ဒဏ်ရာပြင်းသံဃာများ ကျန်းမာရေး မိမွေးတိုင်း ပြန်ဖြစ် မဖြစ် မပြောနိုင်သေး
Popular News Journal, 5 December 2012 — လက်ပံတောင်းတောင်အရေးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် သံဃာတော်များ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိတော့သော်လည်း မိမွေးတိုင်း ပြန်ဖြစ် မဖြစ်ကိုမူ လောလောဆယ် မပြောနိုင်သေးကြောင်း လာရောက်ပြုစုစောင့်ရှောက်ပေးနေသော
ဆရာတော် ဦးရာဇ က မိန့်သည်။
”အကောင်း ပကတိအတိုင်း ပြန် ဖြစ် မဖြစ်ကိုတော့ ဆရာဝန်တွေ က လောလောဆယ် မပြောသေးပါဘူး” ဟု ဆရာတော် ဦးရာဇက မိန့်သည်။
မန္တလေးပြည်သူ့ဆေးရုံ၌ လက်ပံ တောင်းတောင်အရေးမှဒဏ်ရာရ သံဃာ ၉၆ ပါးနှင့် လူကိုးဦး တက်ရောက် ကုသလျက်ရှိပြီး ဒဏ်ရာပြင်းသော သံဃာရှစ်ပါးနှင့် လူလေးဦးရှိကြောင်း ဦးရာဇထံမှ သိရသည်။ ”မျက်စိကိုထိတဲ့ သံဃာသုံးပါးရှိတယ်။ ခေါင်းတစ်ခုလုံး ဒဏ်ရာရတဲ့ ကိုယ်တော်တွေလည်း ရှိတယ်။ ခါး အောက်ပိုင်းတစ်ခုလုံး ဒဏ်ရာရတာ တွေလည်း ရှိတယ်။ ဒါက ဒဏ်ရာပြင်း တာတွေပေါ့” ဟု ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဆေးရုံရောက်သံဃာများအား နေ့ဆွမ်း ပုံမှန်ဆက်ကပ်နေသော The Action Times Foundation မှ ကိုထင်အောင်က ပြောသည်။
မျက်လုံးဒဏ်ရာ ရထားသည့် ကိုယ်တော် သုံးပါး၏ အခြေအနေ မှာ လောလောဆယ်ပုံမှန်ပါပဲဟု ဆရာတော် ဦးရာဇက မိန့်သည်။
မျက်လုံးဒဏ်ရာရ ဦးဇင်းတစ်ပါး က ”မျက်လုံးက နည်းနည်းမြင်ရ တယ်။ ကောင်းမယ်လို့လည်း ပြောတယ်။ မျက် ကြည်လွှာကို မထိခိုက်ဘူး။ အပေါ်ယံ ကြောပဲ ထိခိုက်တာလို့ ပြောတယ်” ဟု မိန့်သည်။
ဒဏ်ရာ သက်သာလာသော် လည်း မိမွေးတိုင်း မဖြစ်နိုင်တော့ ဟု ထင်ကြောင်း အထက်ပါ ဦးဇင်း က ဆက်လက်မိန့်သည်။ အင်တာနက်ပေါ် တွင် ပျံ့နှံ့ လျက်ရှိသော ဒဏ်ရာရ ကိုယ်တော် အချို့၏ အသားများ ပဲ့ကျသည်ဆို သည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဦးရာဇက ဆက်လက်မိန့်သည်။
မန္တလေးဆေးရုံသို့ ရောက်ရှိ လာပြီးမှ များစွာသက်သာလာ သည်ဟု ဒဏ်ရာရ ကိုယ်တော်များ က မိန့်ကြောင်း ကိုထင်အောင်က ပြောသည်။
ဒဏ်ရာရရှိသော ရဟန်းရှင် လူများအား မုံရွာဆေးရုံမှ မန္တလေး ဆေးရုံကြီး သို့ ဒီဇင်ဘာ ၂ ရက်နေ့ တွင် အပြီးပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။
The Action Times Foundation အနေဖြင့် သံဃာတော်များ ဆေးရုံမှ မဆင်းမချင်း နေ့ဆွမ်းဆက် ကပ်သွားမည်ဟု သိရသည်။
လက်ပံတောင်းတောင် ဒဏ် ရာရ သံဃာတော် စောင့်ရှောက် ရေးအဖွဲ့ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မုံရွာဆေးရုံ၌ ဖွဲ့စည်းခဲ့ပြီး လှူဒါန်း လိုသူများအနေနှင့် ဖော်ပြပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်းလမင်း

No comments:
Post a Comment