ရခိုင် ပဋိပက္ခမှာ လုံခြုံရေးတွေ ပါဝင်ပတ်သက်နေတယ်လို့ HRW စွပ်စွဲ
ရိုဟင်ဂျာရွာတွေအတိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ ဂြိုဟ်တုသတင်းဓါတ်ပုံတွေက ဖေါ်ပြနေတယ်လို့ HRW ပြော
အဲဒီပုံတွေဟာ မြေပုံ၊ ပေါက်တောနဲ့ မြောက်ဦးမြို့တွေ နားက ရွာတွေရဲ့ ပုံတွေဖြစ်ပြီး အောက်တိုဘာလ ၂၃ရက်နဲ့ ၂၄ရက်နေ့က ဖြစ်တဲ့ ပုံတွေလို့ ဆိုပါတယ်။
မြန်မာအစိုးရအနေနဲ့ ရခိုင်ဒေသ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် ဖြေရှင်းဆောင်ရွက်မှုမျိုး မရှိဘူးလို့ အဲဒီကြေညာချက်ထဲမှာ ဝေဖန် ထားပါတယ်။
အမေရိကန် အစိုးရထံက နောက်ထပ် စီးပွားရေး ပိတ်ဆို့ အရေးယူတာမျိုး မခံချင်ရင် ရခိုင်ဒေသမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားအောင် မြန်မာအစိုးရ ဘက်က ဖြေရှင်း ဆောင်ရွက်ဖို့လိုတယ်လို့ သမ္မတအိုဘားမားအနေနဲ့ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ပြတ်ပြတ်သားသား ဖိအားပေး ပြောသင့်ကြောင်းကိုလည်း အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
ရခိုင် ပဋိပက္ခနဲ့ ပတ်သက်လို့ မကြာသေးခင် ရက်ပိုင်းက မြန်မာအစိုးရက ကုလသမဂ္ဂကို စာရေး ရှင်းပြတာမျိုး၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးတွေ ရှိနေပေမယ့် ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုးကို အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ် မတိုင်ခင်လေးမှ ကပ်လုပ်တာမျိုး တွေ့ရကြောင်း၊ သမ္မတ အိုဘားမား ပြန်သွားရင် ဒီကိစ္စကို ရှေ့ဆက် လုပ်မလား ဆိုတာ အရင်အတွေ့အကြုံတွေအရ မေးစရာ ရှိကြောင်း Human Rights Watch အဖွဲ့ အာရှဒေသ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ဘီဘီစီနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။
ရခိုင်ဒေသ ပဋိပက္ခတွေကို မြန်မာအစိုးရအနေနဲ့ နိုင်နိုင်နင်းနင်း မတားဆီးနိုင်ခဲ့သလို ပဋိပက္ခတွေမှာ ဒေသခံ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ လုံခြုံရေး အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ဒေသခံ တွေကို တွေ့ဆုံမေးမြန်းမှုတွေ၊ စုံစမ်းမှုတွေ အရ သိရတယ်လို့လည်း ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို မသွားခင် တရက်အလိုမှာ အခုလို ကြေညာချက် ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား ဆွေးနွေးတဲ့အခါ ဒီပြဿနာကိုဘယ်လိုပြေလည်အောင်လုပ်မလဲ၊ အဓိက ပြဿနာ အရင်းခံက ဘာလဲ ဆိုတာတွေကို အသေအချာ ဆွေးနွေး ဖေါ်ထုတ်နိုင်ဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ မလုပ်နိုင်အောင် ရည်ရွယ် ထုတ်ပြန်တာလို့ Phil Robertson က ဘီဘီစီကို ပြောပါတယ်။
No comments:
Post a Comment