အိုဘားမား မြန်မာ ခရီးစဉ်
မဇ္စျိမသတင်းဌာန. ၁၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —-
မြန်မာပြည်ခရီးစဉ်အပေါ် အိုဘားမားကာကွယ်ပြောကြား
အချိန်မကျသေးဘဲ မြန်မာပြည် သွားရောက်လည်ပတ်တာလို့ ဝေဖန်နေတာတွေအပေါ် အိုဘားမားက သူ့ခရီးစဉ်ဟာ ဘိသိက်သွန်းတာ မဟုတ်တဲ့အကြောင်း ခုခံပြောဆိုလိုက်ပါတယ်။
“မြန်မာဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိနေပြီလို့ ဘယ်သူမှ ထင်ယောင်ထင်မှား ဖြစ်မယ်မထင်ပါဘူး” ဟု အိုဘားမား က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
“တဖက်မှာလည်း ပြည့်စုံတဲ့ ဒီမိုကရေစီရတဲ့အထိအောင် ကျွန်တော်တို့စောင့်ပြီးမှ ထိတွေ့ဆက်ဆံရမယ် ဆိုရင် အကြာကြီးကိုပဲ စောင့်ရလိမ့်မယ်လို့ ကျွန်တော်တော့ သင်္ကာမကင်း ဖြစ်မိတယ်”
“ဒီခရီးစဉ်ရဲ့ ရည်မှန်းချက်တစ်ခုမှာ တိုးတက်မှုတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပေမယ့် အနာဂတ်မှာ ဒီထက်အများကြီး ပိုတိုးတက်အောင် လုပ်သင့်တဲ့ဟာတွေကိုလည်း ပြောဖို့ဖြစ်တယ်” ဟု သူက ပြောသည်။
( Reference: အေဘီစီ)
နိုဘယ်လ်ဆုရှင် အမျိုးသမီးများ အိတ်ဖွင့်ပေးစာ
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီးငါးဦးက သမ္မတအိုဘားမားနှင့်
သမ္မတ ဦးသိန်းစိန်တို့ကို အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသားပေးပို့ရာတွင်
ရခိုင်ပြည်နယ်အတွင်း စနစ်တကျအကြမ်းဖက်လုပ်ဆောင်မှုများ အဆုံးသတ်ရေး
လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။“လူ ၁၇ဝ သေဆုံးပြီး လူပေါင်း ၁၁၀၀၀၀ အထိအောင် သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်ဆိုတဲ့ သတင်း
တွေသိရတဲ့အတွက် ကျွန်မတို့ နက်နက်ရှိုင်းရှိုင်းကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လူသားချင်း ဆိုင်ရာ အထောက် အကူပေးတာတွေအပေါ် ကန့်သတ်တာတွေ နဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အကြမ်းဖက်မှုတွေကြောင့် အသက်မသေကျန်ရစ်သူတွေကို အရမ်းလိုအပ်နေတဲ့ ကျန်းမာရေး၊ အစားအသောက် နဲ့ နေစရာတွေ မရအောင် တားမြစ်တာတွေ အဆုံးသတ်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းပါတယ်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
အိုဘားမား အဖိုးလည်း မြန်မာပြည် ရောက်ဖူး
အမေရိကန် သမ္မတ၏ ကင်ညာလူမျိုးအဖိုး ဟူစိန် အွန်ယန်ဂို အိုဘားမား (Hussein Onyango Obama) က ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက မြန်မာနိုင်ငံသို့ အင်္ဂလိပ် စစ်တပ်၏ ဗိုလ်ကြီးတဦးအတွက် ထမင်းချက်အဖြစ် ရောက်ရှိ လာခဲ့ဖူးသည်။ သို့သော် အိုဘားမားသည် အဖိုးဖြစ်သူကို မမြင်ဖူးလိုက်ပါ။
အိုယန်ဂို အိုဘားမား (Onyango Obama) က ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရသည်။ လူအို မျိုးနွယ်စု (Luo tribe) ဝင် တဦးဖြစ်ပြီး၊ ကင်ညာနိုင်ငံရှိ ကိုလိုနီ အရာရှိများထံတွင် အစေခံအဖြစ် နှစ်များစွာ အလုပ်လုပ်ကိုင် ခဲ့သည်။ သူ၏ သား ပထမ ဘားရက် ဟူစိန် အိုဘားမားက နောက်ပိုင်းတွင် သမ္မတဖြစ်လာမည့် အိုဘားမား၏ ဖခင်ဖြစ်သည်။ စစ်အတွင်းက မြန်မာနိုင်ငံတွင် ကင်ညာလူမျိုး ၇၅,၀၀၀ ခန့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။
