ဘင်္ဂလာတွင် ဗုဒ္ဓသမိုင်းဝင်များ မီးရှို့ဖျက်ဆီးလုယူခံရသောကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး
Arakan Times, 8 October 2012 — နစက-BGB အရာရှိအဆင့်တို့ ဘင်္ဂလာတွင် တနင်္ဂနွေနေ့က စတင်ပြီး ဗုဒ္ဓဘာသာဝင်နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ မီးရှို့ဖျက်ဆီးပြီး၊ ပစ္စည်းဥစ္စာများ လုယူခံရနေသော အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ယမနေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းအစည်းအဝေးကို နတ်ချောင်းဆရီမြို့နယ် ဒိုးဆရီဒေသ နယ်စပ်မှတ်တိုင် (၅၁)အနီးရှိ လေမူဆရီ အစိုးရစာသင်ကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နံက်(၁၁)နာရီမှ နေ့လည်(၂)နာရီအထိဖြစ်ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲသို့ ဘင်္ဂလာ BGB အမှတ် ၁၅ မှ တပ်ရင်းမှူး မာဟ်ဘူဘူရ် ရော်ဟ်မာန် ဦးဆောင်ပြီး အဖွဲ့ဝင်(၉)ဦးနှင့် နစကနယ်မြေ အမှတ်(၁)မှ နယ်မြေမှူး ဦးဆောင်ပြီး အဖွဲ့ဝင်(၁၀)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စစ်တကောင်း တောင်တန်းဒေသ နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ်(၁၅)မှ မာဟ်ဘူဘူရ်က နယ်စပ်ဒေသအတွင်းရှိ ဒေသခံများ လုံခြုံရေးကိစ္စ၊ ပန်းဝါမြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်များ၏ ဘုန်းတော်ကြီးကျောင်း၊ ဘုရားဆင်းတုတော်၊ နေအိမ်များ၊ ကျမ်းစာပေများနှင့် မီးရှို့သတ်ဖြတ် ခံရသူများ၏ အဓိကအကြောင်းရင်းများကို ဆွေးနွေးခဲ့ကြကြောင်း ဒေသခံသတင်းထောက်များသို့ ယမန်နေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
BGBမှ ဆွေးနွေးပွဲသို့ တခြားယင်းတပ်ဖွဲ့မှ တပ်မှူးအကြီးအကဲများနှင့် ဒေသဆိုင်ရာစခန်းခွဲ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြောင်းနှင့် နစကမှ နယ်မြေ(၁)မှူး၊ လ၀ကအရာရှိ၊ ရဲအရာရှိကြီးနှင့် တစ်ခြားတပ်မှူးများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နစက-BGBတို့ အနေဖြင့် နှစ်နိုင်ငံနယ်စပ်အကြား မူးယစ်ဆေးဝါးအရေး၊ မှောင်ခိုအရေး၊ ရာဇ၀တ်ကျူးလွန်သူများအရေး၊ စီးပွားရေး၊ တပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားနိုင်ရေးနှင့် တစ်ချို့ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကော့စ်ဘဇားခရိုင် အိုခီးယားမြို့နယ် မူရိတ်စာ စစ်ဆေးရေးဂိတ်မှ နယ်စပ်သို့ လျှို့ဝှက်ပို့ဆောင်မည့် ဇီဇယ်ဆီ(၉၀၀၀)လီတာအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရှိရသည်။
Written by သဇင်ဥ
No comments:
Post a Comment