Wednesday, October 3, 2012

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခ၀ါချမှုစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမည်




Wednesday, October 3, 2012

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခ၀ါချမှုစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

By People Development For Knowledge
ကမ္ဘာ့အဂတိလိုက်စားမှု အရှိဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်အပတ်ကလည်း နေပြည်တော်တွင် ကုလသမဂ္ဂအဂတိလိုက်စားမှုဆိုင်ရာတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံက ပါဝင် အတည်ပြုလက်မှတ်ရေးထိုးရန် အကြိုညှိနှိုင်းအစည်းအဝေးကို UNODC, UNDP နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတ ဥပဒေအကြံပေးအဖွဲ့၊ ပြည်သူ့လွှတ်တော်ဥပဒေအကြံပေးကော်မတီတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ မှ ရေးဆွဲလျက်ရှိပြီး၊ နောက်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှပြောကြားသွားသည်။ "ပြီးခဲ့တဲ့အပတ်က နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်တယ်၊ UNODC နဲ့ UNDP တို့လည်းပါတယ်။ သူတို့က နည်းပညာအကူအညီပေးရေးအတွက် ပါဝင်လာတာပါ။ ဒီရက်ပိုင်းအတွင်းမှာ မလေးရှားမှာလုပ်မဲ့ UNCAC နှစ်ပတ်လည်အစည်းအဝေးမှာ ထူးခြားမယ်ထင်တယ်။ ရှေ့နေချုပ်ရုံး၊ စသုံးလုံးနဲ့၊ လွှတ်တော်အကြံပေးအဖွဲ့တွေသွားတက်မယ်။ အမျိုးသားလွှတ်တော်ကလည်း အဂတိတိုက်ဖျက်ရေးကော်မရှင်ဥပဒေကို အကြမ်းရေးဆွဲပြီးပြီ ပြီးခဲ့တဲ့၂ လလောက်တုန်းက သတင်းစာကနေ ပြည်သူတွေရဲ့အကြံဥာဏ်တောင်းခံပြီးပြီ။ ဒါပေမယ့် ဥပဒေကြမ်းက မပြည့်စုံသေးလို့ ပြန်ပြီးပြင်ဆင်နေတယ်၊ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ အညီဖြစ်အောင်လို့လည်း ကြိုးစားဆောင်ရွက်နေတယ်။ လွှတ်တော် နောက်Section ကျရင်မှီလောက်ပါတယ်။" ဟုပြောကြားသွားသည်။ ၄င်းကိုယ်စားလှယ်ကပင် "ကော်မရှင်ဖွဲ့ရုံနဲ့တော့ မလုံလောက်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ Action တွေလုပ်ရမှာပဲ။ ကော်မရှင်ကိုယ်တိုင် လွတ်လပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရမယ်။ ပြီးတော့ အမှီအခိုကင်းရမယ်။ ၀န်ကြီးဌာနအောက် ဦးစီးဌာနအဆင့်လောက်နဲ့တော့ မထိရောက်နိုင်ဘူး။ တာဝန်ခံတွေက တစ်ဆင့် ၀န်ကြီးအဆင့်စီတင် ၀န်ကြီးပြီးမှ သမ္မတတို့ လွှတ်တော်တို့ဆီရောက်မှာဆိုတော့ အဆင့်တွေခြားနေပြီ။ အဆင့်တွေများလာရင် ထုံးစံအတိုင်းပဲပြန်ဖြစ်နေဦးမှာပဲ။ အဲဒီကော်မရှင်က အစီရင်ခံစာတွေကို သမ္မတ သို့ ပြည်ထောင်စုလွှတ်တော်ကို တိုက်ရိုက်အစီရင်ခံနိုင်ရမယ်။ ပြည်သူတွေသိအောင်လည်း ကြေငြာပေးနိုင်ရမယ်။ Public Report ပေါ့။ ပွင့်လင်းမြင်သာမှုရှိရမယ်။ ကော်မရှင်ကိုယ်တိုင် အဂတိကင်းရမယ်။ တာဝန်ခံနိုင်ရမယ်။ ဒါမှအလုပ်ဖြစ်မှာ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း ၀န်ထမ်းတွေလာဘ်စားတာတွေကို တားဆီးနိုင်ရုံတင်မဟုတ်ပဲ ၀န်ထမ်းတွေရဲ့လူနေမှုဘ၀ အာမခံချက်ရရှိနိုင်အောင် အကြံဥာဏ်တွေပေးနိုင်ရမယ်။ အပြစ်ပဲပေးလို့မရဘူးလေ။ ၀န်ထမ်းတွေရဲ့ ၈၀% လောက်က မ၀လို့ အဂတိဖြစ်တာ။ သူတို့အတွက် အဆင်ပြေနိုင်မယ့် လူမှုဖူလုံရေးနဲ့ မိသားစု ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေလုပ်ပေးနိုင်မှရမှာ။ လစာတိုးပေးတိုင်းလည်း ၀န်ထမ်းထမင်းဝတာမှမဟုတ်တာ။ ပြီးရင် စီးပွားရေးသမားတွေရဲ့ အဂတိလိုက်စားမှုတွေကိုပါ ဖေါ်ထုတ်နိုင်ရမယ်။ ဒါမှ Fair Play ဖြစ်မှာ။ အပြစ်ကြီးပဲပေးလို့တော့ အဂတိမပျောက်နိုင်ဘူး ၀န်ထမ်းပဲပျောက်သွားမှာ။"ဟုပြောကြားသွားသည်။ ငွေကြေးခ၀ါချမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ အကြောင်းမေးမြန်းရာ " FIU ပေါ့ အဲဒီအဖွဲ့လည်းအတူတူပဲ၊ ဒါပေမယ့် FIU ကဖွဲ့ပြီးသားရှိတယ်၊ ရဲတပ်ဖွဲ့အောက်မှာပေါ့၊ လွတ်လပ်မှုမရှိသေးဘူး၊ သီးခြားရပ်တည်မှုမရှိသေးဘူး၊ ဖွဲ့စည်းပုံကို ပြန်ပြင်ရမယ်။ Action လည်းနည်းနေသေးတယ်။ အလုပ်သိပ်မဖြစ်ဘူး။ သူ့ကိုလည်း သီးခြားဆောင်ရွက်ခွင့်ရှိတဲ့ အဖွဲ့ဖြစ်အောင်လွှတ်တော်မှာ ဆွေးနွေးသွားမယ်။ ဒီကိစ္စတွေက တိုင်းပြည်အတွက် အရမ်းအရေးကြီးတယ်။ တိုင်းပြည်ရဲ့ Image နဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ကာကွယ်ဖို့အတွက် လိုကို လိုအပ်တယ်။ အခုနောက်ပိုင်းက စီးပွားရေးတွေလည်းပွင့်လာတော့မှာဆိုတော့ ပြည်တွင်းပြည်ပစီးပွားရေးသမားတွေရဲ့ ဥပဒေပြင်ပဆောင်ရွက်မှုလေးတွေကို ဒီအဖွဲ့အစည်းတွေက တားဆီးနိုင်မှာပါ။ ဒါမှလည်း ပြည်သူတွေအတွက် ကာကွယ်မှုတွေ ရရှိနိုင်မယ်။"ဟုပြောကြားသွားသည်။ယခုလက်ရှိမြန်မာနိုင်ငံတွင် ပြည်ထောင်စုအဆင့်မဟုတ်သော သီးခြားလွတ်လပ်သည့် ကော်မရှင်များ မရှိသေးရာ ထပ်မံဖွဲ့စည်းရန် လိုအပ်နေသေးကြောင်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ နည်းပညာနှင့် အတွေ့အကြုံများရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။