ် တိုက်ပွဲဖြစ်ပြီးရင် KIA စစ်သားတွေကို ရွာသားတွေက ဝှက်ထားတယ်။ သေနတ်တွေ လည်း ဝှက်ထားပေးတယ်။ အမြန်ရှာပေး။ မဟုတ်ရင် ရွာတွေကို မီးရှို့ပစ်မယ်လို့ ရွာသားတွေကို ခြိမ်း ခြောက်တယ်။ ဖမ်းဆီးရိုက်နှက် စစ်ဆေးတယ်။ ဒါကြောင့် ရွာသားတွေက ကြောက်နေကြတယ်” ဟု ပန်ဆိုင်းမြို့ခံသူတစ်ဦးက ပြောပါသည်။
နိုဝင်ဘာ ၂၈ ရက် ကြူကုတ်-ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာအနီး KIA တပ်ရင်း ၃၆ နှင့် အစိုးရ တပ် ခလရ ၂၄၀ တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ပြေးဒုက္ခသည်များ၏ စခန်းရှိ နားခိုတဲ ၁၀ လုံးကို ခလရ ၂၄၀ မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွာသားများအားလည်း ဖမ်းဆီးကာ ဖိုင်ကောင်းဘုရားကျောင်း ဝင်းအတွင်း ရိုက်နှက် စစ်ဆေးကြောင်း ၄င်းက ဆက်ပြောပါသည်။
“အမျိုးသမီးတွေကို အရင်ပြန်လွှတ်ပေးတယ်။ ပြီးမှ အမျိုးသားတွေကို လွှတ်ပေးတယ်။ ဖိုင်ကောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇင်ထုန်း ဆိုင်းအောင်၊ ခလန်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတချို့ကို လမ်းပြအဖြစ် ခေါ်သွားတယ်။ အခုတော့ ပြန်လွတ်လာပြီ။”
တိုက်ပွဲဖြစ်ပွားပါက ရွာသူရွာသားများ ဖိုင်ကောင်းကျေးရွာရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက် ခိုအောင်းကြကြောင်း၊ အဆိုပါစခန်းတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများ အမြဲတမ်း ပုန်းခိုနေထိုင် ကြကြောင်း၊ လူငယ်လူရွယ်နှင့် လူလတ်ပိုင်းများက တိုက်ပွဲဖြစ်ပွားမှသာ သွားရောက်ခိုအောင်းကြ ကြောင်း သိရှိရပါသည်။
မွေခေါဝ်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။