ဒီမိုကရေစီ အသွင်ပြောင်းကာလ နောက်ပြန် ခြေလှမ်းလော
(The Voice 8-48 Editorial)
by The Voice Weekly on Saturday, December 1, 2012 at 1:58am ·
မကြာသေးခင်ကမှ တက်လာသော သတင်းများအရ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ကာ ဆန္ဒပြ နေကြသည့် ရဟန်းသံဃာ များနှင့် ဒေသခံ ပြည်သူလူထု ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူ များက ယနေ့နံနက် လင်းအားကြီး ၃ နာရီခန့်တွင် အင်အားသုံး ဝင်ရောက်ဖြိုခွင်း လိုက်ကြောင်း သိရပါသည်။
ထိုသို့ ဖြိုခွင်းရာတွင် အင်အားပြင်း ရေပိုက်ဖြင့် ထိုးပက်ပြီးနောက် မီးခိုးဗုံး၊ မျက်ရည်ယို ဗုံးများ ထပ်ဆင့် အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သော ဖော့စဖိတ် ကြောင့် ပေါက်ကွဲမီးလောင်မှု ဖြစ်ပြီး တဲစခန်းများ မီးလောင်ခြင်း၊ ဆန္ဒပြ သံဃာတော် များနှင့် ဒေသခံများ မီးလောင်စုတ်ပြဲဒဏ်ရာများ ရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း လည်း ဒေသခံ သတင်းထောက်များ ပေးပို့သော မှတ်တမ်းဓာတ်ပုံ များနှင့် ဆရာဝန် အချို့၏ မှတ်ချက်ပြု ပြောကြားချက်များ အရ သိရ ပါသည်။
ဆန္ဒပြ၊ သပိတ်မှောက်ခြင်း နည်းလမ်းဖြင့် အရာရာ ဖြေရှင်း၍မရဘဲ တစ်ခါတစ်ရံ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး အဖုအထစ် မဖြစ်သွားစေရန် ယခင်အစိုးရ လက်ထက်က ချုပ်ဆို ထားသော စာချုပ်စာတမ်း များကို တစ်ခါတရံ လူကြီးလူကောင်း ဆန်စွာ လက်ခံ ရတတ်ပါသည်။ နောက်တစ်ချက် သိရှိနားလည် ထားရမည့် အချက်မှာ တပ်မတော်မှ အရပ်ဘက်သို့ ကူးပြောင်း ထားသူများ၊ ယခင်အစိုးရ အဖွဲ့တွင်လည်း ပါဝင်ခဲ့သူ များနှင့် ဖွဲ့စည်းထားသည့် လက်ရှိ အရပ်သား အစိုးရသည် ယခင် တပ်မတော် အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများ အားလုံးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အမွေဆက်ခံရသည် ဆိုသောအချက် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်အစိုးရ တာဝန်ရှိသူ တစ်ဖြစ်လဲ လက်ရှိ အစိုးရအဖွဲ့ အတွင်းရှိသူများ ပါဝင် လက်မှတ်ထိုးခွင့် ပြုထားသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လက်ရှိ အစိုးရဘက်မှ မဖြစ်မနေ စာချုပ်စည်းမျဉ်း စည်းကမ်းများ အတိုင်း တရုတ်ကုမ္ပဏီကို ဆက်လက် လိုက်လျောရမည် ဆိုသည့် အချက်မှာလည်း နားလည် လက်ခံ၍ရပါသည်။
အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်း ၅၀ခန့် အချုပ်အချယ်၊ အကန့်အသတ် များစွာဖြင့် ဖြတ်သန်း လာခဲ့ရသော မြန်မာ ပြည်သူလူထုသည် ဒီမိုကရေစီ အသွင်ပြောင်း ကာလတွင် ယခင် မရခဲ့ဖူးသည့် မိမိတို့ သဘောဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်၊ ကန့်ကွက်၊ ဆန္ဒပြခွင့် ရရှိလာကြပါသည်။ ထို့ကြောင့် ရာစုနှစ် တစ်ခုခန့် အောင့်အည်း မျိုသိပ်လာသော ခံစားချက်များကို ဖွင့်အံသည့် အနေနှင့် သော်လည်းကောင်း၊ ဒီမိုကရေစီ အခြေခံ ရပိုင်ခွင့်များကို လက်တွေ့ ကျင့်သုံးသည့် အနေနှင့် သော်လည်းကောင်း အရပ်သား အစိုးရသစ် လက်ထက်အတွင်း ဆန္ဒပြမှုပေါင်း များစွာဖြင့် စိတ်ထွက်ပေါက် ပေးခဲ့ကြပါသည်။ ထို့ကြောင့် ဒီမိုကရေစီ နည်းကျ မည်သို့သော ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုမျိုး မဆို ဒီမိုကရေစီ၏ အခြေခံ အလှတရား အဖြစ် ဆန္ဒပြသော ကိစ္စရပ်နှင့် ဆန္ဒပြခြင်း အပေါ် သဘောတူခြင်း၊ မတူခြင်း မည်သို့ပင်ရှိစေ အသိအမှတ် ပြုရမည် ဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီ စနစ်၏ အခြေခံ စရိုက်လက္ခဏာ များဖြစ်သည့် ဆန္ဒပြမှု များကိုမူ ဒီမိုကရေစီနည်း ကျကျ ရင်ဆိုင် ဖြေရှင်းရန် အထူး အရေးကြီးလှပါသည်။
လက်ပံတောင်းတောင် စီမံကိန်းအား ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြသူများ အပေါ် ယနေ့နံနက် လင်းအားကြီး အချိန်မတော် ကာလတွင် ရဲတပ်ဖွဲ့ ဝင်များက ရုတ်တရက် ဝင်ရောက် စီးနင်းကာ ပြင်းအားပြင်း ရေပိုက်ဖြင့်ထိုးခြင်း၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံး တို့ဖြင့် တိုက်ခိုက်ဖြိုခွင်း ခဲ့ခြင်းသည် နိုင်ငံတကာက သတ်မှတ်ထားသော အဓိကရုဏ်း နှိမ်နင်းသည့် စည်းကမ်း ဥပဒေများကို လက်တစ်လုံးခြား ချိုးဖောက်ခြင်းဟု ဆိုနိုင်ပါသည်။
ကြိုတင် သတိပေးချက် ထုတ်ပြန် ထားသော်လည်း ပြင်းပြင်းထန်ထန် ပြန်လည် ခုခံသူများ ရှိမှသာ အသုံးပြုရမည့် နည်းလမ်းများဖြင့် အကြမ်းနည်းသုံး ဖြိုခွင်းခဲ့ခြင်း ကမူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို ငြိမ်းချမ်းစွာ ဆောင်ရွက် နေသည်ဟု ကြွေးကြော်ထားသည့် နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရအဖွဲ့ တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး လုပ်ငန်း စဉ်များကို အသိအမှတ်ပြု အားပေး ထောက်ခံခဲ့ကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်း ကိုလည်း မထေမဲ့မြင် ပြုသကဲ့သို့ ဖြစ်သွား စေနိုင်ပါသည်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၊ အနှိမ်ခံဘဝမှ ရုန်းထွက်စ ဝမ်းသာကြည်နူး နေကြသော မြန်မာပြည်သူ လူထု တစ်ရပ်လုံး၏ မျှော်လင့်ချက် ကိုလည်း ဝေဝါး သွားစေနိုင်ပါသည်။ အာဏာရှိသူများကို အကျိုးအမြတ် ပေး၍ ရင်းနှီး မြှုပ်နှံ အလုပ်လုပ်တတ်သော တရုတ် ကုမ္ပဏီများ၏ ထုံးစံအတိုင်း ဤသို့ အကြမ်းနည်းဖြင့် ဖြိုခွင်း လောက်သည်အထိ နောက်ကွယ် တွင် အာဏာပိုင်များ၏ ကိုယ်ပိုင် အကျိုးအမြတ် မည်မျှ ပါဝင်နေသနည်းဟု စောကြော မေးခွန်းထုတ်စရာ ဖြစ်သွားစေနိုင်ပါသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူမှု များတွင်ပင် သွေးအေးအေးဖြင့် စိတ်ရှည်လက်ရှည် ရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ တွင်မှ အဘယ်ကြောင့် အကြမ်းနည်းဖြင့် ဖြိုခွင်းရပါ သနည်းဆိုသော မေးခွန်းကမူ အသံအကျယ်ဆုံး မေးခွန်း ဖြစ်လာ နိုင်ပါသည်။
စနစ်ပြောင်း၊ လူမပြောင်း ဒီမိုကရေစီ အသွင်ပြောင်း ကာလတွင် ခေတ်နောက်ပြန် ဆွဲလိုသူများ၏ အခုအခံများ ကြီးစွာ ရှိနေသေးသည့် မြန်မာနိုင်ငံတွင် မည်သည့်အရေး ကိစ္စမဆို ပြည်သူလူထု နှင့် ပြုပြင်ပြောင်းလဲမှု လိုလားသော အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတို့ အကြား အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ကြံစည် လုပ်ကိုင်ခြင်းမျိုး ရှိနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ကျိုး စီးပွားသည်သာ အဓိက သဘောထားရှိသူ အဆိုပါ ခေတ်နောက်ပြန် ဆွဲလိုသူများသည် လက်ရှိ အပြောင်းအလဲ များကြောင့် ၄င်းတို့၏ အကျိုးစီးပွားများ၊ ၄င်းတို့၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းများ၊ ၄င်းတို့ အကျိုးအမြတ် ခံစားနေသည့် နယ်ပယ်များ၊ ၄င်းတို့ တန်ခိုးထွား သြဇာထက် ခဲ့သည့် လုပ်ပိုင်ခွင့် အာဏာများ တစ်နည်းအားဖြင့် ၄င်းတို့၏ တရားဝင် ဖြစ်တည်မှုတို့ ယုတ်လျော့ သွားမည်ကို ၄င်းတို့ အသက်တမျှ အရေးကြီးသည်ဟု ခံယူ ထားတတ်ကြပါသည်။ ထို့ကြောင့် ဤသို့သော ဆန္ဒပြသူများ ဘက်မှ အကြမ်းဖက်မှု လုံးဝမရှိသည့် အခြေအနေတွင် ဤမျှ အကြမ်းနည်းဖြင့် ဖြိုခွင်းခြင်းမှာ နောက်ပြန် ဆွဲလိုသူများက အာဏာကို လိုသည်ထက် ပိုသုံးခြင်းဖြင့် အခြေအနေ ပိုဆိုးသွားစေရန် ကြံစည် ခြင်းပေလောဟု မေးခွန်းထုတ်စရာ ရှိပါသည်။
မည်သို့ပင် ဖြစ်စေ The Voice Weekly အနေနှင့်မူ ဆန္ဒပြ ကန့်ကွက်သည့် အကြောင်းအရာကို သဘောတူခြင်း၊ မတူခြင်းထက် ဒီမိုကရေစီ နည်းကျ ဆန္ဒပြ ကန့်ကွက်ခြင်း အပေါ် မည်ကဲ့သို့သော အကြမ်းနည်းသုံး ဖြေရှင်းနည်း ကိုမျှ သဘောမတူ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ပြီး ဒီမိုကရေစီ နည်းကျ ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေးကိုသာ အားပေး ထောက်ခံ ပါကြောင်းနှင့် ဖြစ်ပေါ်ခဲ့သော အခြေအနေ အရပ်ရပ်အတွက် ဤသို့ အကြမ်းနည်းသုံး ဖြိုခွင်းခဲ့သည့် တာဝန်ရှိသူ များက မြန်မာ ပြည်သူလူထုကို အမြန်ဆုံး ထုတ်ပြန်ရှင်းလင်းရန် လိုအပ်ပါကြောင်း အထူး တိုက်တွန်းလိုက် ရပေသည်။
အယ်ဒီတာ (၂၉-၁၁-၂ဝ၁၂)
No comments:
Post a Comment