(ကိုးကား။ ။ နယူးယော့တိုင်းမ်)
ဦးသိန်းစိန် ရန်ကုန်ပြန်လာ
မနက်ဖြန်တွင် ရောက်ရှိလာမည့် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ထိပ်သီး အစည်းအဝေး တက်နေသော မြန်မာ သမ္မတ ဦးသိန်းစိန်သည် ယနေ့ (တနင်္ဂနွေနေ့ည)တွင် ရန်ကုန်မြို့သို့ ပြန်လာမည် ဖြစ်သည်။
သမ္မတ အိုဘားမားသည် သူ၏ ခြောက်နာရီကြာ ရန်ကုန်မြို့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ရန်ကုန်ရှိ အမေရိကန် သံရုံး ၀န်ထမ်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။
ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် သမ္မတ အိုဘားမားက နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များကို ဟောပြောမည် ဖြစ်သည်။
နေ့လည်စာကို အမေရိကန် သံရုံးတွင်ပင် စားသုံးမည် ဖြစ်သည်။
အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
သမ္မတ ဘားရက်အိုဘားမား လာရောက်မည့် ခရီးစဉ် အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည်။
လွှတ်ပေးရမည့် သူများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် စိစစ်ခဲ့ခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။
ယခု လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသားများ ပါရှိလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ရန်ကုန်လေဆိပ် လေယာဉ် ခရီးစဉ်များ ရွှေ့ဆိုင်း
သမ္မတ အိုဘားမားခရီးစဉ်ကြောင့် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ် ခရီးစဉ်များ
ခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။
တနင်္လာနေ့ နံနက် ၉ နာရီမှ ၁၀ နာရီအတွင်းနှင့် ညနေ ၃ နာရီမှ ၄ နာရီအတွင်း ပုံမှန် လေယာဉ် ခရီးစဉ်များကို
နောက်သို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။
နံနက်ပိုင်း အချိန်တိုက်နေသော လေယာဉ်များကို နံနက် ၁၀ နာရီ နောက်ပိုင်းနှင့် ညနေပိုင်း လေယာဉ်များကို ညနေ ၄ နာရီနောက်ပိုင်း ပြောင်းရွှေ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဟောပြောမည့် အမေရိကန်သမ္မတ အိုဘားမား၏ ပွဲသို့ ဖိတ်ကြားသူများအတွက် ဖိတ်ကြားစာ
အိုဘားမားကို ကြိုဆိုဂုဏ်ပြုသောအာားဖြင့် Art Entertainment မှ လူငယ်တစ်စုက ဂရပ်ဖတီတစ်ခုကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ SSS ကားအရောင်းစင်တာအနီး အုတ်နံရံပေါ်တွင် ရေးဆွဲနေစဉ်။ ထိုအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့က အိုဘားမားပုံတူ ဂရပ်ဖတီကို ကန်တော်ကြီးတာဝါတွင် ရေးဆွဲရာ နာရီအနည်းငယ်အကြာတွင်ပင် အမည်မသိလူတစ်ချို့၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။
ရက်အတန်ကြာက ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သမိုင်းတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် အမေရိကန် လုံခြုံရေး အဖွဲ့များက ပစ္စည်းများ သယ်ယူလာသော လေယာဉ် ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ S Nay Win Tun။ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ခြောက်နာရီကြာ လာရောက် လည်ပတ်မှာဖြစ်ရာ မြန်မာ့သမိုင်းတွင် အမေရိကန် သမ္မတ၏ ပထမဆုံး ခရီးစဉ်ဖြစ်လာပါမည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment